Big Bag အဖွဲ့ရဲ့ ဒရမ်မာ ဗီနိုထွန်း ဦးစီးပြီးတော့ Boxer Music Group ဆိုတဲ့ တေးထုတ်လုပ်ရေး တခုကို တည်ထောင်ထား ပြီး ဂီတလောကထဲ ဝင်ရောက်ချင်တဲ့ တကယ့် အရည်အချင်းရှိသူ ဂီတသမားတွေကို အဲဒီတေး ထုတ်လုပ်ရေးက ကူညီသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Boxer Music Group မှာ သီချင်းတပုဒ် စဖြစ်လာဖို့ တေးရေးကနေစပြီး တေးဂီတ (Band)၊ အသံသွင်း စတူဒီယို၊ တူရိယာ ပစ္စည်းအစုံအလင် တို့လည်း ရှိတဲ့အပြင် ထုတ်လုပ်ဖြန့်ချိတဲ့ အပိုင်းကိုပါ တာဝန်ယူပေးမှာ ဖြစ်တယ်လို့ ဗီနိုထွန်းက ပြောပါတယ်။ ဗီစီဒီ အတွက် ရိုက်ကူးရေးပိုင်းကိုလည်း Boxer ကနေ တာဝန်ယူပေးမှာ ဖြစ်ပါတယ်။
“ကျနော်တို့ သူငယ်ချင်းတွေ ပေါင်းပြီးတော့ Boxer Music Group ဆိုတဲ့ ထုတ်လုပ်ရေး တခုလုပ်ဖြစ်တယ်။ လူသစ်တွေရဲ့ အခွေတွေကို ထုတ်ပေးတယ်။ စတူဒီယိုလည်းရှိတယ်၊ Production လည်းရှိတယ်၊ Band လည်းရှိတယ်။ အဲဒီတော့ အကုန်လုံး အပြီးအစီး လုပ်လို့ရတယ်” လို့ ဗီနီုထွန်းက ပြောပါတယ်။
Big Bag အပါအဝင် ဂီတ သူငယ်ချင်းတွေ တိုင်ပင်ကြပြီး Boxer ကို တည်ထောင်ခဲ့တာဖြစ်ကြောင်း၊ ဂီတ လောကထဲကို အရည်အချင်းရှိရှိ ဝင်ရောက်လာမယ့် မျိုးဆက်များအတွက် ကူညီပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
Boxer Music Group အနေနဲ့ ပိုက်ဆံရှိလို့ လုပ်တာ မဟုတ်ပေမယ့် အခက်အခဲရှိတဲ့ ဂီတ ညီအစ်ကို မောင်နှမတွေ အတွက် လိုအပ်တဲ့ အရာတွေကို ငွေကြေး နည်းနည်းနဲ့ စီစဉ်ကူညီမှာ ဖြစ်တယ်လို့ ဗီနိုထွန်းက ဆက်ပြောပါတယ်။
တကယ်လို့ ငွေကြေးအခက်အခဲ လုံးဝ ဖြစ်နေတယ်၊ အရည်အချင်းလည်း ရှိတယ်ဆိုရင် သူတို့ဘက်က တတ်နိုင်သမျှ အကူအညီ ပေးမယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ ဂီတလောကက သိပ်ခေတ်မကောင်းတော့တဲ့ အချိန်မှာ ကိုယ်တိုင်ကိုယ်ကျ၊ ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ချင်တယ်။ ကိုယ့် ဂီတ အုပ်စုတွေလည်း စုစုစည်းစည်းနဲ့ လုပ်နိုင်မယ်။ ဂီတသမားတွေရဲ့ အခက်အခဲကို ဂီတသမားတွေကပဲ နားလည် တယ်။ အခုအချိန်က ပရိုဂျူဆာလည်း ရှားပါးနေတဲ့ ခေတ်ကြီးမှာဆိုတော့လေ၊ ကိုယ့်ဘာသာ လုပ်နိုင်မှ အသက်ရှူ ချောင်မယ်လေ” လို့ ဗီနိုထွန်းက ရှင်းပြပါတယ်။
နိုင်ငံကျော် အဆိုတော်တွေ ပါဝင်တဲ့ “ပန်းရောင်ခင်းတဲ့လမ်း” အတွဲစီးရီး၊ Underground Rock Band တွေ ပေါင်းစည်းထားတဲ့ “The Rock MTV” တေးစီးရီး၊ ကျားပေါက်ရဲ့ International song တွေ ပါဝင်တဲ့ “Blood Suger Politic” စီးရီး၊ အီတလီနိုင်ငံ တေးဂီတအဖွဲ့ရဲ့ “LUCID” အမည်ရ တေးစီးရီး၊ ကျော်သူရဟိန်းရဲ့ “ဂုဏ်သိက္ခာနှောင်ကြိုး” တေးစီးရီး စတဲ့ တေးစီးရီး တွေကိုလည်း Boxer Music Group ကနေ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။
ပေါ့ပ် အဆိုတော် အသစ်ဖြစ်တဲ့ ကျော်သူရဟိန်းရဲ့ တေးစီးရီးကိုတော့ သီချင်းတီးတာ၊ အသံသွင်းတာ၊ ဖြန့်ချိတာ အားလုံးကို Boxer Music Group ကနေပဲ အစအဆုံး စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။
Boxer Group အနေနဲ့ ရိုက်ကူးရေးပိုင်းကိုလည်း တာဝန်ယူပေးနေပြီး ရိုက်ကူးရေး၊ Editing စတာတွေ အတွက် ပညာရှင် တွေလည်း သူတို့ဆီမှာ ရှိပါတယ်။
“ကျနော်တို့က အနုပညာသမားဖြစ်တော့ အနုပညာ နည်းနည်းဆန်တယ်။ Boxer ကို ကြော်ငြာတာတွေလည်း မလုပ်ဖြစ်ခဲ့ဘူး။ နီးစပ်ရာ လေးတွေနဲ့ပဲ လုပ်နေကြတာ။ အခုမှစတာ ဆိုတော့ နောက်ပိုင်း တဖြည်းဖြည်း ကျနော်တို့ အတွက်ရော၊ အားလုံး အတွက်ပါ အသုံးဝင်လာမယ်လို့ ယုံပါတယ်” လို့ ဗီနိုထွန်းက ပြောပါတယ်။
Big Bag အဖွဲ့ က ဇူလိုင် ၂၇ ရက်နေ့ သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးပွဲတော်မှာလည်း ပါဝင်တီးခတ် သီဆိုကြမှာဖြစ်ပြီး သြဂုတ်လကုန်ပိုင်းမှာ Big Bag ရဲ့ တကိုယ်တော် စင်တင် ဖျော်ဖြေပွဲကို ကျင်းပကြမှာ ဖြစ်ပါတယ်။ တကိုယ်တော်ပွဲမှာ Big Bag ထွက်ခဲ့သမျှ သီချင်းမှန်သမျှကို ပြန်လည် ဆန်းသစ် တင်ဆက်ကြမှာဖြစ်ပြီး S.I.R အဖွဲ့ ကလည်း ပါဝင်သီဆိုမယ်လို့ ဗီနိုထွန်းက ဆိုပါတယ်။
ဗီနီုထွန်းဟာ Big Bag အဖွဲ့ရဲ့ ဒရမ်မာတဦး အနေနဲ့သာမက တေးရေးတေးဆို တဦးလည်း ဖြစ်ပါတယ်။ လူငယ်တွေ ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ “ပြန်မဆုံဖြစ်ကြရင်” သီချင်းကို ရေးသားသီဆိုခဲ့သူ ဖြစ်ပြီး လက်ရှိမှာ တကိုယ်တော် ကိုယ်ပိုင်သံစဉ် စီးရီးကို အပြီးသတ်နေပြီလို့ သိရပါတယ်။