[irrawaddy_gallery]
Miss April Queen 2013 ဆု၊ Miss Karmart ဆု၊ Miss Best Costume ဆုတွေရရှိထားတဲ့ မော်ဒယ်လ် ရွှေရည်ဝင်းနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဖက်ရှင် အလန်းစားတွေကို ဧရာဝတီပရိသတ် အတွက် ရိုက်ကူးခဲ့သမျှ တင်ဆက်ပေးလိုက်ပါတယ်။
ရွှေရည်ဝင်းရဲ့ အနာဂတ် ရည်မှန်းချက်တွေနဲ့ သူ့ရဲ့ပညာရေး၊ သူ ဖြစ်ချင်တာတွေကို မေးမြန်းတဲ့ အခါမှာတော့ ရွှေရည်ဝင်းက အနုပညာ အလုပ်ကို ဝါသနာပါလို့ လုပ်ခဲ့တာလို့ ဆိုပါတယ်။
အသက် ၂၁ နှစ်ရှိပြီ ဖြစ်တဲ့ ရွှေရည်ဝင်းဟာ အနုပညာ လမ်းကြောင်းထဲ ဝင်ရောက်ဖို့အတွက် ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး သူက ဥပဒေ ဘာသာရပ်နဲ့ ကျောင်းပြီးထားသူ တဦးလို့လည်း သိရပါတယ်။
“ရှေ့နေ စာမေးပွဲ ဝင်ဖြေဖို့ အသက် လိုနေသေးလို့ စောင့်နေရတာပါ။ အခုအချိန် မှာတော့ ရှိုးတွေ လျှောက်တယ်၊ အနုပညာ အလုပ်တွေ လုပ်နေရင်းနဲ့ ပညာရေးကိုလည်း ကြိုးစား လုပ်ကိုင်သွားမှာပါ။ ပညာရေးမှာလည်း ရွှေရည်က ထူးထူးချွန်ချွန် ဖြစ်ချင်ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး လေ့လာ ဖြစ်တာကတော့ ရွှေရည်က English Language Speaking ကို Intermediate Level ပြီးထားပါတယ်။ မိန်းကလေး တယောက်ဆိုပေမယ့် လူဆိုတာ သူ့နေရာနဲ့သူ တော်နေ၊ တတ်နေ သင့်တယ်လို့ ရွှေရည်ထင်ပါတယ်” လို့ ရွှေရည်ဝင်းက ပြောပါတယ်။
ရွှေရည်ဝင်းက တရားလွှတ်တော် ရှေ့နေ စာမေးပွဲ ဝင်ဖြေဖို့ စောင့်နေတာပါ။ အဲဒီစာမေးပွဲကို အသက် ၂၅ နှစ် ပြည့်မှ ဖြေလို့ရတာကြောင့် အသက် ၂၁ နှစ်သာ ရှိသေးတဲ့သူ့အတွက် အနုပညာအလုပ်တွေ လုပ်ရင်း ပညာရေးကိုပါ တတ်နိုင်သလောက် ကြိုစားသင်ယူနေတာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ဥပဒေ ပညာရပ်နဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် သိချင်တာကြောင့် ဒီဘာသာရပ်ကို ယူလိုက်တာ ဖြစ်တဲ့အကြောင်း၊ ဒီပညာနဲ့လည်း အသက်မွေးဝမ်းကြောင်း အလုပ် လုပ်ချင်တဲ့အကြောင်း ပြောပြပါတယ်။
ရွှေရည်ဝင်းက အလုပ်တခု လုပ်ပြီဆိုတိုင်း ရယူလိုမှုကို အရင်မစဉ်းစားဘူး၊ ကိုယ် ဘယ်လောက် သူများ အဆင်ပြေအောင် လုပ်ပေးနိုင်မလဲ ဆိုတာကိုပဲ အရင်စဉ်းစားတယ်၊ ကိုယ်လုပ်ပေးလိုက်လို့ သူများ အဆင်ပြေသွားတယ် ဆိုရင် ကျေနပ်တယ်လို့ ဆိုပါတယ်။
“အလုပ်လုပ်ပြီဆိုရင် ဘယ်အလုပ်ပဲ ဖြစ်ဖြစ် စေတနာထားပြီး လုပ်မှသာ စေတနာရဲ့ အကျိုးကို ပြန်ခံစားရတာပါ။ စေတနာ မထားရင် သူများအတွက်လည်း အဆင်မပြေသလို၊ ကိုယ်လည်း စေတနာအကျိုးကို ပြန်ခံစားရမှာ မဟုတ်ပါဘူး။ အဓိက ကတော့ ကိုယ်ပဲ ထိခိုက်နစ်နာတာပါ။ ရွှေရည်က အနုပညာ အလုပ်ကိုလည်း ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး လုပ်မယ်၊ ပညာရေးကိုလည်း ထူးချွန်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ရွှေရည်ဝင်းရဲ့ ခံယူချက်ကတော့ ပညာတတ်ရင် ဘယ်အလုပ်မှာ မဆို မျက်နှာငယ်စရာ မလိုဘူး ဆိုတာပါပဲ။
“အနုပညာ အလုပ်ကတော့ ကိုယ့်ကို ကမ်းလှမ်းလာသရွေ့ လုပ်မှာပါ။ ဘဝမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ လုပ်သင့်တဲ့ အလုပ်ဆိုပြီး လူတိုင်းမှာ ရှိပါတယ်။ ရွှေရည်ကတော့ ကိုယ်ဝါသနာ ပါလို့ လုပ်ချင်တဲ့ အလုပ်ရော၊ ကိုယ်လုပ်သင့်တယ်လို့ ထင်တဲ့ အလုပ်ကိုရော မျှပြီးလုပ်သွားမှာပါ။ အဓိက ကတော့ ဘဝတခုကို ရလာပြီဆိုရင် လူတိုင်းကတော့ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်ကြတာပဲလေ။ လူတိုင်းကတော့ အကောင်းဆုံး ဆိုတာတွေကိုပဲ လိုချင်ကြတာလေ။ အကောင်းဆုံးတွေ ကိုပဲ လိုချင်ရင် ကြိုးစားမှုဆိုတာ ရှိကိုရှိသင့်တယ်လို့ ရွှေရည်ထင်ပါတယ်” လို့ သူက ဧရာဝတီကို ဟြေပြခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဥပဒေဘွဲ့ရ မော်ဒယ်လ် ရွှေရည်ဝင်းဟာ အရပ် ၅ ပေ ၈ လက်မ ရှိပြီး သူ့ရဲ့ ကိုယ်ခန္ဓာ အတိုင်းအထွာ တွေကတော့ ၃၄၊ ၂၅၊ ၃၇ ဖြစ်တယ် ဆိုတဲ့အကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။