ငယ်စဉ်ကတည်းက အနုပညာကို ရူးသွပ်ခဲ့တဲ့ တေးရေးဆရာ၊ ဂီတမှူး၊ အဆိုတော် ဓီရာမိုရ်ဟာ ၁၉၉၃ ခုနှစ်မှာ အရင် ယဉ်ကျေးမှု တက္ကသိုလ်၊ အခု အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်မှာ ဂီတပညာရပ်ကို စတင်သင်ကြားခဲ့ပြီး ၁၉၉၇ မှာ ဂီတပညာ ဘွဲ့ကို ရရှိခဲ့သူပါ။ ပြီးနောက် အဲဒီ တက္ကသိုလ်မှာ ဂီတနည်းပြဆရာအဖြစ် ပြန်လည်လုပ်ကိုင်ရင်း ၂၀၀၀ ပြည့်နှစ်မှာ သူ့ရဲ့ ပထမဆုံး စီးရီးဖြစ်တဲ့ “ဂစ်တာရှိလား” ဆိုတဲ့ တေးစီရီးထွက်ရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ဂျပန်နိုင်ငံကို ပညာတော်သင် အဖြစ် သွားရောက် ခဲ့ရသူပါ။ ၂၀၀၆ ခုနှစ်မှာ ဂျပန်နိုင်ငံက ပေးအပ်တဲ့ Master of Music (M.A music) ဘွဲ့ကို ရရှိခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်မှာ “ကျနော်နဲ့ ဂီတ” ဆိုတဲ့ သူရဲ့ ဒုတိယမြောက် တေးစီးရီးခွေ၊ ၂၀၁၁ ခုနှစ်မှာ “လမင်းဖမ်းပွဲ” ဆိုတဲ့ တတိယမြောက် တကိုယ်တော် တေးစီးရီးတွေလည်း ထွက်ရှိထားပြီးသူပါ။ ဆန်းသစ်တဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေကိုသာ ဖန်တီးခဲ့တဲ့ ဓီရာမိုရ်ဟာ ၂၀၀၄ ခုနှစ်ကစလို့ ရုပ်ရှင်နောက်ခံ တေးဂီတကို ဖန်းတီးခဲ့သူအဖြစ်လည်း ရပ်တည်လာခဲ့ပြန်ပါတယ်။ အဲဒီလို ဖန်တီးနေရင်း သူ နောက်ခံဂီတ ဖန်တီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၇ ကားမြောက် ဖြစ်တဲ့ “ဇော်က ကနေသည်” ဆိုတဲ့ ဇာတ်ကားနဲ့ ၂၀၀၉ ခုနှစ် အတွက် ပေးတဲ့ ရုပ်ရှင် တေးဂီတဆုကို ရရှိလိုက်လေတော့ တေးရေးဆရာ၊ ဂီတမှူး၊ အဆိုတော်တွေအပြင် အကယ်ဒမီ ဓီရာမိုရ်ဆိုတဲ့ ဂုဏ်ပုဒ်တခု ထပ်တိုးလို့ လာပြန်ပါတယ်။ တေးဂီတ ဖျော်ဖြေပွဲကြီးတွေ၊ လာမယ့် ဆီးဂိမ်းပြိုင်ပွဲရဲ့ ဖွင့်ပွဲ ပိတ်ပွဲတွေမှာလည်း ဂီတမှူးအဖြစ် တာဝန်ယူနေရတဲ့ ဓီရာမိုရ်ဟာ လက်ရှိမှာ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ဂီတပညာဌာနရဲ့ တွဲဘက် ပါမောက္ခ (ဌာနမှူး) အဖြစ် တာဝန်ထမ်းဆောင်နေရင်း သူရဲ့ ကိုယ်ပိုင်ဂီတ ဖန်တီးမှု ပုံစံတွေနဲ့အတူ မြန်မာသံစဉ်တူရိယာနဲ့ အနောက်တိုင်း သံစဉ်တူရိယာ ပေါင်းစပ်မှု အပေါ် သူ့ရဲ့ အမြင်နဲ့ ခံယူချက်တွေကို ဧရာဝတီက မေးမြန်းထားပါတယ်။
မေး။ ။ ကိုဓီရာမိုရ် အနေနဲ့ ကိုယ်ပိုင်ဖန်တီးတဲ့ ဂီတသံစဉ်တခု ဖြစ်လာဖို့ ဘယ်လိုတူရိယာမျိုးကို အဓိကထား အသုံး
ပြုတတ်ပါသလဲ။
ဖြေ။ ။ အရင်တုန်းကတော့ ဂစ်တာပေါ့နော်။ ဂစ်တာကို ပိုပြီးရင်းနှီးတော့ ဂစ်တာနဲ့ပဲ ကျနော် ဖန်တီးတာများတယ်။ ဒါပေမယ့် တခါတလေ ကျတော့လည်း သီချင်းသံစဉ်တွေက ဂစ်တာမရှိဘဲနဲ့ သွားရင်းလာရင်း နဲ့လည်း သူ့ဘာသာသူ ဝင်လာတာတွေလည်း ရှိတယ်။ အဲဒါကိုမှ သီချင်းပုံစံ ဖန်တီးတဲ့အခါမှာ ဂစ်တာလိုတာပေါ့နော်။ အခုနောက်ပိုင်း ကျတော့လည်း ဂစ်တာမရှိဘဲနဲ့ ရေးဖြစ် တာတွေလည်း အများကြီးရှိပါတယ်။
