[irrawaddy_gallery]
ထူးထွေဆန်းပြား မင်္ဂလာဖက်ရှင် ပြပွဲ
Aroma Zulu ဓာတ်ပုံနဲ့ ဖက်ရှင် စတူဒီယိုက ဦးစီးပြီး Aroma ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Amazing Wedding Show 2013 ကို ဇူလိုင် ၇ ညနေ ၆ နာရီမှာ ရန်ကုန် အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
Aroma မင်္ဂလာဆောင်ဝတ်စုံ ဖက်ရှင်ရှိုးကို Aroma ပိုင်ရှင် ကိုအောင်မြတ်သူနဲ့ ကိုစိန်လင်းက ဦးစီးခဲ့တာဖြစ်ပြီး အနုပညာရှင် ၂၀၀ နီးပါးက ဝတ်စုံပေါင်း ၃၀၀ ကျော်နဲ့ ပြသကြခဲ့ကြတဲ့ပွဲ ဖြစ်ပါတယ်။
“အခု ရှိုးပွဲမှာ ဘယ် မော်ဒယ်လ်အေဂျင်စီကမှ မပါပါဘူး။ Aroma ကိုချစ်တဲ့ အနုပညာရှင်တွေက မေတ္တာနဲ့ ကူညီခဲ့ကြတာပါ” လို့ Aroma ပိုင်ရှင် ကိုစိန်လင်းက ပြောပါတယ်။
ပြသခဲ့တဲ့ ဝတ်စုံတွေက မြန်မာ့ရိုးရာ မင်္ဂလာဆောင်တွေမှာ ဆင်ယင်ကြတဲ့ မြန်မာ မောင်မယ် ထိုင်မသိမ်းဝတ်စုံ၊ မြန်မာ မင်္ဂလာဆောင် တွေရဲ့ ထုံးတမ်းဆင်လာအရ နှစ်ဘက်ဆွေမျိုးများနဲ့ ကျင်းပကြတဲ့ မင်္ဂလာဆွမ်းကျွေး ဝတ်စုံ၊ ဥရောပ စတိုင် မင်္ဂလာဆောင် သူတွေအတွက် ညစာစားပွဲ ဒင်နာ မင်္ဂလာဝတ်စုံ အပြင် ထူးထူးခြားခြား ဖန်တီးထားတဲ့ Creation Dress ဝတ်စုံတွေနဲ့ ပြသ တင်ဆက်ခဲ့ကြပါတယ်။
“ဝတ်စုံတွေ အားလုံးကလည်း ကျနော်တို့ Aroma ကပဲ တီထွင်ဖန်တီး ချုပ်လုပ်တာပါ။ အဓိက ကတော့ မင်္ဂလာဆောင် ပွဲတွေမှာ ဝတ်စားဆင်ယင်လေ့ရှိတဲ့ ပုံစံတွေကို ဆန်းသစ်ပြီး ချုပ်ထားပါတယ်” လို့ ကိုစိန်လင်းက ပြောပါတယ်။
ရှိုးပွဲကို ဝင်ကြေးအခမဲ့ သတ်မှတ်ခဲ့ပြီး MRTV4 ရုပ်သံလိုင်းတွေကလည်း လာရောက် ရိုက်ကူး နေတာတွေ့ရပါတယ်။ MRTV4 က လာရောက် ရိုက်ကူးမှု အတွက် ငွေကြေးတစုံတရာမှ မပေးခဲ့ရဘူးလို့လည်း ကိုစိန်လင်းက ဆက်ပြောပါတယ်။
Aroma Amazing Wedding ရှိုးပွဲကြီးရဲ့ အဖွင့်ကို နဂါးအလှ အစီအစဉ်အဖြစ် တင်ဆက်ရာမှာ တေးသံရှင် ဖြူဖြူကျော်သိန်းနဲ့ သရုပ်ဆောင်တွေက ပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။
