[irrawaddy_gallery]
ဇူလိုင် ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းက Gallery 65 မှာ ပြုလုပ်တဲ့ “ရင်ထဲက … အမွေ၊ တိုင်းပြည်ထဲက … အမွေ၊ မျက်စိအောက်က ပျောက်ကွယ်သွားမှာစိုးတဲ့ … အမွေ ပြပွဲအစီအစဉ် ၂” (Vanishing Treasures of Myanmar II) ကို ပန်းချီ ဒီဇိုင်း မြင့်မောင်ကျော်၊ တေးရေးမြင့်မိုးအောင်၊ စာရေးဆရာ ကိုတာ နဲ့ ဂျူး၊ မြင့်ဇော်တို့က တင်ဆက်ခဲ့ ပါတယ်။
ပြပွဲခန်းထဲကို ဝင်ရောက်ကြည့်ရှုရင်း ရေမြေတောတောင် ဇီဝပဒေသာနဲ့ လူသားတို့ရဲ့ လူနေမှု ဘဝများ၊ သက်ရှိ သတ္တဝါများရဲ့ ရှင်သန်ရပ်တည် နိုင်ရေးတွေ ဆက်စပ်နေပါလားလို့ အတွေးစဉ် အဆင့်ဆင့် ဖြန့်ကျက် ပြန့်ကားသွားရပါတယ်။
လူသားနဲ့ သက်ရှိတို့ရဲ့ အသက်ဇီ၀ အရင်းအမြစ်ဟာ ရေ၊ ရေ အရင်းအမြစ်များ ဖြစ်တဲ့ မြစ် ချောင်း တောတောင် တွေကို ပျက်စီးစေခြင်းဟာ လူသားတို့ရဲ့ လူနေမှုဘဝတွေကို ဘေးဒုက္ခ ရောက်စေခြင်း ဖြစ်တယ်၊ သက်ရှိ သတ္တဝါတွေ၊ လူသားတို့ရဲ့ လူနေမှု ဘဝတွေနဲ့ ဆက်စပ်နေတဲ့ မြစ်ချောင်းတွေကို ထိန်းသိမ်းကာကွယ်ဖို့ တောင်တန်းတွေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမှာ ဖြစ်တယ် စသည်ဖြင့် …။
သို့သော် အရှေ့ရှမ်းရိုးမ၊ အလယ် ပဲခူးရိုးမနဲ့ အနောက်ဘက် ရခိုင်ရိုးမ ဆိုပြီး ရိုးမ ၃ သွယ်နဲ့ ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်းနဲ့ သံလွင် စတဲ့ မြစ် ၄ သွယ်ရှိတဲ့ မြန်မာနိုင်ငံမှာတော့ သစ်တော ပြုန်းတီးမှု အပါအဝင် ရေကာတာကြီးတွေ တည်ဆောက် လာတာကြောင့် မြစ်တွေ ခန်းခြောက်ပျက်စီးမယ့် အန္တရာယ်က ခြိမ်းခြောက်နေပါပြီ။
“သဘာ၀ အလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းဟာ မြစ်ချောင်းတွေရဲ့ သဘာ၀ ရေစီးရေလာကို ပျက်စီးစေပါတယ်။ မြစ်ဝှမ်းအတွင်းမှာ ရေစီးရဲ့ ပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှု ပုံသဏ္ဍာန်နဲ့ ရေ အသုံးချမှုပုံစံတွေလည်း ပြောင်းလဲကုန်ပါတယ်” လို့ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးဝင်းကျော်က မြန်မာနိုင်ငံ အတွင်းက အပြည်ပြည်ဆိုင်ရာ မြစ်များ ဆိုတဲ့ စာအုပ်မှာ ရေးသားထားပါတယ်။