မေး။ ။ ဖန်တီးတဲ့သူအနေနဲ့ ဂစ်တာဆိုတဲ့ တူရိယာတခုတည်းနဲ့တင် မဟုတ်ဘဲ တခြား ကိုယ်အားသန်ရာ တူရိယာ တခုခုနဲ့လည်း သံစဉ်တခုကို ဖန်တီးတဲ့ အနေအထားမျိုးရှိလား။
ဖြေ။ ။ ရှိတာပေါ့။ ဂစ်တာနဲ့ ပထမဆုံး သံစဉ်ရှာတယ်ဆိုတဲ့ အဖြေမျိုးတော့ မဟုတ်ဘူးပေါ့။ စပြီးဖြစ်လာတာက သူ့ဘာသာသူ ဒီအတိုင်း အလွတ်လည်း ဖြစ်လာနိုင်တယ်။ ကျနော့်အနေနဲ့ကတော့ ဂစ်တာကို တီးပြီး စပြီး သံစဉ်ရှာမယ် ဆိုတာကတော့ နည်းနည်း ရှားတယ်။ စပြီးဖြစ်လာတာက ဘယ်က ဖြစ်မှန်းမသိတဲ့ စိတ်ကူးတခုက သူ့ဘာသာသူ ဝင်လာတာ။ အဲဒါကို ထပ်ပြီး ချဲ့ထွင်တဲ့အချိန်မှာ ဂစ်တာကို အသုံးချတယ်ပေါ့နော်။ ဂစ်တာကို တီးပြီးတော့ သံစဉ်ကို လိုက်ရှာနေတဲ့ ဟာမျိုးမဟုတ်ဘူး။ တခြားသူတွေမှာလည်း စန္ဒရားနဲ့ ရှာတာတွေလည်း ရှိမယ်၊ ပတ်ဝိုင်းနဲ့၊ ရိုးရာတူရိယာနဲ့ ရှာတဲ့သူလည်း အမျိုးမျိုး ရှိမှာပါ။
မေး။ ။ အဲဒီလို သံစဉ်တခု ဖန်တီးတဲ့အခါမှာ တူရိယာတခုကနေတခု အကူးအပြောင်း၊ ဥပမာ – ခေတ်ပေါ်သံစဉ်ထဲမှာ မြန်မာ့ ဆိုင်းဝိုင်းကြီးရဲ့ သံစဉ်တွေ ရောစပ်ထည့်သွင်းလိုက်တဲ့ ပေါင်းစပ်မှု တခုဟာ မတူကွဲပြားတဲ့ ပေါင်းစပ်မှုတခုလို့ ပြောလို့ရမလား။ ဒီလို ပေါင်းစပ်တဲ့အခါမှာ ဘာတွေကို အဓိက ထားသင့်ပါသလဲ။
ဖြေ။ ။ ဒါကတော့ သူ့ခေါင်းစဉ်နဲ့သူ ရပ်တည်နေတဲ့ ဂီတပုံစံတွေပါ။ ပေါ့ပ် ဆိုလည်းပေါ့ပ်၊ ရော့ခ် ဆိုလည်းရော့ခ် ဆိုပြီး သူ့ Character တွေ ရှိပြီးသား၊ အခြေခံပုံစံတွေက ရှိပြီးသားလေ။ ရိုးရာဂီတ ဆိုတာလည်း ရိုးရာဂီတ သူ့ဘာသာသူ ရှိပြီးသား။ ဒါပေမယ့် ကျနော့်ရဲ့ နည်းလမ်းက ကျတော့ အတွင်းကျကျ သီအိုရီတွေကို လေ့လာတယ်။ အဲဒီလို လေ့လာတဲ့အခါကျတော့ ဟိုး အတွင်းထဲမှာ ရှိနေတဲ့ ကြောရိုးပေါ့။ အဲဒါတွေက တူညီတဲ့ အချက်တွေ အများကြီးရှိတယ်။ အဲဒီ ကြောရိုးကိုသွားပြီး အခြေခံ ပြီးတော့ ကျနော်တို့က ဖွဲ့စည်းတယ် ပေါ့နော်။ ကြောရိုးကို အဓိကသွားပြီး ဖွဲ့စည်းလိုက်ပြီးတော့ အပြင်က တန်ဆာဆင်တဲ့ အခါကျတော့ ဘယ်လိုပဲ တန်ဆာ ဆင်ဆင် ရတာပေါ့နော်။ ကျနော်တို့ အဝတ်အစားတွေ ဒီဇိုင်း ဆင်သလိုပေါ့။ အခြေခံကဘာလဲ၊အဲဒီအခြေခံပေါ်မှာမှ ပန်းပွင့်တွေ ထိုးတာတို့၊ စီးကွင့်တွေ ထိုးတာတို့ အဲဒါကို ဘယ်လိုပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ အဲဒီ သဘောပါပဲ။ ပြောရမယ် ဆိုရင်တော့ သူ့ဟာနဲ့သူ မတူညီတဲ့ ခေါင်းစဉ် အောက်မှာ ရှိနေတာပေါ့။ ကျနော်ကတော့ အဲဒါကို ဘယ်လိုလုပ်လဲ ဆိုတော့ ဟိုးအတွင်းထဲအထိ လေ့လာတယ်။ အဲဒီလို လေ့လာတဲ့အခါမှာ တူညီတဲ့ အခြေခံ အချက်အလက်တွေက သွားရှိ နေတယ်။ အဲဒီလို ရှိနေတော့ ဒါကတော့ အမြဲတမ်း ပေါင်းစပ်နေကျ မဟုတ်ပေမယ့် ပေါင်းစပ်လို့ မရဘူးလား ဆိုတော့ ရတယ်ပေါ့နော်။
