SFU

ဒီနှစ် အာဇာနည်နေ့မှာ အနုပညာရှင်တွေ ဘာလုပ်ကြမလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မနက်ဖြန်မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို အနုပညာရှင်တွေ ပါဝင် ဆင်နွှဲကြရာမှာ တေးသံရှင် ဖြူဖြူကျော်သိန်းက မြန်မာနိုင်ငံ ဂီတအစည်းအရုံးရဲ့ ကိုယ်စား အာဇာနည် ဗိမ္မာန်ကို တက်ရောက်မယ်လို့ သိရပါတယ်။

ဖြူဖြူကျော်သိန်းဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးနဲ့ အတူ အာဇာနည် ဗိမ္မာန်ကို သွားရောက်ပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို သွားရောက် အလေးပြု၊ လွမ်းသူ့ပန်းခွေ ချကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး စတီရီယို အလွှာ အထွေထွေ အတွင်းရေးမှူး ဖြူဖြူကျော်သိန်းက ဒီနှစ်ဟာ ဂီတအစည်းအရုံး အနေနဲ့ ပထမဆုံး တက်ဖြစ်တဲ့ အာဇာနည်နေ့ အခမ်းအနား ဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်က ဒီ အာဇာနည်ကုန်းနဲ့ ကိုယ်တွေနဲ့ မသက်ဆိုင်တဲ့ နေရာတခုလို ဖြစ်ခဲ့တယ်။ ကန့်သတ်မှုတွေ ရှိခဲ့တယ်။ အမှန်က ဒါတွေက မဖြစ်သင့်ခဲ့တာပါ။ ကိုယ့်နိုင်ငံက အာဇာနည်တွေ ဖြစ်တဲ့အတွက် မြန်မာတမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့နေ့ပါ။ လူတိုင်း ပါဝင်သင့်တဲ့ နေ့လေးပါ။ အာဇာနည်နေ့ဆိုမှ ဟိုတနေ့က အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောခဲ့တဲ့ စကားလေးဟာ သိပ်ကိုမှန်တယ်။ အာဇာနည်ဆိုတာ လူဆိုတော့အမှားနဲ့တော့ မကင်းဘူးပေါ့၊ သို့ပေမယ့် မေတ္တာနဲ့ သတ္တိရှိမှုတွေ ရှိတယ်တဲ့။ အဲဒါတွေနဲ့ ရပ်တည် သွားတာတဲ့။ ပြောတာအရမ်းမှန်တယ်။ မေတ္တာထားဖို့ဆိုတာ ကလည်း လူတိုင်းအတွက် ထားရတာလေ၊ ခက်တာပေါ့။ ဒီအထဲမှာမှ သတ္တိရှိမှုပါ ပေါင်းပြီး ရပ်တည်ရတာပေါ့။ လူတိုင်းက အသက်ရှင်ဖို့ ရပ်တည်တာပဲလေ။ အာဇာနည် ဆိုတာက လူပေါင်းများစွာအတွက် မေတ္တာနဲ့ သတ္တိရှိစွာ ရပ်တည်ပေးခဲ့တာပေါ့။ အရမ်းအဓိပ္ပာယ်ရှိတယ်။ အစ်မ အနေနဲ့ ဒီနေ့လေးမှာ မြန်မာနိုင်ငံသားတိုင်း ပါဝင်စေချင်တယ်။ အမှတ်ရစေချင်တယ်” လို့ ဖြူဖြူကျော်သိန်းက ဧရာဝတီကို ပြောပါတယ်။

မနှစ်က ၂၀၁၂ တုန်းကလည်း တေးသံရှင်ဖြူဖြူကျော်သိန်း၊ သျှီ၊ တေးရေး မြင့်မိုးအောင်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့က အာဇာနည် ဗိမ္မာန်မှာ သွားရောက် အလေးပြုခဲ့ကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကိုယ်စားပြုအနေနဲ့ကတော့ အစည်းအရုံး ဥက္ကဋ္ဌ မင်းသား လူမင်းနဲ့ ဒါရိုက်တာ ညီညီ ထွန်းလွင်တို့က အာဇာနည် ဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေ သွားချမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီ လူမင်းက အာဇာနည်နေ့အတွက် အမှတ်တရစကား ပြောရာမှာတော့ သူရိုက်ထားတဲ့ ကြယ်စင်မော်ကွန်း ရုပ်ရှင် ကားထဲမှာ လွန်ခဲ့တဲ့ ၆၆ နှစ်က ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ သတင်းကြားတော့ သူပေါက်ကွဲခဲ့တဲ့ အကြောင်းပါတယ်လို့ ဆိုပါတယ်။

“ကိုယ်သာ အဲဒီတုန်းက ရှိခဲ့မယ်ဆိုရင် အဲဒီလိုပဲ ခံစားရမယ်လို့ ထင်တယ်။ ဒီနေ့ ဒီအချိန်မှာ လူတွေက အာဇာနည်နေ့နဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကို မေ့လျော့နေကြတာကို စိတ်မကောင်းဘူး။ အဲဒါကို မြန်မာပြည်သူပြည်သားတိုင်း အမှတ်ရ စေချင်တယ်။ ကျေးဇူးတရားကို သတိရ စေချင်တယ်။ ဥသြကိုလည်း အရမ်းဆွဲစေချင်ပါတယ်။ ဒါက လုပ်သင့်တယ်။ လူဆိုတာက ကိုယ့်အပူနဲ့ကိုယ် မေ့နေကြမှာလေ၊ ဒီလိုနေ့မျိုးမှာ ဥသြဆွဲလိုက်ခြင်း အားဖြင့် တခါတုန်းက ဗိုလ်ချုပ်အောင်ဆန်း ဒီလိုကျဆုံးခဲ့တယ် ဆိုတာကို မေ့နေတဲ့သူတွေကို သတိပေးသလို ဖြစ်သွားမယ်၊ ဒီလိုတော့ ဖြစ်စေချင်တယ်” လို့ လူမင်းက ပြောပါတယ်။

အကယ်ဒမီ လူမင်းဟာ မနှစ်တုန်းက မင်းသား ဇင်ဝိုင်းအပါအဝင် ရုပ်ရှင်အဖွဲ့သား တွေနဲ့အတူ ပန်းခွေချခွင့်ရတယ်လို့ သိရပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ လူကြီးကို ဓာတ်ပုံတွေထဲမှာပဲ မြင်ဖူးပေမယ့် တကယ်ကို သတိရ အောက်မေ့မိပါတယ်။ အရမ်းလည်း အထင်ကြီးလေးစား မိပါတယ်။ ပရိသတ်တွေကို ပြောချင်တာက လူတိုင်း ကိုယ့်ရဲ့ မျိုးဆက်တွေ အဆက်ဆက် အထိ ဒါဟာ မေ့ဖို့မကောင်းတဲ့အရာပါ၊ ဒါလေးတော့ ဖြစ်စေချင်ပါတယ်” လို့ လူမင်းက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေကို ရည်စူးပြီး ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အနုပညာရှင်တွေက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ ရုံးခန်းမှာလည်း ဘုန်းကြီးဆွမ်းကပ် ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အဲဒီနေ့မှာ အမေစု (ဒေါ်အောင်ဆန်းစုကြည်) တော့ မလာနိုင်ပါဘူး။ အမေစုက အချိန်တိုက်နေတော့ အားမှာ မဟုတ်ဘူး လေ။ ကျနော်တို့ကတော့ ဆွမ်းကပ်ပါမယ်” လို့ ဒါရိုက်တာာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီဝင် အနုပညာရှင် အားလုံးကတော့ ဒီနှစ်မှာ အာဇာနည်ဗိမ္မာန်ကို သွားမှာ မဟုတ်ကြောင်း၊ မနက်ပိုင်း ဘုန်းကြီးဆွမ်းကပ်ရင်း တနေကုန် ရုံးခန်းမှာပဲ ရှိကြမှာ ဖြစ်တဲ့အကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင် ကပြောပါတယ်။

“ကျမတို့ ဗိုလ်ချုပ်ဖြစ်မြောက်ရေး အဖွဲ့ကတော့ အဖွဲ့ရုံးမှာ ဘုန်းကြီးဆွမ်းကပ်မယ်။ ဆွမ်းကပ်ပြီးရင် အဲဒီနေ့တနေ့လုံး ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ဆွေးနွေးတိုင်ပင်မယ်။ ညအထိ ဖြစ်မယ်။ အာဇာနည်ကုန်းတော့ မသွားဖြစ်တော့ဘူး။ ဒီနှစ် မသွားဖြစ်ဘူး။ မသွားဖြစ်တာက အချိန် ကန့်သတ်တာ ကြောင့်လည်း ပါမယ်။ မနက်အစော နိုင်ငံတော် အစီအစဉ် အချိန်ကျတော့လည်း အဆင်မပြေဘူး။ ပြည်သူတွေ ကြည့်တဲ့အချိန် ကျတော့လည်း ဆွမ်းကပ်မှာ ဆိုတော့ မသွားဖြစ်ဘူး။ ဆွမ်းကပ်မှာက ဗိုလ်ချုပ်ဖြစ်မြောက်ရေး အဖွဲ့က လူတွေ အားလုံးပါမယ်” လို့ ဒါရိုက်တာကြည်ဖြူသျှင်က အာဇာနည်နေ့မှာ သူတို့ ပြုလုပ်မယ့် အကြောင်းအရာတွေကို ရှင်းပြပါတယ်။

အာဇာနည်နေ့နဲ့ ပတ်သက်ရင် ကြေကွဲစရာ နေ့တနေ့ အဖြစ် ခံစားရတယ်လို့ ကြည်ဖြူသျှင်က ပြောပါတယ်။

