အခု ဇူလိုင်လထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပဖို့ လျာထားပေမယ့် လက်ရှိ အခြေအနေတွေအရ ကျင်းပဖြစ်ဖို့ မရေမရာဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အစိုးရအဖွဲ့၊ လွှတ်တော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြားမှာ ဘယ်လို အထစ်အငေါ့တွေ၊ မတူကွဲပြားတဲ့ ချဉ်းကပ်မှုတွေ၊ အားပြိုင်မှုတွေ ရှိနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
မကြာသေးမီက ပြန်လည်း စတင် ကျင်းပခဲ့တဲ့ ကာလုံ အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုပြီး ပြောဆိုသွားပါတယ်။
သူရဦးရွှေမန်းက “ဒီနေရာမှာ ဘေးထွက်ဆိုးကျိုး ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး မိမိတို့ နားလည် လက်ခံထားတဲ့အချက်က ငြိမ်းချမ်းရေး ရအောင် တည်ထောင်တဲ့အခါမှာ ဥပဒေနဲ့မညီရင် ပြည်သူများရဲ့ ဘဝလုံခြုံရေးကို ထိပါးလာလျှင် (သို့မဟုတ်) ပြည်သူများရဲ့ ဘ၀ လုံခြုံရေး ကာကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်လို့ရှိရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင် လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်” ဆိုပြီး ပြောဆိုသွားတာပါ။
ဒီလိုထောက်ပြလိုက်ခြင်း အားဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် ဝေဖန်လိုက်သလားဆိုပြီး သုံးသပ်ချက်တွေလည်း ပေါ်လာပါတယ်။
မရှေးမနှောင်းမှာပဲ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ အစိုးရ တပ်အကြား တင်းမာမှု တချို့ ရှိနေကြောင်း သတင်းတွေလည်း ပေါ်ထွက်လာပါတယ်။ ထို့အတူ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆွေးနွေးပွဲဖြစ်ဖို့က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပေါ်မူတည်ပါတယ်ဆိုပြီး အစိုးရဘက်က ပြောဆိုမှုတွေလည်း ကြားနေရပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပြည်ပက အကူအညီနဲ့ ငွေကြေးတွေကို မျှော်လင့်ချက် မထားဘဲ ပြည်သူ့ဘဏ္ဍာကို အဓိက သုံးစွဲမယ်ဆိုပြီး ကာလုံက ဆုံးဖြတ်တဲ့ အပေါ်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
သမ္မတ ဦးသိန်းစိန် အားထားရသူတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ အပေါ် လွှတ်တော်အုပ်စု၊ ကြံ့ခိုင်ရေး ပါတီအုပ်စုတွေနဲ့ စစ်တပ်တွင်း တွေမှာ မနာလိုမှု မကျေနပ်မှုတွေကြောင့် တိုက်ခိုက်မှု၊ ခြေထိုးမှုတွေ ရှိတယ် ဆိုတဲ့ ပြောဆိုသံတွေလည်း ထွက်ပေါ်နေပါတယ်။ တဆက်တည်းမှာပဲ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နုတ်ထွက်တော့မလား ဆိုပြီးတော့လည်း ကောလာဟလတွေ ပေါ်ထွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားတဲ့ခရီးမှာ အရေးအကြီးဆုံး ကိစ္စတခုဖြစ်တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းရေး ဖော်ဆောင်မှုမှာ ဘာကြောင့် ဒီလိုအထစ်အငေါ့တွေ၊ ကြန့်ကြာမှုတွေ ဖြစ်နေရသလဲ …။
အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကြိုးပမ်းမှုတွေမှာ လွှတ်တော်နဲ့ ကာလုံက အဟန့်အတားတွေ ဖြစ်နေသလား၊ ဒါမှ မဟုတ် အစိုးရအဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ပေးထားတဲ့ ကတိတွေ အကောင်အထည် အမြန်ဆုံး မဖော်နိုင်အောင် ဘယ်လို အခက်အခဲတွေ ကြုံနေရသလဲ …။
အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဘက်ကရော အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေရဲ့ ကတိကဝတ်တွေကို ယုံကြည်နိုင်တဲ့ အနေအထား ရှိရဲ့လား …။
ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဆုံး အကောင်အထည် ပေါ်နိုင်ဖို့အတွက် အစိုးရအဖွဲ့၊ ကာလုံ၊ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဘယ်လိုညှိနှိုင်းမှု အလျှော့အတင်းတွေ ရှိသင့်သလဲ …။
စတာတွေကို ဒီတပတ် ဧရာဝတီ ဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။