မေး။ ။ ကိုဓီရာမိုရ်အနေနဲ့ ဘယ်လိုသံစဉ် တီးလုံးမျိုးကို မဆို ဖန်တီးတဲ့ နေရာမှာ ကိုယ့်ထက် တတ်ကျွမ်းတဲ့ ပညာရှင်တွေ၊ ဂီတ ပညာရပ်တွေကို စု၊ တု၊ ပြု ပြီး ကိုယ့်ဖန်တီးမှုြုဖစ်အောင် ဖန်တီးတာမျိုးကော ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။ ကျနော်တို့ကတော့ Classic နဲ့ ပတ်သက်ရင် Mozart၊ Beethoven အဲဒါမျိုးတွေကို လေ့လာရတာပေါ့။ ထုထည်ဖြစ်အောင် ဘယ်လိုလုပ်ရလဲ ပေါ့နော်။ အခြေခံကို ဘယ်လိုထားလဲ၊ အပေါ်ကအလွှာကို တလွှာချင်း တလွှာချင်း ဘယ်လို လုပ်လဲပေါ့။ အဲဒါကို လေ့လာရတယ်။ ဒါကတပိုင်း။ ပြီးရင် ဒီဘက်က ပေါ့ပ်ဆိုရင် ပေါ့ပ်ပေါ့နော်။ ကျနော် အရမ်းကြိုက်တာဆိုရင် Queen အဖွဲ့ကို ကြိုက်တယ်။ အဲ့ဒီအဖွဲ့ရဲ့ Modulation တွေကို ဘယ်လိုလုပ်လဲပေါ့။ မြန်မာပြည်မှာဆို ထူးအိမ်သင်ကို ကြိုက်တယ်။ အဲဒါမျိုးတွေကို လေ့လာတယ်။ လေ့လာပြီးတော့ ကျနော် တကယ် ဖန်တီးတဲ့အချိန်မှာ အဲဒါ တွေရဲ့ အရိပ်အငွေ့ လုံးဝမပါအောင် ကျနော် ကြိုးစားတယ်။ လွှမ်းမိုးမှု မရှိအောင် ကိုယ့်ရဲ့ ကိုယ်ပိုင် ဖြစ်အောင် ကြိုးစားရတာပေါ့။
မေး။ ။ မြန်မာ့ဆိုင်းဝိုင်း ကြီးနဲ့အတူ အနောက်တိုင်း တူရိယာတွေ တွဲဖက် အသုံးမပြုရဘူးဆိုတဲ့ သတ်မှတ်ချက် အပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ကျနော့်အမြင်အတိုင်း ပြောရမယ်ဆိုရင်တော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းချင်တယ် ဆိုတဲ့ဆန္ဒနဲ့ အဲဒီလို သတ်မှတ်ချက်မျိုးကို ထုတ်လိုက်တယ်လို့ ထင်ပါတယ်။ ဒီဘက်မှာကျတော့ ပေါင်းစပ်ခဲ့တာတွေက ရှိခဲ့တယ်လေ။ ရှိခဲ့ပါတယ်။ ဟိုအရင် မြို့မငြိမ်းတို့ လက်ထက် ကတည်းကိုက ဒါတွေဟာ ပေါင်းစပ်ခဲ့တယ်။ မြန်မာ့တူရိယာနဲ့ အနောက်တိုင်း တူရိယာ ပေါင်းစပ်ခဲ့တာ ရှိတယ်။ဒါပေမယ့် ပြောရမယ်ဆိုရင် စနစ်တကျ ပေါင်းတာနဲ့ စနစ်တကျ မပေါင်းတာတွေ အဲဒါတွေ ကွာတာ ပေါ့နော်။ စနစ်တကျ ပေါင်းစပ်တဲ့အခါမှာ အလှတရား တခုက သူ့ဘာသာသူ ဖြစ်လာတယ်။ သူ့ဂုဏ်ကလည်း မကျသွားပါဘူး။ စနစ်တကျ မပေါင်းစပ်တဲ့ အခါမှာတော့ အဲဒါတွေက နောက်ကျိသွားတာပေါ့။ နောက်ကျိ သွားပြီးတော့ အရမ်းကြီး ပုံပျက် ပန်းပျက်ပေါ့။ ပြောရရင် သရုပ်ပျက် ဖြစ်သွားတာပေါ့နော်။ အဲဒီလို ပုံစံမျိုး ဖြစ်သွားတာတွေလည်း ရှိတယ်။ အဲဒီတော့ မြန်မာ့ ဂီတကို အရမ်းကို အမျှော်အမြင် ကြီးကြီးနဲ့ ထိန်းချင်တဲ့ လူတွေအနေနဲ့ ဒါကတော့ သရုပ်ပျက် အခြေအနေ မဖြစ်သွားသင့် ဘူးပေါ့။ လူတယောက်က ထူးဆန်းရင်တော်ပြီ၊ ဖြစ်ချင်ရာဖြစ် ပုံစံမျိုးနဲ့ ပေါင်းစပ်တာ ကျတော့လည်း မကောင်းဘူးလို့ ပြောရမှာပါ။တကယ့်ကို အခြေခံကျကျ သူ့တန်ဖိုးတွေကို မကျဆင်း စေဘဲနဲ့ ဘယ်လိုပဲ ပေါင်းပေါင်း သူ့တန်းဖိုးနဲ့သူ ထားပြီတော့ ပေါင်းစပ်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ ခုနကလို ပုံပျက်ပန်းပျက် ဖြစ်သွားတာကို ကာကွယ်ချင်တဲ့ သဘောနဲ့ ဒီဟာကို ထုတ်တာလို့ ကျနော်ကတော့ ထင်ပါတယ်။ မြန်မာ့ဂီတကို ပိုပြီး ထိန်းသိမ်းတဲ့ အမြင်မျိုးကို ထားပြီးတော့ ထုတ်တာလို့ ထင်ပါတယ်။
