မစပ်စုတို့ မြန်မာ Celebrity လောကက မိန်းကလေး အနုပညာရှင် တချို့ထဲကမှ သူတို့ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်ပေါ်ထင်ထင် တမျိုး မပေါ်မထင်တမျိုး ဝတ်စားမှုနဲ့ အတူ ပရိသတ် သတိထားမိလာရာ ကနေ အောင်မြင်ကျော်ကြား လူကြိုက်များလာတဲ့ အနုပညာရှင် လေဒီတွေ ဒီဘက်ခေတ်မှာ တော်တော်လေး များပြားလာတာကို မစပ်စုနဲ့ အတူ အားလုံးလည်း သတိထား မိကြမယ်လို့ ထင်ပါတယ်။
ဟိုးအရင်ကတော့ အခုလို အင်တာနက် facebook စာမျက်နှာတွေ တွင်တွင်ကျယ်ကျယ် မရှိသေးလို့လား၊ ဒီဘက်ခေတ်မှာလို မပွင့်လင်း မထင်သာ မမြင်သာ သေးလို့လားတော့မပြောတတ်၊ မစပ်စု သတိထားမိသလောက် နာမည်ကြီး သရုပ်ဆောင် အဆိုတော်တွေရဲ့ မပေါ့်တပေါ် ပုံတွေဟာ နာမည်မကျော်ခင် တိတ်တဆိတ် ရိုက်ထားခဲ့ပြီးမှ သူတို့ နာမည်ကြီးလာတော့ သူတို့ရဲ့ ပုံပါ ဆိုပြီး ထွက်ပေါ်လာတတ်ကြတယ်လို့ ယူဆမိပါတယ်။
အခု ဒီဘက်ခေတ် ရောက်လာတော့ အနုပညာလောကရဲ့ ပြောင်းလဲလာမှုလို့ပဲ ပြောရမလား၊ ဒီလို ပွင့်ပွင့်လင်းလင်း ဓာတ်ပုံ မပွင့်မလင်း ဝိုးတိုးဝါးတား ဓာတ်ပုံတွေ ရိုက်မှ ပရိသတ် သတိထားမိလာမယ် ဆိုတဲ့ နာမည်ကြီးလမ်းကြောင်း တခုလို ဖြစ်လာပါတယ်။ facebook စာမျက်နှာထက်မှာ ပရိသတ် များများ အဆဲအဆို၊ အထုအထောင်း ခံရပြီဆိုရင် အောင်မြင်ပြီလို့သာ မှတ်လိုက်တော့လို့ ပြောရမလိုဖြစ်နေပါပြီ။
ဒါကတော့ အနုပညာရှင် မိန်းကလေးတွေရဲ့ ပွင့်လင်းမှုပါ။ ဒီလိုပွင့်လင်းမှုထဲမှာ ယောကျာ်လေး အနုပညာရှင်လည်း ပါဝင် လာပါပြီ။
အဲဒါကတော့ သရုပ်ဆောင်၊ အဆိုတော် ရိုတ ရဲ့ facebook စာမျက်နှာထက် Sexy ကျတဲ့ ဓာတ်ပုံတပုံပါ။ မြန်မာအမြင်နဲ့ဆို အတော်လေး ကိုးယိုးကားယား နိုင်တဲ့ ဓာတ်ပုံတပုံ တင်ထားတာကို မစပ်စုနဲ့အတူ facebook ပရိသတ် အတော်များများလည်း သတိထားမိကြမှာပါ။ ဒီလိုပုံမျိုးကို ပရိသတ်က ဝိုင်းပြီး ဆဲဆို ထောပနာပြုမှာကို သိလို့လားတော့ မပြောတတ်ပါဘူး ဒီဓာတ်ပုံမှာ ကြိုတင်ပြီးတော့ ရိုတက “အိုအေစစ် ဂျာနယ်အတွက် သဘာဝပုံပါ။ ကြိုက်တာရေးလို့ ရပါသည်။ ကြိုက်တာ ပြောလို့ရပါသည်” လို့ ဆိုထားလေတော့ မစပ်စုရဲ့ စပ်စုချင်စိတ်လည်း တဖွားဖွား ပေါ်လာတာတော့ အမှန်ပါပဲ။