ဧရာဝတီ ရေဝေရေလဲ ဒေသ ဆည်တွေရဲ့ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်နိုင်မှု လေ့လာချက်စာတမ်း (Environmental Impact Assessment-Special Investigation on Hydropower Develipment of Ayarwaddy River Basin above Myitkyina, Kachin Statae Myanmar, Oct 2009) မှာ ဧရာဝတီနဲ့ ပတ်သက်ပြီး “Nationally important, Regionally significant and Globally outstanding (မြန်မာနိုင်ငံ အတွက် အရေးကြီး သလို ဒေသ တွင်းမှာလည်း အထင်အရှားရှိတဲ့ အပြင် တကမ္ဘာလုံး အတိုင်းအတာ အရလည်း တကယ့်အရေးပါတယ်) လို့ ဖော်ညွှန်းပါတယ်။
ပြီးတော့ “ဧရာဝတီမြစ် စတင်ရာ မြစ်ဆုံဒေသသည် တိုင်းရင်းသား ကချင်တို့၏ နှလုံးသည်းပွတ်ဟု ယုံကြည်ယူဆသည်။ ဧရာဝတီ၏ တန်ဖိုး ဆိုသည်မှာလည်း မြန်မာပြည်သူ တရပ်လုံးကို လွှမ်းခြုံထားသော အရာဖြစ်သည်။ မြစ်ဆုံကို ဆုံးရှုံး ရခြင်းသည် မြန်မာပြည်သူများ တိုင်းရင်းသား ကချင်ပြည်သူများ အတွက် ဆိုးရွားသည့် ကြေကွဲ ဖွယ်ရာများ ဖြစ်စေလိမ့်မည်” လို့ ဖော်ပြထားပါတယ်။
စာတမ်းက ဆက်လက် အကြံပြုတာက မြန်မာနဲ့ တရုတ်နိုင်ငံတို့က သာဘာ၀ ဝန်းကျင်ဆိုင်ရာတွေကို အမှန်တကယ် ပူပန်ပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုတွေကို ရည်မျှော်တယ်ဆိုရင် ဧရာဝတီ မြစ်ဆုံမှာ ပမာဏကြီးမားတဲ့ ဆည်ကို တည်ဆောက်ဖို့ မလို၊ အဲဒီဆည်ကြီးအစား ဆည်အသေး ၂ ခုကို အထက်ပိုင်းမှာ တည်ခြင်းအားဖြင့် တူညီလုနီးနီး လျှပ်စစ်ဓာတ်အား ပမာဏကို ရရှိမယ်လို့ ဆိုတယ်။
သို့သော်လည်း သမ္မတ ဦးသိန်းစိန်ကတော့ မြစ်ဆုံ စီမံကိန်းကို သူ့သမ္မတ သက်တမ်းကာလအတွင်း ရပ်ဆိုင်းထားမည် ဟု ကတိပြုထားပေမယ့် လုံး၀ ရပ်ဆိုင်းမယ့် အနေအထား မတွေ့ရတာကြောင့် မြန်မာ့အသက်သွေး ဧရာဝတီအတွက် စိတ်နှလုံး ဒုံးဒုံးမချနိုင်သေးပါဘူး။
တဖန် အရှေ့ဘက် ရှမ်းရိုးမမှာရှိတဲ့ သံလွင်မြစ်ပေါ်မှာလည်း ရေကာတာ ၆ ခုကို တည်ဆောက်မယ့် သတင်းတွေက အခိုင်အမာ ရှိနေပါတယ်။ အများပြည်သူနဲ့ ပညာရှင်တွေ မသိ မမြင် မကြား လိုက်ရဘဲ တည်ဆောက်မယ့် စီမံကိန်းတွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိပါရဲ့လား၊ အကျိုးပြုမှာပါလား။ လတ်တလော ကြားသိ ဖတ်ရှုနေရတာက ရွှေ့ပြောင်းပေးရမယ့် ကျေးရွာတွေ၊ တိုင်းရင်းသား ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ဖြစ်ပါတယ်။