မေး။ ။ အရင်ကရှိနေတဲ့ မြန်မာ့ရိုးရာ ဂီတသံစဉ် တေးသီချင်းတွေကို အခုနောက်ပိုင်းမှာ ခေတ်ပေါ်သံစဉ်တွေနဲ့ ပေါင်းစပ် ဖန်တီး လာတာတွေလည်း ရှိနေတော့ ဒီလိုအနောက်တိုင်း တူရိယာနဲ့ မြန်မာ့ဆိုင်းဝိုင်းကို တွဲဖက်မသုံးရဘူး ဆိုတဲ့ ကန့်သတ်ချက်အပေါ် မဖြစ်သင့်ဘူး၊ ဒါဆိုရင်လည်း မြန်မာ့ရိုးရာဆိုတာကို မှန်ဘောင်ထဲမှာထားပြီး အလှကြည့်နေလိုက်တော့ ဆိုတဲ့ အသံမျိုးတွေ ဖန်းတီးသူတွေ အပိုင်းမှာ ထွက်လာနေတော့ အဲဒီအပေါ်ကိုကော ကိုဓီရာမိုရ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒါကတော့ အရမ်းတော့ ကျနော်တို့ ကောက်ချက်ချလို့ မရဘူးပေါ့နော်။ အရမ်းကြီးလည်း အဲဒီလို ပြောလို့မရဘူးလို့ ထင်တယ်။ ကျနော်တို့က သေသေချာချာ ဇစ်မြစ် နည်းနည်းလေး လေ့လာပြီးတော့မှ ဝေဖန် သုံးသပ်တာတော့ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ခုနက ပြောတဲ့သူတွေကိုလည်း မှားတယ်လို့ ကျနော် ပြောတာ မဟုတ်ပါဘူး။ ပေါင်းစပ်တယ်ဆိုတဲ့ အချိန်မှာ ဘာမှကို မတွေးဘဲနဲ့ ထူးဆန်းအောင် လုပ်ချင်တဲ့ ဆန္ဒတခုတည်းနဲ့ ပုံပျက်ပန်းပျက် ဖြစ်အောင် ပေါင်းစပ်တာမျိုးကိုတော့ ကျနော်တို့ သတိထား သင့်တာပေါ့။ ဒါကို ပရိသတ်အနေနဲ့ သိသင့်တာပေါ့။ ဒါက တကယ့်တကယ်တော့ ကိုယ့်ရိုးရာရဲ့ ဂုဏ်ကို မြှင့်တင်နေတာမှ မဟုတ်တာ။ မြှင့်တင်တဲ့ ပုံသဏ္ဍာန်၊ အသွင်သဏ္ဍာန် မရောက်ရင်တော့ ဒါက နည်းနည်း အန္တရာယ်ရှိတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့ ဘယ်ကဏ္ဍမှာမဆို အဲဒီလို ပေါင်းစပ်မှုမျိုးတွေက ရှိပါတယ်။ အဝတ်အစား ကဏ္ဍပဲဖြစ်ဖြစ်၊ ဒီဇိုင်း ကဏ္ဍပဲ ဖြစ်ဖြစ် ဒါတွေက ရှိတယ်။ ဒါပေမယ့် အချိုး ညီညီနဲ့ သူ့ဟာနဲ့သူ အလှတရားတွေ မပျောက်အောင်၊ သူ့တန်ဖိုးတွေ မပျောက်အောင် ပေါင်းစပ်တဲ့ အခါကျရင်တော့ တကယ်ကို ပိုပြီးတော့ ကောင်းတဲ့၊ Unique ဖြစ်တဲ့ဟာ တခု ဖြစ်လာတာပေါ့နော်။ အဲဒီလိုမှ မဟုတ်ဘဲ အတင်းကြီး ဒါလုပ်လိုက်ရင် ထူးဆန်းမှာပဲ ဆိုပြီးတော့ လုပ်တဲ့ ဟာမျိုးကျတော့ နည်းနည်းလေး အန္တရာယ် ရှိတာပေါ့။ တကယ့်ကို ထဲထဲဝင်ဝင် ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ ဆိုတာကို သေချာသိဖို့ ဒီ Message တွေကတော့ လိုသေးတယ်လို့ ထင်တာပေါ့နော်။ အဲဒါကလည်း သေချာကို ကန့်သတ်လိုက်တဲ့ အချိန်မှာလည်း ဘာကြောင့် ဆိုတဲ့ ဟာမျိုး ပေါ့နော်။ အဲဒါမှလည်း လူတွေက ပိုသိမှာပေါ့။ အခုကျတော့ ဗြုန်းကနဲ အမြင်တော့ ခုနက ပြောတဲ့ စကားမျိုးတွေ ထွက်လာတာ ပေါ့။ ဒီလိုကြီး လုပ်တာကတော့ မကောင်ဘူး ထင်တယ်ဆိုတဲ့ အမြင်မျိုးတွေ၊ ချက်ချင်းဝေဖန်တဲ့ ဟာမျိုးတွေ ထွက်လာတာ ပေါ့နော်။ ဒါကတော့ သဘာဝက သဘာဝပါပဲ။