“အာဇာနည်နေ့ရောက်ရင် အရင်ကဆို ကိုယ့်နိုင်ငံ ခေါင်းဆောင်တွေ၊ ကျေးဇူးရှင် ပုဂ္ဂိုလ်တွေ ဆုံးရှုံးရတဲ့နေ့ပေါ့။ ကြေကွဲစရာ နေ့ပေါ့။ ဒီနောက်ပိုင်း ဗိုလ်ချုပ်သမိုင်းကြောင်း ဖတ်တော့ ဗိုလ်ချုပ် လွတ်လပ်ရေးအတွက် ဘယ်လောက် အနစ်နာခံ ကြိုးပမ်း ခဲ့လဲ၊ နောက်ဆုံး သူ့ကိုလုပ်ကြံဖို့ ရှိနေတာကို သတင်းရထားလို့ ပုလိပ်က လာပြောတာတောင် မင်းတို့တွေက လူတယောက်ကို သံသယရှိတယ်ဆို ဖမ်းမယ် ဆိုတာပဲ ဆိုပြီး ပြောခဲ့တာ။ ကျမအနေနဲ့ ဘာသွားပြီး အသိရလာလဲဆို ဒီလောက် ရိုးသားတဲ့ လူအတွက် ပိုပြီးခံစားရတယ်။ နောက်တခု၊ လူတိုင်း အသိဉာဏ် တခု ရှိသင့်တယ်။ ဘာလဲဆိုတော့ လူတယောက်ကို ဘယ်လောက် မုန်းပါစေ သူဟာတိုင်း ပြည်အတွက် အကျိုးရှိမယ်၊ တိုင်းပြည် ကောင်းအောင် လုပ်နိုင်မယ်ဆိုရင် အတ္တတွေ လျှော့ပြီး တိုင်းပြည်အတွက် ကြည့်သင့်တယ်လို့ မြင်တယ်။ အဲဒီ အသိလေး ရှိစေချင်တယ်။ သံဝေဂ ရသင့်တယ်။ နောက် ဘယ်တော့မှ မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်တွေ ရှိသင့်တယ်” လို့ ကြည်ဖြူသျှင်က ပြောပြပါတယ်။

တေးသံရှင် ကျားပေါက် (Big Bag) ကတော့ ဒီနှစ် အာဇာနည်နေ့မှာ သူ အားမှာမဟုတ်တဲ့အတွက် အာဇာနည်ကုန်းကို သွားဖြစ်မယ် မထင်ဘူး၊ အာဇာနည်နေ့ဟာ သူ့အတွက် ဝမ်းနည်းစရာနေ့ပါလို့ ဆိုပါတယ်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကူညီရေး အဖွဲ့ကတော့ ဇူလိုင် ၁၉ အထိမ်းအမှတ် အနေနဲ့ ‘အောင်ဆန်းစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေး မြစ်’ ဆိုတဲ့ တေးစီးရီး တခွေကို အာဇာနည်နေ့မှာပဲ မာစတာ တေးသံသွင်းက ဖြန့်မယ်လို့ သိရပါတယ်။

တေးရေး သားထွေး၊ ဇော်ဇော်၊ ကိုတင်မောင်တိုး (တောင်ကြီး)၊ အောင်မျိုးဟိန်း၊ ကိုထွဋ်၊ ဒီလူ၊ သူရိန် တို့က ရေးသားပြီး တေးဆို သားထွေး၊ ညီညီလွင်၊ အောင်မျိုးဟိန်း၊ ကိုထွဋ်၊ ကောင်းပြည့်၊ ဒီလူ၊ သူရိန်၊ သက်လျာဦး တို့က ပါဝင် သီဆိုထားကြ ပါတယ်။ အဲဒီအခွေကို အာဇာနည်နေ့ ညနေ ၄ နာရီမှာ ရန်ကုန် ရန်ကင်းစင်တာမှာ တေးစီးရီး ထွက်ရှိတဲ့ အထိမ်းအမှတ် လက်မှတ် ရေးထိုးပြီး ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

တေးသံရှင် လင်းလင်းကလ ည်း သူ့ရဲ့ ‘သံမဏိလိပ်ပြာ’ အမည်ရ တတိယ တကိုယ်တော် တေးစီးရီးကို ဇူလိုင် ၁၉ မှာ ဘိုဘို အင်တာတိန်းမန့် ကနေ ဖြန့်မယ်လို့ ဆိုပါတယ်။

အချစ်သီချင်းတွေ အပါအဝင် အကျိုးပြုတေး သီချင်း ၃ ပုဒ်ပါဝင်တဲ့ သူ့စီးရီးကို အာဇာနည် ခေါင်းဆောင်ကြီး တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အာဇာနည်နေ့မှာ ဖြန့်တာလို့ သိရပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့လယ် ဝန်ကြီးများရုံးမှာ အစည်းအဝေး ကျင်းပနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းပြည်ခေါင်းဆောင် များတို့ကို စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လူတစုက ဝင်ရောက် လုပ်ကြံ သတ်ဖြတ်ခဲ့တာကြောင့် ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့ရတဲ့အချိန်ကနေ စတင်ပြီး ဒီနေ့အချိန်အထိ အဲဒီနေ့ကို အောက်မေ့ သတိရပြီး အာဇာနည်နေ့ အမှတ်တရ အခမ်းအနားတွေ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ုဧရာဝတီသတင်းထောက် မြတ်သူအောင် ပူးပေါင်းရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading