တေးသံရှင်မီးမီးခဲရဲ့ faceook စာမျက်နှာပေါ်မှာ သူ့ရဲ့ အသက် ၃၀ ပြည့် မွေးနေ့အတွက် ဆုတောင်းပေးတဲ့ သူငယ်ချင်း တွေကို ကျေးဇူးတင်ကြောင်းနဲ့ Single Mom တယောက်အဖြစ် ဖြတ်သန်းနေရပေမယ့် ပြန်ကြိုးစားသွားမယ် ဆိုတဲ့ Status တခုကို ဖတ်လိုက်ရပါတယ်။ မီးမီးခဲနဲ့ အဆိုတော် ထူးအယ်လင်းတို့ဟာ ၁၁ နှစ်ကျော်လောက် လက်တွဲခဲ့ပြီး လက်ရှိ အိမ်ထောင်ရေး အဆင်မပြေကြဘူးလို့ သိကြပါတယ်။ သူတို့ရဲ့ သမီးလေး ဖြူဖြူစင်စင်လင်း ကတော့ အခုဆိုရင် အသက် ၃ နှစ်နဲ့ ၆ လ ရှိနေပါပြီ။
အိမ်ထောင်ရေး အဆင်မပြေတဲ့ အနုပညာရှင် နှစ်ဦးကို ပရိသတ်တွေက ပြန်လည် ပြေလည် စေချင်နေကြသလို၊ သူတို့ ကွဲကွာသွားတာ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်သူတွေလည်း ရှိနေပါတယ်။ မီးမီးခဲဟာ ဆယ်ကျော်သက် အရွယ် ကတည်းက ကိုယ်ပိုင် အရည်အချင်းနဲ့ အောင်မြင်လာခဲ့တဲ့ အဆိုတော် တဦး ဖြစ်ပြီး လက်ရှိမှာ Miss Call ဆိုတဲ့ တကိုယ်တော် စီးရီးတခု
ထွက်ရှိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
လက်ရှိ သူတို့ရဲ့ အမှုနဲ့ ပတ်သက်လို့ တရားရုံးမှာ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး အခုအချိန်မှာ မီးမီးခဲဟာ သမီးနဲ့အတူ သူ့မိခင်အိမ်ရှိရာ အင်းစိန်မှာ နေထိုင်ပါတယ်။ ထူးအယ်လင်းနဲ့ သူ့ကလေးကိုတော့ တရားရုံးက ချမှတ်ထားတဲ့ ဥပဒေအတိုင်း စည်းမျဉ်းအရ ပေးတွေ့နေပါတယ်။
မီးမီးခဲဟာ Single mother တယောက်အနေနဲ့ ရပ်တည်နေရပေမယ့် သူ့ဘဝကို အားမငယ်ဘူး၊ သူ့ကိုယ်သူ မိန်းမကြီး တယောက်လိုလည်း သဘောမထားဘူးလို့ ဆိုပါတယ်။
“အိမ်ထောင် ကွဲသွားလို့ အားမငယ်ပါဘူး။ ကျမ ဘဝကိုလည်း ကျမ အဆုံးရှုံး မခံနိုင်ပါဘူး။ အနုပညာနဲ့ အသက်ရှင်နေတဲ့ သူအနေနဲ့ မိန်းမကြီး သဘောမျိုးလည်း မသတ်မှတ်ဘူး။ မိန်းကလေး လူငယ်တယောက်လို့ပဲ သတ်မှတ်ပါတယ်။ ကျမ အတွက်က အနုပညာနဲ့ဘဝ၊ ကျမ လန်းဆန်းနေမှ ဘဝက ပြည့်စုံမှာ။ စီးပွားရေးလည်း ဝါသနာမပါတော့ အနုပညာနဲ့ ပတ်သတ်ပြီး အမြဲ Update ဖြစ်ဖို့ပဲ ကြိုးစားပါတယ်။ ကလေး ကျောင်းစရိတ်နဲ့ ရှိသမျှအရာရာ အကောင်းဆုံးဖြစ်ဖို့ သူ့အတွက်ပဲပေါ့။ အစစ အရာရာကောင်းဖို့ ကြိုးစား လုပ်ကိုင်ပါတယ်။ နာမည် ကြီးဖို့ထက် ကလေး ကိစ္စအဝဝမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ကလေးတယောက် အတွက် အစစအရာရာ တာဝန်ယူရတော့ စိတ်ဆင်းရဲရတာတွေ ရှိတာပေါ့။
ကိုယ်လုပ်ချင်တဲ့ အနုပညာကို မချပြရတာလည်း ရှိတာပေါ့။ အခွေလုပ်ချင်တယ်။ ထုတ်ချင်တယ်။ ဒါပေမယ့် ဒီအချိန်မှာ ဒါဖြစ်ရမယ် ပါလာတော့ မတတ်နိုင်ဘူး၊ ဖြစ်ရတာပေါ့။ ဒါပေမယ့် အားတော့မငယ်ပါဘူး။ ပရိသတ်ကို ယုံပါတယ်။ ကျမကို စောင့်နေမယ် ထင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဂစ်တာ စုတာ ဝါသနာပါတဲ့ မီးမီးခဲဟာ လက်ရှိ အချိန်မှာတော့ ဂစ်တာတလက်ပဲ ပိုင်ဆိုင်ပြီး အဲဒီဂစ်တာလေးနဲ့ပဲ သီချင်းရေး၊ သီချင်းဆို လုပ်နေရတယ်လို့ ဆိုပါတယ်။
“ကျမ အိမ်ထောင်ရေးကလည်း အဆင်မပြေ၊ ကလေးနဲ့ကျမ နှစ်ယောက်တည်း ဆိုတော့ အစ်ကို ပို့ပေးတဲ့ဂီတာ တလက်ပဲ ကျမမှာ ရှိတယ်။ အဲဒီတလက်တည်းနဲ့ပဲ သီချင်းတွေရေးတယ်၊ သီချင်းတွေ ဆိုပါတယ်၊ အဆင်ပြေအောင် ရုန်းကန်ပါတယ်။ ပရိသတ်ကို ပြောချင်တာကတော့ အခုလက်ရှိ နာမည်ကြီး အဆိုတော်တွေ၊ တေးရေးတွေရဲ့ အခွေတွေ ထွက်ပါတယ်။ အဲဒီသီချင်းတွေ နားထောင်ပေးသလို ကျမ သီချင်းတွေကိုလည်း နားထောင်ပေးပါလို့ ပြောချင်ပါတယ်” လို့ မီးမီးခဲက ပြောပါတယ်။
Myanmar Peace Centre ရဲ့ ဖိတ်ကြားချက်နဲ့ လူရွှင်တော် ဇာဂနာ (ဦးသူရ) စီစဉ်တဲ့ ငြိမ်းချမ်းရေး ပွဲတော်မှာ မီးမီးခဲဟာ သီချင်းတပုဒ် ဝင်ရောက်သီဆိုခဲ့ပါ သေးတယ်။ စစ်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းဖို့၊ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီ ပေးဖို့ စီစဉ် ကျင်းပတဲ့ ဒီငြိမ်းချမ်းရေး ပွဲတော်မှာ မီးမီးခဲ သီဆိုတဲ့ သီချင်းက “မေတ္တာတွေ” လို့ အမည်ရပါတယ်။
“အဲဒီသီချင်းရေးတဲ့သူက လင်းထက်ပါ။ ဆီးဂိမ်းအတွက် ထူးအယ်လင်းနဲ့ မဆုန်သင်းတို့ ဆိုတဲ့သီချင်းကို ရေးတဲ့သူပါ။ ပထမဆု ရထားတဲ့သူပေါ့။ ကျမတို့ မိတ်ဆွေလည်း ဖြစ်တယ်၊ မောင်လေးလည်း ဖြစ်တယ်။ သူသီချင်းရေးတာ တော်တော် ကောင်းပါတယ်။ စတိတ်ရှိုးမှာ သီချင်းသစ် တပုဒ်ကျက်ရတာလည်း ပင်ပန်းသလို၊ အရိန့်ချ်မန့် လုပ်ရတာလည်း ပင်ပန်းတယ်။ သီချင်းက စာသားတွေက ပြွတ်နေတာ။ ချောမွေ့အောင်ဆိုပြီး လွှင့်ဖို့ဆိုတာလည်း ခက်ခဲပါတယ်။ အဲဒီ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေကို တကယ်လည်း ငြိမ်းချမ်းစေချင်ပါတယ်” လို့ မီးမီးခဲက ဧရာဝတီကို ပြောပါတယ်။