ဒီလို အနေအထား၊ ဒီလို ပို့စ်မျိုးဟာ နိုင်ငံတကာက သရုပ်ဆောင် မင်းသား အဆိုတော်တွေ အနေနဲ့ကတော့ ဘာမှ မထူးဆန်း ပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကျတော့ အထူးအဆန်းဖြစ်နေတာ အသေအချာပါပဲ။
ဒီတော့ သရုပ်ဆောင်၊ အဆိုတော် ရိုတ ရဲ့ ဒီဓာတ်ပုံနဲ့ ပတ်သက်လို့ သမိုင်းကြောင်းကို ခြေရာခံဖို့ မစပ်စုကြိုးစား ပါတော့တယ်။
“အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ဆိုတဲ့ ကဏ္ဍအတွက် ရိုက်တာပါ။ ပထမကတော့ ကျနော် အဲဒီလိုရိုက်ပေးဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ Sexy နဲ့ပတ်သက်ပြီး ရှေ့မှာလည်း တချို့ Celebrity တွေ အဲဒီလို ရိုက်ထားတာတွေ့တော့ ရိုက်မယ့်ရိုက် နည်းနည်း ခပ်ကြမ်းကြမ်း လေးတော့ ရိုက်ပေးလိုက်မယ်ဆိုပြီးတော့ ရိုက်ပေးလိုက် တာပါ။ ဒီထက်ကြမ်းဖို့ရှိတယ်။ ဒါပေမယ့် ရိုက်တဲ့နေ့မှာ မိန်းကလေးတွေက အလုပ်ရုံမှာ တော်တော် များတယ်။ အဲဒါကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်တာ။ နို့မို့ဆိုရင် ဒီထက် ပိုဆိုးမယ်။ ရိုက်မှတော့ စိတ်ပါလက်ပါနဲ့ ရိုက်ပေးလိုက်တာ။ ကျနော်က အလုပ်အပေါ် တန်ဖိုးထားတယ်။ နယ်ကနေပြီး ရုန်းကန် ကြိုးစား ရတယ်ဆိုတော့ အလုပ်ကို သူတို့ စိတ်ကျေနပ်အောင် အထိ လုပ်ပေးဖို့က ကျနော့် အပိုင်းပေါ့နော်။ အဲဒီမှာ ကျနော့် ဘက်က အားနည်းချက် ဘာရှိသွားလဲ ဆိုတော့ ပထမက အဲဒီလို Sexy အရမ်းဆန်ဆန် ရိုက်မယ်လို့ ဆုံးဖြတ်ထားတာ မရှိတော့ ဘောင်းဘီတို့၊ ဝတ်စားဆင်ယင်မှုပိုင်းမှာ နည်းနည်း အားနည်းသွားတာ ရှိတယ်။ အဲဒီအတွက်ကို ပရိသတ်တွေကို တောင်းပန်တယ်” လို့ သရုပ်ဆောင် အဆိုတော် ရိုတက ဧရာဝတီကို ပြောပါတယ်။
ဒါမျိုးဟာ အခုခေတ်မှာ မဆန်းတော့ဘူးလို့ ထင်မြင်မိကြောင်းနဲ့ သူ့အနေနဲ့ မိန်းကလေး မဟုတ်တဲ့အတွက် ဒါမျိုးကို ကြိုက်မယ့်သူ နည်းလိမ့်လို့ ထင်မြင်မိကြောင်း သူက ဆက်ပြောပါတယ်။
