မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး (MYU) က စီစဉ်တဲ့ ဆင်းရဲနွမ်းပါး ကျောင်းသားလူငယ်များ အတွက် ဘဝမြှင့်တင်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို သြဂုတ် ၂ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်တယ်လို့ MYU ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောပါတယ်။
အဲဒီပွဲနဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲကို ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် မဟာဗန္ဓုလပန်းခြံ လမ်းမှာရှိတဲ့ City Star ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ရန်ပုံငွေပွဲမှာ အမျိုးသမီးတေးသံရှင်တွေရဲ့ စတေ့ချ်ရှိုး အစီအစဉ် အပါအဝင် အငြိမ့်အစီအစဉ်၊ တခန်းရပ် ဟာသပြဇာတ် အစီအစဉ် တွေနဲ့ တင်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။
တေးသံရှင် ချမ်းချမ်း၊ ချစ်သုဝေ၊ အိမ့်ချစ်၊ သီရိဆွေ၊ နီနီခင်ဇော်၊ နေနေ၊ ချစ်စနိုးဦး၊ ဆုပန်ထွာ၊ နန်းမြတ်ဖြိုးသင်း တို့က တေးသီချင်းတွေ ဖျော်ဖြေကြမှာဖြစ်ပြီး သရုပ်ဆောင် ဝေဠုကျော်၊ မင်းမော်ကွန်း၊ မိုးအောင်ရင်၊ နေမင်း၊ မိစန္ဒီ၊ ဂန္ထဝင်၊ ဆုမြတ်နိုးဦး၊ နန်းခင်ဇေယျာ တို့အပြင်၊ အငြိမ့် အစီအစဉ်မှာ လူရွှင်တော် ဦးမေတ္တာနဲ့ အဖွဲ့၊ ဟားတသိုက်အဖွဲ့၊ ဧရာ၊ ညောင်ညောင် တို့လည်း ပါဝင်တင်ဆက်ကြမှာ ဖြစ်တယ်လို့ MYU အဖွဲ့က ပြောပါတယ်။
ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ နယ်စပ်ဒေသတွေနဲ့ ဖွံ့ဖြိုးမှု နည်းနေသေးတဲ့ နေရာတွေမှာ ရှိတဲ့ တက္ကသိုလ်ပညာ ဆက်လက် သင်ယူဖို့ အမှန်တကယ် လိုအပ်နေတဲ့ ကျောင်းသားလူငယ်တွေကို အသိပညာပေးဖို့၊ စွမ်းရည်မြှင့်တင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေ အတွက် အခုလို ပွဲတွေကျင်းပပြီး အနုပညာရှင်တွေရဲ့ ပူးပေါင်းမှုနဲ့ ရန်ပုံငွေ ရှာရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အဓိက ကတော့ ကချင်ဒေသ၊ ရှမ်းအရှေ့ပိုင်း၊ မွန်ကရင် နယ်စပ်၊ ဧရာဝတီတိုင်း စတဲ့ဒေသတွေကို ဦးစားပေးပြီး လူငယ်တွေ တက္ကသိုလ်၊ ကျောင်းဆက်တက် နိုင်ဖို့ရယ်၊ အဲဒီ ဒေသတွေက လူငယ်တွေအတွက် Capacity Building တွေကို လုပ်ပေး မှာပါ။ လောလောဆယ် အပစ်အခတ် ရပ်ဆဲပြီးခါစ နေရာတွေ၊ အမြဲ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတဲ့ နေရာတွေဟာ ပြန်လည် ထူထောင်ရေးလုပ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အဖွဲ့က ပညာရေးနဲ့ ပတ်သက်တဲ့ ပြန်လည်ထူထောင်မှုတွေကို လုပ်ပေးသွားမှာပါ” လို့ MYU အဖွဲ့ ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောပါတယ်။