ဒီပွဲမှာ ပါဝင်တင်ဆက်တဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်က “အစ်မက ဝတ်စုံ ၃ စုံနဲ့ လျှောက်ခဲ့ပါတယ်။ Aroma နဲ့ အစ်မက အရမ်းခင်ကြတော့ ဒီပွဲမျိုးကို မပါမဖြစ်ကို လုပ်ရမှာပါ။ ဝတ်စုံတွေကလည်း အရမ်းလှပါတယ်။ လာအားပေးတဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာထိုင်မသိမ်း ဝတ်စုံကို ဝတ်ဆင်ကြရာမှာ ခင်ဇာခြည်ကျော်က အကယ်ဒမီရဲအောင်နဲ့ တွဲဖက်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အကယ်ဒမီရန်အောင်နဲ့ မေသန်းနု၊ အဆိုတော် ဉာဏ်လင်းအောင်နဲ့ နန်းဆုရတီစိုး၊ ရဝေအောင်နဲ့ မေဖြူဖြူ၊ ဝေဠုကျော်နဲ့ ဂန္ထဝင်၊ အောင်ရဲလင်းနဲ့ ဖွေးဖွေး၊ ဖြူဖြူကျော်သိန်း၊ မေ၊ နဒီဝင့်နိုင်၊ ရတနာမိုင်၊ နန်းခင်ဇေယျာ၊ မိုးယုစံ၊စိုးနန္ဒာကျော်၊ ဂျင်းနီ၊ နန်းသူဇာ၊ စံရတီမိုးမြင့် တို့အပြင် အနုပညာရှင် များစွာက မြန်မာထိုင်မသိမ်း ဝတ်စုံတွေနဲ့ တင်ဆက်ခဲ့ ကြပါတယ်။
အိမ်မက်ဆုံရာ Saeson 2 က တေးသံရှင် ၈ ဦးကလည်း Aroma ရဲ့ ပင်တိုင်သီချင်းကို သီဆိုဖျော်ဖြေခဲ့ကြတာ တွေ့ရပါတယ်။
အနောက်တိုင်း ဝတ်စုံ ညနေခင်းဝတ်စုံတွေ ဝတ်ဆင်ပြီး သရုပ်ဆောင် သဉ္ဇာဝင့်ကျော်၊ စံရတီမိုးမြင့်၊ အွန်ဆိုင်း၊ နန်းခေးမား၊ သင်းရမုံဖူး၊ နန်းသူဇာ၊ ဆုပန်ထွာ၊ ဂျင်းနီ၊ သန္တာဗို၊ နန်းခင်ဇေယျာ၊ ဂန္ထဝင်၊ ရတနာမိုင်၊ အမရာဒ်ငြိမ်း တို့အပြင် သရုပ်ဆောင် များစွာက ပါဝင် တင်ဆက်ခဲ့တာ တွေ့ရပါတယ်။
ဟာသ သရုပ်ဆောင်ပွင့် ကလည်း အငြိမ့်နဲ့ ပြဇာတ် အစီအစဉ်ကို အမျိုးသား သရုပ်ဆောင် အသစ်တွေနဲ့ တင်ဆက် ဖျော်ဖြေ ခဲ့ပါတယ်။
Me N Ma Girl Band က ဝေနှင်း နုတ်ထွက်ပြီ
မြန်မာအမျိုးသမီး တီးဝိုင်းအဖွဲ့ Me N Ma Girl Band က အဖွဲ့ဝင် ဝေနှင်းဟာ မိသားစု အရေးကြောင့် နုတ်ထွက်ပြီ ဆိုပေမယ့် ဇူလိုင် ၁၀ ရက်နေ့မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် (LA) ကို သွားရောက် ဖျော်ဖြေ ဦးမယ်လို့ သိရပါတယ်။
Me N Ma Girl Band ဟာ ဇူလိုင်လ ၁၀ ရက်နေ့ LA ကို သွားရောက်ဖျော်ဖြေမှာ ဖြစ်ကြောင်းနဲ့ အဖွဲ့ဝင် ဝေနှင်းဟာ မိသားစု အရေးကိစ္စတွေကြောင့် အဖွဲ့က နုတ်ထွက်မှာဖြစ်ကြောင်းကို ဇူလိုင် ၈ ရက်နေ့က စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဖွဲ့ဝင်တဦးဖြစ်တဲ့ ချာချာက “ကျမတို့အဖွဲ့ LA ကို သွားရောက် ဖျော်ဖြေတာ ဒီတကြိမ်ဆိုရင် နှစ်ကြိမ်ရှိပါပြီ။ သီချင်း အသစ် နှစ်ပုဒ်လည်း ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ ထွက်ထားတဲ့အခွေ မင်္ဂလာပါ ထဲက သီချင်းတွေလည်း