ပြီးတော့ မြစ်ချောင်းတွေ အနီးနားက ရွှေတူးဖော်တာတွေ ကြောင့်လည်း နုံးတင် အနယ်ပို့ ဖြစ်ပြီး ချောင်းကော မြစ်ကောတွေ ဖြစ်လာစေတဲ့ အပြင် မြစ်ရေလျှံတာတွေ၊ ကမ်းပါးပြိုတာတွေလည်း ဖြစ်ပေါ် စေပါတယ်။ ပိုဆိုးတာက ရွှေတူးဖော်ရာမှာ သုံးတဲ့ ပြဒါး၊ ခဲနဲ့ ဆိုင်ရာနိုက် တွေကြောင့် ရေသတ္တဝါတွေ အပါအဝင် လူတွေကို ဒုက္ခရောက် စေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာသာ အများဆုံးရှိတဲ့ ဧရာဝတီ လင်းပိုင် ငါးတွေလည်း အခုအခါမှာ မျိုးတုံးမယ့် အရေးဖြစ် လာနေပါပြီ။ ပြဒါးသင့် ငါးတွေကို လူတွေက စားသောက်မိရင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ဆုတ်ယုတ်စေတာတွေ၊ ဉာဏ်ရည် နိမ့်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လိပ်မျိုးစိတ် ၃၂ မျိုး ရှိတဲ့ အနက် ၆ မျိုးကို တခြားနိုင်ငံ တွေမှာ မတွေ့ရပါဘူး။ ရေကို အမှီပြု ရှင်သန်နေရတဲ့ သက်ရှိတွေ၊ လူတွေနဲ့ ပတ်သက်လို့ တွေးမိသမျှ ဖြစ်ပါတယ်။
နာဂစ်ဖြစ်ပြီးကတည်းက ရန်ကုန်မှာ ပိုပို ပူလာတယ် လို့ ပြပွဲကိုလာရောက် ကြည့်ရှုသူ တဦးရဲ့ စကားကြောင့် ရာသီဥတု အပြောင်းအလဲ အကြောင်း ဆက်စပ်တွေးတော မိပါတယ်။
ဘာဖြစ်လို့ ပူတာလဲ။ နေအပူချိန် လေအပူရှိန်ကို ထိန်းညှိပေးတဲ့ သစ်ပင်တွေ နည်းပါးသွားလို့၊ သစ်တောတွေ နည်းပါး သွားလို့ပဲ။ ဘာကြောင့် သစ်ပင် သစ်တောတွေ နည်းပါးသွားတာလဲ။ လူတွေက ခုတ်လှဲပြီး အိမ်အသုံး အဆောင်တွေ၊ ထင်း မီးသွေးအဖြစ် အသုံးပြုနေကြလို့။ ဒါပေမယ့် ဒေသတွင်း သုံးစွဲမှု အနေအထားအရ သစ်ပင်သစ်တောတွေ အကြီးအကျယ် ဆုံးရှုံးမှုက ဒီလောက်ကြီး ဖြစ်စေလိမ့်မယ် မထင်ပါ။
မြန်မာနိုင်ငံ သစ်တောများ ပျက်စီးဆုံးရှုံးမှု ကျယ်ပြန့်များပြား စေတဲ့ အဓိက အကြောင်းအရင်း တရပ်က အစိုးရကိုယ်တိုင်က သစ်တွေခုတ်ပြီး နိုင်ငံခြား တင်ပို့နေတာကြောင့်ပါပဲ။ ဘယ်နိုင်ငံကို ဘယ်လောက်ပို့ပြီး နိုင်ငံခြား ဝင်ငွေ ဘယ်လောက်ရတယ်၊ တိုင်းပြည်ဘဏ္ဍာငွေ ဘယ်လောက် တိုးတက်လာပြီး ပြည်သူလူထုအတွက် ဘယ်လောက် ခွဲဝေ သုံးတယ် စသဖြင့်လည်း ထင်သာမြင်သာ မတွေ့ရပါဘူး။
ကမ္ဘာ့သစ်တော သယံဇာတ ဆန်းစစ်ချက် အစီအစဉ် (Global Forest Resource Assessment – FRA) အရ ၁၉၇၅ ခုနှစ်တုန်းက မြန်မာနိုင်ငံ ဧရိယာရဲ့ ၆၁ ရာခိုင်နှုန်းဟာ သစ်တောတွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ ၄၇ ရာခိုင်နှုန်း ပဲ ရှိတော့တယ်လို့ သိရတယ်။