ပူးပေါင်း ပါဝင်ကူညီတဲ့ တေးသံရှင် ချမ်းချမ်းကလည်း ရန်ပုံငွေပွဲတွေမှာ သီဆိုခဲ့ဖူးပေမယ့် အခုလို လူငယ်တွေစီစဉ်တဲ့ ပညာရေး ရန်ပုံငွေပွဲတော့ မဆိုဖူးသေးဘူးလို့ ဆိုပါတယ်။
အရမ်းဆင်းရဲပြီး ကျောင်းဆောင်မရှိ၊ စာသင်ခွင့်မရှိတဲ့ ကလေးတွေအတွက် ကူညီရမှာဖြစ်လို့ ပိုပြီး သီဆိုချင်တယ်လို့ ချမ်းချမ်းက ဆက်ပြောပါတယ်။
ချမ်းချမ်းက “လူငယ်ဆိုတာ အနာဂတ်မှာ အဓိက ကျတဲ့သူတွေပါ။ သူတို့အတွက် အရေးအကြီးဆုံးက ပညာရေးပဲလို့ ခံယူပါတယ်။ အရင်က ရည်ရွယ်ချက် မရှိဘဲ ပိုက်ဆံတွေလည်း လှူခဲ့ဖူးပါတယ်။ အခုတော့ ကလေးတွေ ပညာရေးအတွက် ကိုယ့်ဘက်က သီချင်းတပုဒ် နှစ်ပုဒ်လောက် ဆိုပေးရုံနဲ့ အထောက်အကူ ဖြစ်နိုင်တယ်ဆိုရင် ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။
အဲဒီပွဲကို ဘိုဘို အင်တာတိန်းမန့် ကလည်း ပါဝင်ကူညီ စီစဉ်ပေးနေပြီး လက်မှတ်တွေကို ကျပ် ၂ သောင်း၊ ၁ သောင်းခွဲ၊ ၆၅၀၀ တို့နဲ့ ဇွန် ၂၆ ကစပြီး City Mart ဆိုင်ခွဲတွေ၊ No Body ဂျင်း ဆိုင်ခွဲတွေ၊ Ocean ဆိုင်ခွဲတွေနဲ့ ဘိုဘို အင်တာတိန်းမန့်တို့မှာ ဝယ်ယူ နိုင်တယ်လို့ သိရပါတယ်။
ဘိုဘို အင်တာတိန်းမန့်က ကိုဘိုဆန်းက “ဘိုဘိုကနေ ငြိမ်းချမ်းရေးပွဲ၊ ရန်ပုံငွေပွဲတွေ အမြဲ ကူညီပေးနေကျပါ။ ဒီပွဲလေး ကလည်း ရည်ရွယ်ချက် အရမ်းကောင်းလို့ လုပ်ဖြစ်သွားတာပါ။ အဆိုပိုင်းရော၊ အငြိမ့်ရော၊ ဟာသတွေလည်း ပါမယ်။ ဒီအထဲမှာ ပြက်မယ့် ပြက်လုံးတွေကလည်း စာပေနဲ့ ပတ်သက်တာ၊ ကျောင်းသားနဲ့ ပတ်သက်တာတွေ ပါပါမယ်” လို့ ရှင်းပြပါတယ်။
ပါဝင် သီဆိုမယ့် အနုပညာရှင်တွေ ကိုလည်း မေတ္တာသက်သက်နဲ့ ဖျော်ဖြေစေမှာ မဟုတ်ဘဲ၊ အနည်းငယ်မျှ ပြန်လည် ဂါရဝ ပြုမှာ ဖြစ်ကြောင်း၊ ပွဲကရလာတဲ့ အမြတ်အစွန်းကို အနုပညာကြေးအဖြစ် ပေးပြီး ကျန်တဲ့ငွေကို လှူဒါန်းမှာ ဖြစ်ကြောင်း ကိုဇွဲရန်နိုင် ဆီက သိရပါတယ်။
“ဒီပွဲမှာ တချို့ အနုပညာရှင်တွေ ကလည်း အနုပညာကြေး လုံးဝ မယူပါဘူး၊ ဒါပေမယ့် အခုအချိန်မှာ အနုပညာရှင်တွေ တော်တော် များများကလည်း ရန်ပုံငွေ ပွဲတွေချည်းပဲ ဆိုနေရတော့ ကိုယ်ပိုင် စီးပွားရေးက မရှိသလောက် ဖြစ်နေကြတယ်။ အဲဒါကြောင့် အနုပညာကြေးကိုတော့ ညှိနှိုင်း စီစဉ်ပြီး ပေးမှာပါ” လို့ ကိုဘိုဆန်းက ပြောပါတယ်။
MYU အဖွဲ့ကို ၂၀၁၂ ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်တည်ထောင်ခဲ့ကြပြီး လက်ရှိမှာ အဖွဲ့ဝင်လူငယ်အဖြစ် တနိုင်ငံလုံးမှာ ၃၅၀ ဦး ရှိကြောင်း၊ ဘယ်လို နိုင်ငံရေး အမြတ်ထုတ်မှုမျိုးမှ မရှိဘဲ၊ ဘယ်သူမှ လွှမ်းမိုးခြင်းလည်း မရှိဘဲ လွတ်လွတ်လပ်လပ် ဆောင်ရွက်နေတဲ့ အဖွဲ့ ဖြစ်ကြောင်း သိရပါတယ်။