အင်တာနက် စာမျက်နှာတွေပေါ်မှာ သရုပ်ဆောင် မင်းမင်းထွဏ်း ပါဝင်တဲ့ “ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း” ဆိုတဲ့ ဗီဒီယိုဖိုင်ကို ပြည်သူတဦးက တင်ခဲ့ရာကနေ စတင်ပြီး မင်းမင်းထွဏ်း၊ ရိုက်ကူးသူ ဒါရိုက်တာနဲ့ ကြော်ငြာကုမ္ပဏီတို့ တရားစွဲဆို ခံရပေမယ့် အခု တရားရုံးက အာမခံပေးလိုက်ပြီလို့ သိရပါတယ်။
မင်းမင်းထွဏ်း၊ ဒါရိုက်တာ ဇော်ကိုကိုနဲ့ Mango ကြော်ငြာ ကုမ္ပဏီကို ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ရဲဝတ်စုံ သုံးစွဲမှု၊ တပ်ဖွဲ့ဂုဏ် ညှိုးနွမ်းစေမှုတို့အတွက် ပုဒ်မ (ပ) ၂၄၄/ ၁၃၊ ပုဒ်မ ၁၇၁/ ၅၀၀/ ၁၁၄ တို့နဲ့ တရားစွဲဆို အမှုဖွင့်ထားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲ အမှတ် ၆ ဒုတိယတပ်ခွဲမှူး ဦးသာဌေးက ဧရာဝတီကို ပြောပါတယ်။
ရန်ကုန် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာ လမ်းထောင့်၊ ဆူးလေမီးပွိုင့်မှာ Life and Dance အကအဖွဲ့ ခေါင်းဆောင် မင်းမင်းထွဏ်းက ယာဉ်ထိန်းရဲ ဝတ်စုံဝတ်ပြီး Vi Cee ဆေးပြား ကြော်ငြာကို ရိုက်ကူးနေစဉ်မှာ ပြည်သူတဦးက အမှတ်တရ ဗီဒီယို ရိုက်ကူးခဲ့ပြီး ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ တင်ခဲ့ရာက ပျံ့နှံ့ သွားခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဆောင် မင်းမင်းထွဏ်းက ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ပြီး Vi Cee ဆေးပြား ကြော်ငြာအတွက် သရုပ်ဆောင်ခဲ့တာကို ဒါရိုက်တာ ဇော်ကိုကိုက ရိုက်ကူးပြီး Mango ကြော်ငြာကုမ္ပဏီအတွက် ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ရဲမှူးကြီး ဦးသာဌေးက “ကျနော်တို့ဘက်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၁၊ ၅၀၀၊ ၁၁၄ တို့နဲ့ ဖွင့်ထားတာပါ။ ပြစ်မှုဆိုင်ရာ ၁၇၁ က ခွင့်ပြုချက် တစုံတရာ မရရှိဘဲနဲ့ ရဲဝတ်စုံကို ဝတ်ဆင်သုံးစွဲလို့၊ ပုဒ်မ ၅၀၀ ကတော့ တပ်ဖွဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှုပါ။ အမှုဖွင့်ထားတာက ကတဲ့ မင်းမင်းထွဏ်းရယ်၊ ဒါရိုက်တာ လုပ်တဲ့ သူရယ်၊ ကြော်ငြာ ကုမ္ပဏီရယ်ပါ။ ကျောက်တံတား ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က ဖွင့်ထားတာပါ” လို့ ရှင်းပြပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က အမှုဖွင့်ထားခဲ့ပေမယ့် အဲဒီအမှုမျိုးက ကိုယ်တိုင်ဝန်ခံချက်နဲ့ တောင်းရင်တောင် အာမခံပေးလို့ရတဲ့ အမှု ဖြစ်တာကြောင့် တရားစွဲဆိုတဲ့ ဇူလိုင် ၁၃ ရက်နေ့ကပဲ ရဲစခန်းက အာမခံပေးလိုက်ကြောင်း၊ ဒီနေ့ ဇူလိုင် ၁၆ ရက်နေ့မှာတော့ တရားရုံးကနေ အာမခံပေးလိုက်တာ ဖြစ်တဲ့အကြောင်း ကျောက်တံတားရဲစခန်းက ရဲအရာရှိတဦးက ဆိုပါတယ်။
သရုပ်ဆောင် မင်းမင်းထွဏ်းကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် သူ့ရဲ့ လက်ကိုင်ဖုန်း ပိတ်ထားပါတယ်။
အဲဒီ ကြော်ငြာရိုက်ကူးမှုနဲ့ ပတ်သက်ပြီး Mango ကြော်ငြာကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးကတော့ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“အခုတော့ အမှုရင်ဆိုင် နေတုန်းပါပဲ။ ဘယ်သူကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။ အားလုံး ပြေလည်သွားအောင် ကြိုးစား နေပါတယ်။ အားလုံး အဆင်ပြေသွားရင် အကောင်းဆုံးဖြစ်မှာပါ” လို့ သူက ဆိုပါတယ်။
Vi Cee ဆေးပြားကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ် အမ်ဆိုင်းလူကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူ ဘာမှ မပြောချင်ဘူး၊ ကြော်ငြာမှာ သရုပ်ဆောင်အဖြစ် ခေါ်ရိုက်လို့ ရိုက်ခဲ့တာပါလို့ ပြောပါတယ်။
ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း ဆိုတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ဖူးတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးက “အဲဒီ ဗီဒီယိုကို ကြည့်တော့ ကြော်ငြာမှန်း မသိဘူး။ ဒါဟာ ကြော်ငြာပဲ ဖြစ်ဖြစ်၊ တကယ်ပဲ ဖြစ်ဖြစ် ယာဉ်ထိန်းရဲတွေကို မုန်းမသွားပါဘူး။ အဲဒီ ဖိုင်ကို ကြည့်ပြီး ချစ်ခင်စိတ်တောင် ဖြစ်သွားပါတယ်။ စိတ်အမောတောင် ပြေသေးတယ်” လို့ ဆိုပါတယ်။
Vi Cee ကြော်ငြာကို ဒါရိုက်တာဇော်ကိုကိုက ရိုက်ကူးခဲ့ပြီး ယာဉ်ထိန်းရဲ အဖြစ် မင်းမင်းထွန်းက သရုပ်ဆောင်ကာ၊ မော်ဒယ်လ် ဆန်းတိုးနိုင်၊ ရှိုင်းဝေယံ၊ Bobby Soxer၊ M ဆိုင်းလူ တို့က သရုပ်ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆိုရင် ယာဉ်ထိန်းရဲတွေ ကိုယ်တိုင်က ယာဉ်ကျောပိတ်ဆို့မှုကို ဖြေရှင်းရင်း ကျပ်ညပ်နေတဲ့ ကားတွေပေါ်က လူတွေ စိတ်မညစ်ရအောင်၊ စိတ်အပန်းပြေအောင် ကပြတာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ညဈေးတန်းမှာ ယာဉ်ထိန်းရဲတွေ ဂစ်တာတီး သီချင်းဆိုပြနေတာမျိုးလည်း ရှိတယ်လို့ ကြားသိရပါတယ်။
မြန်မာပြည်က အကဝိဇ္ဇာကတော့ ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ပြီး ကမိလို့ တရားစွဲခံနေရပါပြီ။ အကမတော် တမှုလို့ပဲ ဆိုရလေမလား …။