သစ်ပင် သစ်တောတွေ နည်းပါးသွားတဲ့ အတွက် ရာသီဥတု အပြောင်းလဲကြီး ပြောင်းလဲသွားရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အတွက် အရေးအကြီးဆုံးဖြစ်တဲ့ မုတ်သုံရာသီဥတု (Monsoon Climatology) ဟာ အခုဆိုရင် .. ၁၉၇၈ ခုနှစ်က စပြီး မုတ်သုံမိုး အဝင်နောက်ကျတာ၊ အထွက်စောတာ၊ မုတ်သုံကာလ တိုတောင်းသွားတာ၊ မုတ်သုံကာလ အတည်တက် မရှိတာ၊ မုတ်သုံ အားပြတ်တာ၊ မကြာခဏ ပျောက်ကွယ်နေတတ်တာ၊ မုတ်သုံမုန်တိုင်း အားလျော့နည်းလာတာ၊ မုတ်သုံမိုး နည်းပါးသွားတာ၊ အပူချိန် မြင့်တက်လာတာ၊ သမရိုးကျ မဟုတ်တဲ့ မိုးလေဝသ အခြေအနေတွေ မကြာခဏ ဖြစ်ပေါ်တာ စတာတွေ တွေ့ကြုံ လာရပါတယ်။ ဒါဟာ သစ်တော နည်းပါးသွားတဲ့ အတွက်ကြောင့်ပါပဲ။
သဘာ၀ ဝန်းကျင် ထိခိုက်မှုရဲ့ အကျိုးဆက်ဟာ အနာဂတ်အတွက် ဖြေဆေးမဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒီတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အနာဂတ်အတွက် မျိုးဆက်သစ် လူငယ်တွေကို ဘာတွေ လက်ဆင့်ကမ်း အမွေအဖြစ် ပေးအပ်ခဲ့မှာပါလဲ။
တိုက်ဆိုင်စွာပဲ ဆရာဇော်ဇော်အောင်ရဲ့ တိုင်းပြည် အနာဂတ်အတွက် စိတ်အားထက်သန်စွာ ပြောတဲ့ စကားတခွန်းကို သတိရမိပါတယ်။
“လူကြီးတွေက အသုံးမကျဘူး။ စကားတွေပဲ များနေတာ။ အစိုးရရော၊ အတိုက်အခံရော၊ နိုင်ငံရေးသမားတွေရော.. စကားတော့ ပြောရမှာပေါ့။ သို့ပေမယ့် ပြောတာနဲ့ အတူ အလုပ် ပါရမယ်။ အလုပ် မပါတော့ အိုဗာတွေ ဖြစ်နေကြတယ်။ လူကြီးတွေက တိုင်းပြည်အတွက် အလုပ် မလုပ်နိုင်ကြတော့ဘူး။ လူငယ်တွေကသာ လုပ်နိုင်မှာ ဖြစ်တယ်။ တိုင်းပြည် ဆင်းရဲ စုတ်ပြတ်နေချိန်မှာ စကားတွေ ပြောနေလို့ မဖြစ်တော့ဘူး။ လေးနက်တဲ့ သဘောထား ရှိတဲ့ လူငယ် တွေနဲ့ လူလတ်ပိုင်းတွေ လုပ်နိုင်ကြမှာပါ” တဲ့။
အများပြည်သူအတွက် အသိအမြင် တစုံတရာ နှိုးဆွပေးတဲ့ ဒီလို ပြပွဲမျိုးကို အခုလို သီးသီးသန့်သန့် တင်ဆက် ပြသတာထက် သာမန် အများပြည်သူများပါ သိမြင်အောင် လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ လူအများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့ နေရာတွေ၊ ရပ်ကွက် စာကြည့်တိုက်တွေ၊ ဓမ္မာရုံတွေ၊ ကျောင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြသသွားရင် အကျိုးသက်ရောက်မှု ပိုမိုရရှိမှာဖြစ်တယ်လို့ တွေးမိတယ်။
တကယ်တော့ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံရေး သမားများ၊ အသိပညာရှင် အတတ်ပညာရှင်များ အားလုံး ဘယ်လိုပင် မတူညီတဲ့ သဘောထား အယူအဆ ရှိနေပါစေ၊ တိုင်းပြည် အနာဂတ် အရေး အတွက် ဆိုတဲ့ စိတ်စေတနာ အသိ တူညီရင် မြန်မာဟာ အာရှရဲ့ အံ့မခန်းဖြစ်ဖို့ အလွယ်ကလေးပါပဲ။