မေး။ ။ ဒီလို ပြန်လည် ဆန်းသစ်တာဟာ နဂို ရှိနေတဲ့၊ ဟောင်းနေတဲ့ အရာတခုကို ပြန်လည် ထိန်းသိမ်း ဖော်ထုတ်တာ ဖြစ်တယ်လို့ ခံယူနေကြတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အဲဒီအားလုံးရဲ့ အဖြေတခု ရှိပါတယ်။ အဲဒါက ထိန်းသိမ်းတယ် ဆိုတဲ့ အပိုင်းကို သေချာ နားလည်ဖို့လိုတယ်။ ဂီတသမား တွေကော၊ ပရိသတ်တွေကောပေါ့။ အထူးသဖြင့် ဂီတကို ဖန်တီးတဲ့ သူတွေပေါ့။ အဲဒီ အပိုင်းကို ကဏ္ဍခွဲပြီးတော့ သေချာ လုပ်သင့်တယ်။ ထိန်းသိမ်းတဲ့ နေရာမှာ လုံး၀ ဘာနဲ့မှ မပေါင်းစပ်နဲ့၊ ဟိုးအရင် အလှတရား အတိုင်းကို အရင်အတိုင်း ထိန်းသိမ်း၊ ဒါပေမယ့် အဲဒါကို အတတ်နိုင်ဆုံး တီးဟန်တွေကအစ အကုန်လုံးကို အရင်အတိုင်း ထိန်းသိမ်း၊ ဒါတခုဟာ ကျနော်တို့အတွက် အရေးတကြီး လိုအပ်တယ်။ သိဖို့လည်း လိုအပ်တယ်။ နောက်တချက် ဘာလဲဆိုတော့ ဆန်းသစ် တီထွင်တာပေါ့နော်။ ဆန်းသစ်တီထွင်တဲ့ အပိုင်းကိုလည်း ရှင်းရှင်းလင်းလင်းပေါ့။ ဒါက ဆန်းသစ်တီထွင်တာ၊ ဒါက ပေါင်းစပ်တာ၊ ဖန်တီးတာ။ အဲဒီမှာ ကျတော့ နည်းနည်း ပိုလွတ်လပ်တယ်။ ပိုလွတ်လပ်တယ် ဆိုပေမယ့် အဲဒီအပိုင်းကို သူ့ရဲ့ ဂုဏ်သိက္ခာတွေ တန်ဖိုးတွေ မကျဆင်းအောင်၊ ပိုပြီးတော့ မြင့်နေအောင် အဲဒီအပိုင်းကို ဖန်တီးတဲ့သူလည်း သိသင့်တယ်။ ပရိသတ်လည်း သိသင့်တယ်။ ကျနော်တို့မှာရှိနေတဲ့ လက်ရှိ အခြေအနေအရပြောမယ်ဆိုရင် Music Education ပေါ့။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နိုင်ငံမှာ နားလည်မှုက နည်းနေသေးတယ်။ နားလည်မှု နည်းနေသေးတဲ့ အတွက် ဒီလို မေးခွန်းမျိုး၊ အတွေးမျိုးတွေ ဖြစ်နေသေး တာပေါ့။ အဲဒီအပိုင်းကို တကယ်တော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ကို လိုအပ်နေတာ။ နောက်ပြီးတော့ အပိုင်း ၂ ပိုင်းကို သေချာခွဲခြားပြီးတော့ လုပ်သင့်တယ်၊ တန်ဖိုးထားသင့်တယ်။ အဲဒါဆိုရင် အားလုံးအဖြေက ရှင်းသွားလိမ့်မယ်။ နိုင်ငံတကာ မှာလည်း တကယ်တော့ အဲဒီအတိုင်းပဲ လုပ်နေတာ။ ထိန်းသိမ်းတာဆိုလည်း လုံးဝဘာမှ မပေါင်းစပ်ဘူး။ ဟိုးအရင်က အတိုင်း ဆိုတယ်၊ အရင်ကအတိုင်း တီးတယ်။ နောက် ဒီဘက်မှာ ဆန်းသစ်တီထွင်တဲ့ အပိုင်းကျတော့လည်း ထိန်းသိမ်းတာကို ဒီလောက် အထိ မငဲ့တောဘူး။ စိတ်ဝင်စားစရာ ကောင်းအောင် လုပ်တယ်၊ ဒါပေမယ့် တန်ဖိုးတွေ မကျဆင်းအောင် လုပ်တယ်။ အဲဒီနှစ်ပိုင်းကို သေသေချာချာ ဂီတသမားတွေ ဘက်ကရော၊ ဖန်တီးသူတွေ ဘက်ကရော၊ ပရိသတ်ကော