မီးမီးခဲရဲ့ Miss Call စီးရီးက အခုလက်ရှိ ဗီစီဒီ ရိုက်ထားဆဲဖြစ်ပြီး နောက်ထပ် တခွေလုံး ရေးဆို Own Tune စီးရီးတခုလည်း ဆက်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။ Miss Call စီးရီးကလည်း သူတဦးတည်း ရေးတာ ဖြစ်ပြီး Corqueron ဆိုတဲ့ Band နဲ့ တီးခတ်ထားတာ ဖြစ်ပါတယ်။
ခင်ပွန်းသည်ရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် အဆင်မပြေ ဖြစ်နေကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေမှုနဲ့ ပတ်သက်လို့ မေးကြည့်တော့ မီးမီးခဲက သူ့အနေနဲ့ အဲဒီကိစ္စကို မဖြေချင်ဘူးလို့ပဲ ပြောပါတယ်။
“အဲဒီလိုတော့ မဖြေချင်ဘူး။ သူလည်း အခု အောင်မြင်နေတဲ့သူပါ၊ ကျမ ဝမ်းသာပါတယ်။ ဒါပေမယ့် အခုလောလောဆယ် အရမ်း စိတ်နာနေတယ်။ သူ့ဘက်က ကလေးမျက်နှာတော့ ထောက်သင့်တာပေါ့။ အခု ကျမ အရမ်း ခက်ခက်ခဲခဲ ဖြတ်သန်း နေရတယ်။ သမီးလေးကို အခု International ကျောင်းမှာ ထားတယ်၊ ကျောင်းစရိတ်က တလကို ၄ သိန်းလောက် ရှိတယ်။ ကျမ တယောက်တည်း ရုန်းနေရတယ်။ ကျမ အိမ်ပေါ်က ဆင်းလာတော့ အဝတ်တထည် တည်းနဲ့ ဆင်းလာခဲ့တာ။ သမီးလေးကို ပြန်ကြည့်စေချင်တာပါ” လို့ မီးမီးခဲက သူ့ခံစားချက်ကို ဖွင့်ဟလာပါတယ်။
ပရိသတ်တွေ အနေနဲ့ သူ့ကို နားလည်ပေးဖို့နဲ့ တတ်နိုင်သမျှ ကြိုးစားနေတဲ့ အကြောင်းလည်း မီးမီးခဲက ပြောပါတယ်။
“ကျမက ဘာမှမတတ်နိုင်တဲ့ မိခင် တယောက်ပေါ့။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပေမယ့် ဆုံးရှုံးမှုတွေ ကြုံနေရပါတယ်။ ဒါပေမယ့် မခံနိုင်တဲ့ စုံစမ်း မေးမြန်းမှုမျိုးတွေ၊ စုံစမ်းနှောက်ယှက်တဲ့ ဒဏ်တွေ မခံနိုင်လို့ ဒီဘဝကို ရွေးခဲ့တာပါ။ ပရိသတ်တွေ အနေနဲ့ ကျမကို နားလည်ပေးဖို့ ပြောချင်ပါတယ်။ အခွင့်အရေးတခု ရဖို့ မျှော်လင့်ပါတယ်။ မျှော်လင့်ချက်က မှေးမှိန် နေပေမယ့်လည်း တေးရေး ဆရာ တယောက်အနေနဲ့ ရပ်တည်လိုက်ဦးမယ်။ ပြီးမှ ကိုယ့်အခွေ ကိုယ်ထုတ်နိုင်မယ် ထင်ပါတယ်” လို့ မီးမီးခဲက ဆိုပါတယ်။