သရုပ်ဆောင် အဆိုတော် ရိုတ ဟာ ၂၀၀၆ ခုနှစ်က စလို့ အနုပညာ လောကထဲကို ဝင်ရောက် လာသူဖြစ်ကာ လက်ရှိမှာ “စပွန်ဆာ” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားပြီး အတွဲခွေ ၄ ခွေ မှာလည်း ပါဝင်သီဆိုထားပါတယ်။ လက်ရှိမှာ ပြန်ဆိုတေး စီးရီးခွေ ထွက်ရှိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရုပ်ရှင်၊ ဗီဒီယို၊ ဗီစီဒီ တော်တော်များများ မှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒါထက် သူ့ကို ခေါင်းဆောင် တင်ရိုက်ဖို့ စာချုပ်ချုပ်မယ့် ဘယ် ကုမ္ပဏီကိုမဆို ပထမ ဆယ်ကားစာ အခမဲ့ ရိုက်ကူး ပေးမယ်လို့ ပြည်တွင်း ဂျာနယ်တွေမှာ ပြောကြား ထားပါသေးတယ်။
သရုပ်ဆောင် ရိုတအနေနဲ့ ဒီလို ဓာတ်ပုံမျိုးကို ရိုက်ကူးတာဟာ နာမည်ကြီးချင်လို့ သက်သက် ရိုက်ကူးခြင်း ဖြစ်တယ်လို့ ပရိသတ်ရဲ့ ဝေဖန်မှုကို တခဲနက် ရရှိလိုက်တာတော့ အမှန်ပါပဲ။
“တချို့က နာမည်ကြီးချင်လို့ လုပ်တာလည်း ရှိတာပေါ့။ နာမည်ကြီးချင်လို့ လုပ်မှတော့ အများကြီး လုပ်လို့ရပါတယ်။ ရှင်းရှင်း ပြောရရင် ကမ္ဘာမှာလည်း အရမ်း ခေတ်စားနေတာပဲ။ ယောက်ျားလေး အချင်းချင်း၊ မိန်းကလေး အချင်းချင်း အများကြီး လုပ်ပိုင်ခွင့်တွေ ရှိတယ်၊ အများကြီး ခေတ်မီတဲ့ အနေအထားတွေရှိတယ်။ အခုလည်း အင်တာနက်ပေါ်မှာ Movie file တွေ အများကြီး တက်လာတဲ့ သူတွေလည်းရှိတယ်။ အနုပညာရှင် တွေထဲမှာလည်း အများကြီးပဲ။ ကျနော်လုပ်လိုက်တဲ့ အရာတခုကို ကျနော် မှန်တယ်ထင်ရင် ရှေ့ဆက်တိုးတယ်၊ နောက်မဆုတ်ဘူး။ အဲဒါကြောင့် ဘယ်သူပဲပြောပြော ကြိုက်တာ ရေးနိုင်သည်၊ ကြိုက်တာ ပြောနိုင်သည်။ ကျနော့်ကို စိတ်ဝင်စားလို့ ရေးတယ်၊ ပြောတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အားလုံးကို ကြိုက်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်ကတော့ အကုန်လုံးကို ကြိုဆိုပါတယ်” လို့ ရိုတက ဆိုပါတယ်။
သူ့အနေနဲ့ အနုပညာအလုပ်ကို ဝါသနာ ပါသူဖြစ်တဲ့အတွက် ဒီအလုပ်နဲ့ ပတ်သက်ရင် ဘာပဲလုပ်လုပ် ဘယ်ဟာပဲ ကမ်းလှမ်း ကမ်းလှမ်း လုပ်ပေးဖို့ အဆင်သင့်ပါပဲလို့ ပြောပါတယ်။
ဒီဓာတ်ပုံကို အိုအေစစ် ဂျာနယ်အတွက် ရိုက်ကူးပေးထားတာလို့ ဆိုလေတော့ ဒီလို Sexy ဆန်တဲ့ပုံ အနေအထားမျိုးကို အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ရနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။
ဒီဓာတ်ပုံဟာ အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ဆိုတဲ့ ကဏ္ဍအတွက် ရိုက်ထားတဲ့ ဓာတ်ပုံဆိုပေမယ့် တကယ်တမ်း အိုအေစစ် ဂျာနယ်မှာ မဖော်ပြခဲ့ဘဲ အယဉ်ဆုံး ပုံကိုသာ ရွေးချယ်ဖော်ပြခဲ့တယ်လို့ အိုအေစစ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုးက ဧရာဝတီကို ပြောပါတယ်။
“ရိုတကျတော့ သူနဲ့လည်း ခင်နေတော့ သူက အဲဒီကဏ္ဍလေးမှာ သူလည်း ပါချင်တယ်လို့ ဆိုတော့ ဓာတ်ပုံသွားရိုက်ထား၊ ပြီးသွားရင် ကျမကိုပြော၊ ဓာတ်ပုံလာပေးလို့ ဆိုပြီး သူ့ကို အဲဒီလိုပဲ ပြောလိုက်တော့ သူက အစ်မရယ် ကျနော့်ကို ဓာတ်ပုံဆရာ စီစဉ်ပေးပါလို့ပြောတယ်။ ကျမလည်းဓာတ်ပုံ စပွန်ဆာပေးတဲ့ ကောင်လေး ကိုလှမ်းပြီးတော့ ချိတ်ပေးလိုက်တယ်။ နင်တို့ ယောက်ျားလေး အချင်းချင်းပဲ၊ နင်တို့ဘာသာ နင်တို့ ရိုက်ထားလိုက်ကြ၊ ပြီးရင် ငါဓာတ်ပုံ သွားယူထားလိုက်မယ် ဆိုပြီး ပြောလိုက်တယ်။ နောက်နေ့ကျတော့ ကျမကို ဓာတ်ပုံဆရာက ဓာတ်ပုံလာပေးတယ်။ အဲဒီမှာ ကျမ ကြည့်လိုက်တော့ ပုံလေးတွေက သူတို့က ယောကျာ်လေးလည်း ဖြစ်တယ်၊ လူငယ်လည်း ဖြစ်တယ်ဆိုတော့ တော်တော်တော့ Sexy ကျနေတာပေါ့နော်။ ဒါပေမယ့် ကျမက ကျမရဲ့ ဂုဏ်သိက္ခာအရရော၊ ကျမဂျာနယ်ရဲ့ ဂုဏ်သိက္ခာအရရော အင်မတန်မှ အယဉ်ကျေးဆုံးပုံ၊ မျက်စိ မရိုင်းဆုံးသော ပုံကိုရွေးပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီ ကဏ္ဍမှာ ဖော်ပြခဲ့တဲ့ ပုံကိုလည်း ကျမ အွန်လိုင်းမှာ တင်ထား ပါတယ်။ ဒီကဏ္ဍလေး ကျတော့လည်း ခေါင်းစဉ်ကိုက Sexy ပို့စ် ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းတော့ Sexy ကျတဲ့ ပုံလေးတွေကို ကျမ ရွေးချယ်ဖြစ်ပါတယ်” လို့ ဒေါ်ဂျူလိုင်မိုးက ပြောပါတယ်။
ဒါ့အပြင် ရိုတရဲ့ facebook ပေါ်မှာတင်ထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ ဒေါ်ဂျူလိုင်မိုးက “အဲဒါတွေက သူအကုန်ရိုက်ခဲ့တဲ့ ပုံတွေပါ။ ဒီပုံတွေ အကုန်လုံးက ကျမတို့ ပိုင်တယ်ဆိုပေမယ့်၊ ကျမသူ့ကို အကုန် ပေးလိုက်တယ်လေ။ မင်းဘာသာမင်း သုံးချင်သလို သုံးလို့၊ ကျမက အရမ်းရိုင်းတဲ့ ပုံတွေတော့ သုံးလို့မှမရတော့တာ။ အဲဒါကြောင့် မင်း ယူသွားတော့လို့၊ သုံးချင်တဲ့နေရာ သုံးလို့ ပြောလိုက် တော့ သူလည်း facebook တင်ထားတယ်နဲ့ တူပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ကဏ္ဍဟာ ပရိသတ် စိတ်ဝင်စားအောင် နာမည် ပေးထားတာဖြစ်ပေမယ့် ဒါဟာ ပညာပေး ကဏ္ဍတခု ဖြစ်ပြီး ဒီကဏ္ဍမှာ ပါဝင်လာတဲ့ အနုပညာရှင်တွေက ဝတ်စားဆင်ယင်မှု ပိုင်းမှာ အရမ်း မလျှပ်ပေါ် မလော်လီကြဖို့နဲ့ သူ့နေရာနဲ့သူ ဝတ်စားသင့်တယ်ဆိုတဲ့ အနုပညာရှင်တွေရဲ့ တိုက်တွန်း ပြောစကားတွေနဲ့ အတူ တင်ဆက်ထားတဲ့ ကဏ္ဍတခု ဖြစ်တယ်လို့လည်း ဒေါ်ဂျူလိုင်မိုးက ဆိုပါတယ်။
အိုအေစစ် ဂျာနယ်ဟာ အပတ်စဉ် တနလာၤနေ့တိုင်း ထုတ်ဝေပြီး သရုပ်ဆောင်အဆိုတော် ရိုတ ရဲ့ Sexy ပို့စ် ကဏ္ဍဟာ အမှတ်စဉ် ၆၉ ဇွန်လ ၁၀ ရက်နေ့ထုတ် စာမျက်နှာ ၂၄ မှာ ပါရှိခဲ့တာပါ။
အခုလို သရုပ်ဆောင်၊ အဆိုတော် ရိုတရဲ့ facebook က ဓာတ်ပုံတွေကို ပရိသတ် ဝေဖန်မှုနဲ့ ပတ်သက်လို့ ဒေါ်ဂျူလိုင်မိုးက “ကျမကတော့ သူရိုက်သမျှ ပုံတွေအားလုံး ဆိုရင်တော့ ပရိသတ်က အရမ်း ဝေဖန်ကြမယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ကျမဆီမှာ တင်ထားတဲ့ ပုံလည်း ကြည့်လိုက်ပါ။ သူ အဲဒီနေ့မှာ ရိုက်တဲ့ ပုံတွေ အားလုံးထဲမှာမှ အယဉ်ဆုံး ပုံကို ကျမ ရွေးထား တာပါ။ သူကတောင် ပြောပါသေးတယ်။ အစ်မ ဒီထက် Sexy ကျတဲ့ ပုံတွေ ရှိတယ်လေဆိုတော့ ဒီပုံလေးက ချစ်စရာ ကောင်းလို့ပါ ဆိုပြီး ကျမ ချော့ပြီး ပြောလိုက်တယ်။ ဒါပေမယ့် ကျမ ရိုတကို လေးစားတာ၊ ကျေးဇူးတင်တာ တခုက သူဖြေထားတဲ့ စကားလုံး တွေက အရမ်း ကောင်းတယ်။ ကိုယ့်ရဲ့ အမျိုးဂုဏ်ကို ထိန်းသိမ်းရမယ်၊ မိန်းကလေးတွေက အရမ်းကြီး Sexy မကျပါနဲ့ဆိုတာမျိုး ပြောသွားတယ်။ ဒါပေမယ့် ပုံနဲ့တော့ ကျမတို့ ဆွဲဆောင်မှု ယူလိုက်ရတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ သူ့ကိုယ်သူလည်း သိတယ်၊ သူသည် နံပါတ်တစ် စူပါမင်းသား မဟုတ်ဘူး။ အဲဒါကြောင့် ဘာပဲပြောပြော ပရိသတ်ကို ဆွဲဆောင်ဖို့ဆိုတာ တခုခု လုပ်ပြမှ ရမှာပေါ့နော်။ အဲဒါကြောင့် သူလုပ်လိုက်တယ် လို့ပဲ ကျမက တွက်ပါတယ်။ သူ့မှာရှိတဲ့ အနုပညာလေး၊ စွမ်းအားလေးကို ပြတယ်လို့ပဲ ယူဆပါတယ်” လို့ ပြောပါတယ်။
ဓာတ်ပုံကြောင့် အဝေဖန်ခံနေရတဲ့ ရိုတရဲ့ facebook က ပုံနဲ့အတူ သူ့ facebook link၊ အိုအေစစ်ဂျာနယ်က ရိုတရဲ့ Sexy ပို့စ် စာမျက်နှာတို့ကို ဧရာဝတီပရိသတ် ယှဉ်ကြည့်နိုင်ဖို့ တပါတည်း ဖော်ပြပေးလိုက်ပါတယ်။