တကယ်နားလည်ဖို့ ခုနက Music Education ဆိုတဲ့ အရာက လိုအပ်နေတယ်။ အဲဒီအပိုင်း နှစ်ပိုင်းကို ပိုပြီး ခွဲခြားသိလာရင် ဒီပြဿနာက ဘာမှ ပြောစရာ မရှိ တော့ဘူး။ ဒီလောက်အထိလည်း ငြင်းခုန်နေစရာ မလိုတော့ဘူး။ လက်ရှိ အချိန်အထိကတော့ ပရိသတ်ကလည်း ရောထွေး နေတယ်။ ဖန်တီးနေတဲ့ ဂီတသမားတွေ ဘက်မှာလည်း ရောထွေးနေတာတွေ အများကြီး ရှိနေတယ်။ ဒီ ရောထွေးနေတဲ့ ပြဿနာက အခုမှတင် မဟုတ်ဘူး၊ ကြာပြီ။ ဆိုတော့ ဒါတွေက လူတိုင်းမှာ ရှုပ်ထွေးစရာတွေ ဖြစ်နေတာပေါ့။ သူက ထိန်းသိမ်း နေတာလား၊ ဆန်းသစ်တီထွင် နေတာလားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောထွေးနေတယ်။ ထွက်တဲ့အဖြေ၊ သုံးသပ်တဲ့ သုံးသပ်မှု
တွေကလည်း ရောထွေးကုန်တာပေါ့။
မေး။ ။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေရဲ့ နောက်ခံတေးဂီတတွေကို ဖန်းတီးတဲ့သူ တယောက်အနေနဲ့ ဇာတ်ကား
တကားအတွက် နောက်ခံတေးဂီတရဲ့ ပံ့ပိုးနိုင်မှု အပိုင်းက ဘယ်လောက်အထိ အရေးပါတယ်လို့ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ အဲဒါကလေ တိတိကျကျ ဘယ်နှရာခိုင်နှုန်းတို့ ဘာညာ ပြောတာက ကျနော်တို့ တိကျတဲ့အဖြေ ရနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုမျိုးလည်း ကျနော်က မခံယူထားဘူး။ သူက အတိုင်းအတာ တခုအထိ ပံ့ပိုးနိုင်တယ်၊ အများကြီးလည်း ပံ့ပိုးနိုင်တယ်။ ရုပ်ရှင်မှာ အရုပ်နဲ့ ပြရတဲ့နေရာမှာ အရုပ်နဲ့ချည်း ပြလို့မရတဲ့အရာတွေ အများကြီးရှိတယ်။ အဲဒီမှာ ကျနော်တို့က အသံနဲ့ ပြရတယ်။ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မျိုးပဲ ဖြစ်ဖြစ်၊ တခုခုပေါ့နော်။ အသံရဲ့ Image က လူတွေဆီမှာ အမြဲတမ်း ရှိနေတယ်လေ။ နောက်ပြီး ဒီအရုပ်ကိုပဲ ပိုပြီးတော့ ကြွတက်လာအောင်၊ ပိုပြီးတော့ ခံစားရစေသော ပြကွက်မှာလည်း အသံရဲ့ ပံ့ပိုးမှုက အများကြီးရှိနေတယ်။ ဒါပေမယ့် ဒါတွေက ဘယ်လောက် ရာခိုင်နှုန်းအထိ ဆိုတာ ဘယ်သူမှ တိတိကျကျ ပြောလို့ရမှာ မဟုတ်ဘူး။ တချို့ ရုပ်ရှင် ကားတွေ ဆိုရင် နောက်ခံတေးဂီတ လုံးဝမပါတဲ့ ကားတွေရှိတာပဲ။ အဲဒီလို တေးဂီတ မပါလို့ ဒီကားက မကောင်းဘူးလား ဆိုတော့ တကယ်တော့ ကောင်းနေတာပဲ။ ကောင်းအောင် လုပ်ရင် ကောင်းတာပေါ့။ ဒါဟာ တင်ပြပုံအပေါ် မူတည်တာပေါ့နော်။ တချို့ Musical ကားမျိုးကျတော့ ဂီတက အများကြီး အရေးပါသွားတာပေါ့။ ဂီတရဲ့ ရာခိုင်နှုန်း အများကြီး ပါလိမ့်မယ်။ ဒါကို ယေဘုယျ ခြုံငုံပြီးတော့ ဘယ်လောက် အရေးပါတယ်ဆိုပြီး ပြောဖို့တော့ မလွယ်ဘူး။ ပြောတိုင်းလည်း မှန်မှာ မဟုတ်ဘူးလို့ ကျနော်
ကတော့ ထင်တယ်။ ကျနော့် အနေနဲ့ ပြောရရင်တော့ အတိုင်းအတာ တခုအထိ ထိထိရောက်ရောက် အရေးပါတယ်။