ဆိုမှာပါ။ နောက်ပြီး ကျမရဲ့ သူငယ်ချင်း ဝေနှင်းက ကျမတို့နဲ့ အဆင်မပြေလို့၊ မတည့်လို့ အဖွဲ့ထဲက ထွက်တာ မဟုတ်ပါဘူး။ ကျမတို့ သူငယ်ချင်း ၅ ယောက် စလုံး တယောက်ကို တယောက် သိပ်ချစ်ကြပါတယ်။ သူ့မိသားစုကိစ္စတွေနဲ့ သူအဆင်ပြေဖို့၊ သူကောင်းဖို့ ဆုံးဖြတ် ခဲ့တာပါ” လို့ ဟြေပြခဲ့ပါတယ်။
Me N Ma အဖွဲ့ထဲက နုတ်ထွက်တာနဲ့ပတ်သက်ပြီး ဝေနှင်းကလည်း သူတို့ သူငယ်ချင်းတွေ အားလုံး တယောက်ကို တယောက် သိပ်ချစ်ကြတဲ့အကြောင်း ရှင်းပြပါတယ်။
“ကျမ ဒီအဖွဲ့ထဲက နုတ်ထွက်တယ် လို့တောင် မသုံးနှုန်းချင်ပါဘူး။ မခွဲခွာချင်ဘဲ ခွဲခွာခဲ့ရတာပါ။ သုံးနှစ်တာ ကာလလုံးလုံး မိသားစု ထက်တောင် အချိန်ပေးပြီး ပိုတွေ့ဖြစ်ခဲ့ပါတယ်။ ကျမ တယောက်တည်း ဖြစ်သွားတဲ့အတွက်လည်း အရာတခုခု ဆုံးရှုံး သွားသလိုပါပဲ။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဒီအဖွဲ့အတွက် အချိန်တွေ အများကြီး ပေးရပါတယ်၊ နိုင်ငံခြား ခရီးတွေလည်း အတူထွက်ခဲ့ပါတယ်။ မတည့်လို့ ထွက်တာလည်း မဟုတ်ပါဘူး။ ကျမရဲ့မိသားစုတာဝန်မှာ ကျမက အခရာ ဖြစ်နေလို့ပါ။ ကျမအမေကလည်း ကျန်းမာရေး မကောင်းတော့ မိသားစုကို အစစအရာရာ ဂရုစိုက်ဖို့အခုလို လုပ်ရတာပါ။ ကျမမှာ ဘာ နောက်ခံအသိုင်းအဝိုင်းမှမရှိဘဲ မိဘတွေကို ပြန်ကြည့်နေရတာပါ။ ဒီလောကမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေရတာ အရမ်းခက်ခဲပြီး အရမ်းလည်း ပင်ပန်းပါတယ်။ ဒါပေမယ့် ဒီသူငယ်ချင်းတွေက ကူညီခဲ့တဲ့ အတွက် ပျော်ရွှင်ခဲ့ရပါတယ်။ မိသားစုကို ပြန်ကြည့်ဖို့အတွက်က အချိန်ရော၊ ငွေရော၊ လူရော လိုအပ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ ခေတ္တခဏ လမ်းခွဲလိုက်ရတယ်လို့ပဲ သတ်မှတ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အပြင်မှာ ကျမ တကိုယ်တော်အနေနဲ့ သီချင်းတွေ ဆိုမှာပါ၊ အနုပညာ အလုပ်တွေကို လုပ်ရင်းနဲ့ပဲ မိသားစုကို ကြည့်ရှုသွားမှာပါ” လို့ ဟြေပြခဲ့ပါတယ်။
Me N Ma Girl Band အဖွဲ့ဝင်တွေဖြစ်တဲ့ ထိုက်ထိုက်၊ ကင်မီ၊ ဝေနှင်းခိုင်၊ အမွှန်း၊ ဆုပြည့်မှူးအိမ် (ခ) ချာချာတို့အနက် ဝေနှင်းခိုင်က အဖွဲ့ဝင်အဖြစ်က နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။
ဧရာဝတီ သတင်းထောက် နဒီထိုက်နှင့် မြတ်သူအောင် ရေးသားသည်။