မေး။ ။ ရုပ်ရှင် ဇာတ်ကားတွေ၊ အထူးသဖြင့် ဗီဒီယို နောက်ခံ တေးဂီတတွေကို ကြည့်လိုက်ရင် နိုင်ငံခြား ဇာတ်ကားထဲက သီချင်း တီးလုံးတွေ သုံးချင်သုံးတယ်၊ ဒါမှမဟုတ် ဒီဇာတ်ကားမှာ သုံးထားတဲ့ နောက်ခံတီးလုံး နောက်ဇာတ်ကား တော်တော် များများ မှာလည်း ကြားနေရ တတ်တယ်။ မြန်မာနိုင်ငံရဲ့ ဒီလိုဖြစ်နေတဲ့ အနေအထားအပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ဒါကို အနုပညာ တခုတည်းနဲ့ သုံးသပ်လို့ မရဘူးလို့ ထင်တယ်။ အဲဒါရဲ့နောက်ကွယ်မှာ အဓိက အရေးအကြီးဆုံး အချက်တခု ရှိတယ်။ အဲဒါဘာလဲဆိုတော့ ငွေကြေးနဲ့ ဈေးကွက်ပေါ့။ ကျနော်တို့ရဲ့ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေက ကျနော်တို့ တိုင်းပြည်ထဲမှာ လည်ပတ်နေတာ။ အဲဒီ ဗီဒီယိုတကား၊ ရုပ်ရှင်တကားမှာ လည်ပတ်တဲ့ ငွေကြေးက တကယ်တော့ ဘာမှ မပြောပ လောက်တဲ့ ငွေကြေးပေါ့။ မဖန်တီး နိုင်ကြတာတော့ မဟုတ်ဘူး။ ဒီမှာလည်း ဖန်တီးနိုင်တဲ့ လူငယ်တွေ ရှိတာပဲ။ လူကြီးတွေ ပညာရှင်တွေလည်း ရှိတယ်။ ဒါပေမယ့် အခြေအနေအရ အချိန်လည်း မပေးဘူး၊ ငွေလည်း မပေးဘူး။ အဲဒီအခါကျရင် သူပေးတဲ့ အချိန်နဲ့ ငွေ ပေါ်မှာ မူတည်ပြီးတော့ ဒါတွေက ဒီလိုပဲ ဖြစ်တာပေါ့။ အဲဒါကို တောင့်ခံပြီးတော့ ကိုယ့်ဟာနဲ့ကိုယ် ဆိုပြီးတော့ လုပ်မယ့်သူတွေလည်း ရှိတယ်၊ လုပ်နေကြတာလည်း ရှိတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး မတွင်ကျယ်သေးတာ။ နိုင်ငံခြားကားနဲ့ ယှဉ်ပြီး ပြောလို့မရတာက သူက ဈေးကွက် ကြီးတယ်လေ။ တခြားနိုင်ငံတွေ ဆိုလည်း ဖွံ့ဖြိုးတဲ့ နိုင်ငံတွေဆိုတော့ ဈေးကွက် ကြီးတယ်လေ။ ပိုက်ဆံ ဘတ်ဂျက် အများကြီး သုံးနိုင်တယ်၊ အချိန်လည်း သုံးနိုင်တယ်။ အဲဒီ အပေါ်မှာလည်း အဓိက ကွာနေတာ ပါ။
မေး။ ။ ကိုယ်ပိုင် ဖန်တီးမှုတွေကို အားစိုက် လုပ်ဆောင်နေတဲ့သူ တယောက်အနေနဲ့ ဂီတကို လက်တွေ့မှာ ကိုယ်ပိုင် ဖန်တီးချင် ကြတဲ့ သူတွေအတွက် ဘယ်လိုအရာတွေ လိုအပ်သလဲဆိုတာ အကြံပေးပါဦး။
ဖြေ။ ။ ကိုယ်ပိုင် ဖန်တီးမှု လုပ်မယ့်သူတွေ အတွက်ကတော့ အရင်ဆုံး ကိုယ်ပိုင်ဖန်တီးမှုရဲ့ တန်ဖိုးကို အရမ်း တန်ဖိုးထား တတ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်ဖန်တီးမှုက တန်ဖိုးအနေနဲ့ အရမ်းကို ကြီးပါတယ်။ ကိုယ်ပိုင် ဖန်တီးမှု လုပ်မယ်ဆိုရင် အိပ်မက်တွေကို ကျနော်တို့က လက်တွေ့ဖြစ်အောင် လုပ်ရတာပေါ့။ အရင်ဆုံး စိတ်ကူးထဲမှာ ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာတဲ့ အသံတွေနဲ့ တီးခတ်တဲ့ သူတွေနဲ့ ပေါင်းစပ်ပြီးတော့မှ ညှိနှိုင်းပြီး ကိုယ့်စိတ်ကူးထဲ၊ ကိုယ့် အိမ်မက်ထဲမှာ ကြားခဲ့တဲ့ အသံကို အပြင်ကို တကယ်ရောက်အောင် လုပ်ရတဲ့အတွက် အဲဒီမှာ အတတ်ပညာက လိုအပ် လာပါတယ်။ အတတ်ပညာမှာ အားနည်း နေရင်လည်း အအ အိပ်မက် မက်သလိုပဲ။ ကိုယ့်စိတ်ထဲမှာ ဒါကြီးက အရမ်းကောင်း နေတယ်။ ဒီလို ခမ်းနားနေတာ သိနေတယ်။ ဒါပေမယ့် တကယ် ဖန်တီးတော့ အဲဒီအတိုင်း ထွက်မလာဘူး။ သူများကိုလည်း အဲဒီအတိုင်း ဖြစ်လာအောင် ပြောဖို့က မလွယ်ဘူး။ ဒီလိုမျိုး အခက်အခဲတွေလည်း လက်ရှိ လောလောဆယ်မှာ ကြုံနေရသေးတယ်လို့ ထင်တယ်။ အဲဒီတော့ သီအိုရီနဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်အောင် လုပ်တဲ့နေရာမှာ အတတ်ပညာရဲ့ပေါင်းစပ်မှုပေါ့နော်။ အဲဒီအပိုင်းကိုလည်း သေချာ ဂရုစိုက်ပြီး လေ့လာ သင့်တယ်လို့ ထင်တယ်။ အဓိကကတော့ အဲဒီနှစ်ချက်ပါပဲ။ နောက်တခုက အကိုးအကားတွေ ကောင်းဖို့လည်း လိုတယ်။ တကယ့် ကိုယ်ပိုင် ဖန်တီးမှုတွေလုပ်တဲ့ နိုင်ငံတကာ ဗဟုသုတတွေလည်း သိဖို့လိုတယ်။ အဲဒီအပေါ်မှာ လေ့လာဖို့ လိုတယ်။ ဒီလိုပုံစံဆို ဘယ်လို ဖန်တီးရတယ် ဆိုတာမျိုးပေါ့။ ကိုယ့်ရဲ့ အိပ်မက်ကို မရောက် ရောက်အောင် ဖန်တီးနိုင်တဲ့ အင်အားတွေ၊ အစွမ်းတွေ အဲဒါမျိုးတွေ လိုတယ်။ တကယ်တော့ ဂီတဆိုတာ လက်တွေ့တွေပဲလေ။ စိတ်ကူးကနေ လက်တွေ့ ဖြစ်လာအောင် ပညာရပ်နဲ့ ပေါင်းစပ်ပြီးတော့ လုပ်တာကို ဂီတရယ်လို့ မဟုတ်ပါဘူး။ အနုပညာအားလုံး ဒီအတိုင်းပါပဲ။
မေး။ ။ တိုးတက် ပြောင်းလဲလာမှုတွေနဲ့ အတူ နိုင်ငံတကာ ဆိုတာမျိုးကို သွားတော့မယ့် အခြေအနေမှာ လက်ရှိ ဂီတ ဖန်တီးနေသူတွေ အနေနဲ့ကော၊ နောင်လာ နောက်သား ဂီတသမားတွေ အနေနဲ့ပါ ကိုယ်ပိုင်ဖန်တီးမှုတွေ ဖြစ်လာသင့်ပြီလို့ ယူဆပါသလား။
ဖြေ။ ။ ယူဆတာပေါ့။ ကျနော်က ဟိုအရင်ကတည်းက အဲဒီ အယူအဆ တခုတည်းနဲ့ ချီတက်လာတာပေါ့။ ကျနော်တို့ ခေတ်တုန်းက ဂစ်တာစပြီး တီးတဲ့အချိန်မှာ ဆိုရင် ကိုယ်ပိုင်ဖန်တီးမှုတွေက အရမ်းလွှမ်းမိုးခဲ့တယ်လေ။ ကိုခိုင်ထူး၊ ကိုထူးအိမ်သင်၊ ကိုခင်ဝမ်း၊ ကိုခင်မောင်တိုး၊ ကိုစိုင်းထီးဆိုင်တို့ တော်တော်များများက ကိုယ်ပိုင်သံစဉ် အထင်ကရ ပုဂ္ဂိုလ်တွေ၊ အဲဒီလောက် အထင်ကရ မဖြစ်ဘဲနဲ့ ကိုယ်ပိုင်အနေနဲ့ ရပ်တည်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ကျနော်တို့က အဲဒီရဲ့ အရိပ်အာဝါသ အောက်မှာ လေ့လာစရာတွေ အများကြီးနဲ့ ကြုံခဲ့တယ်။ နောက်ပိုင်းမှာ ကော်ပီတွေ လုပ်တယ် ဆိုတာကလည်း သူ့ရဲ့ လိုအပ်ချက်၊ပရိသတ်ရဲ့ လိုအပ်ချက်၊ အနုပညာရှင်တွေရဲ့ ဖြစ်တည်မှု၊ ပေါင်းစည်မှု ဒီအပေါ်မှာ ကော်ပီဆိုတာ ဖြစ်လာတယ်။ ဒါဟာလည်း ကျနော်တို့အတွက် လေ့လာစရာ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် ဖန်တီးမှု ဆိုတာကတော့ နိုင်ငံတကာ ဖြစ်တယ်။ ဒီထက် ပိုပြီးတော့ သွားတော့မယ် ဆိုရင်တော့ ကိုယ်ပိုင်ဖန်တီးမှု မလုပ်လို့မှ မရတော့တာ။ အဲဒီတော့ ဒါကတော့ တကယ့်ကို တန်ဖိုးထားပြီး ဂရုစိုက်၊ အားစိုက်ပြီးတော့ကို လုပ်ရမှာ။