ခေတ်အဆက်ဆက် ပညာရှင်များ၊ အနုပညာရှင်များ စဉ်ဆက်မပြတ် မေးခွန်းထုတ်ခဲ့တာက အနုပညာဆိုတာ ဘာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေဖို့ ကြိုးစားလာကြတာလည်း လူ့သမိုင်း အမျှ ကြာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
တချို့က Art comes from Heart ဆိုပြီး အနုပညာဟာ နှလုံးသားက ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ပြောကြသလို၊ Art နဲ့ Heart စကားလုံးတွေဟာလည်း ဆက်နွှယ် ဆက်စပ် နေတဲ့အကြောင်းလည်း ဆွဲထုတ် ပြကြပါတယ်။
ကမ္ဘာကျော် စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးကို ရေးသားခဲ့တဲ့ တော်လ်စတွိုင်း ကတော့ “အနုပညာဟူသည်ကား လူသားတို့ ရရောက်ခဲ့သော အမြင့်မြတ်ဆုံးနှင့် အကောင်းမွန်ဆုံး တွေ့ကြုံခံစားမှုတို့ကို သူတပါးသို့ မျှဝေရန် ရည်ရွယ်သော လုပ်ဆောင် ချက်ပင် ဖြစ်ပါ၏” လို့ ဖွင့်ဆိုပြပါတယ်။
ဒါဆိုရင် မြန်မာ – ကိုရီးယား အနုပညာ နှီးနှောဖလှယ်ပွဲ အစီအစဉ်ကနေ ဖြစ်ပေါ်လာတဲ့ TOUCH အနုပညာပြပွဲက ဘယ်လိုပါလိမ့်။ နိုင်ငံတကာမှာ အနုပညာ အားပေးမြှင့်တင်ရေး လုပ်ကိုင် ဆောင်ရွက်ကြပုံနဲ့ နှိုင်းယှဉ်ကြည့်ရအောင်ပါ။
ပြခန်းထဲကို ရောက်တာနဲ့ ကိုရီးယား Artist ၆ ဦး၊ မြန်မာ Artist ၆ ဦးတို့ရဲ့ အနုပညာလက်ရာ ၁၉ ခု ကို တွေ့ရပါတယ်။ Digital Art (သို့မဟုတ်) Photo Art လည်း ပါဝင်သလို၊ Installation Art လည်းပါဝင်ပါတယ်။ ပြီးတော့ New Media Art လို့ ခေါ်တဲ့ မီဒီယံများ စုပေါင်း ဖန်တီးထားတဲ့ လက်ရာတွေလည်း ပါဝင်တာ တွေ့ရပါတယ်။ ပြပွဲကို ဇူလိုင် ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ New Zero Art Space အနုပညာ ခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲ ဖြစ်လာဖို့ ပထမဆုံးဦးစွာ ကိုရီးယား အနုပညာရှင်တွေက စတင် ကမ်းလှမ်းလာတာ ဖြစ်ပြီး၊ Artist ၆ ဦးနဲ့ Curator ၂ ဦးပါဝင်တဲ့ အဖွဲ့က မြန်မာနိုင်ငံကို Artist Residency နဲ့ ၂၅ ရက် လာရောက် နေထိုင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက မြန်မာတွေနဲ့ တွေ့ဆုံကြတယ်၊ ပြီးတော့မှ တွေ့ကြုံ ခံစားရမှုကနေ ထပ်ဆင့် ဖန်တီးတင်ပြဖို့ ဖြစ်လာတဲ့ အနုပညာ လက်ရာတွေကို အခုလို ပြပွဲပြုလုပ် တင်ဆက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“၂၅ ရက်တာ ဆိုတဲ့ အချိန်အတိုင်းအတာဟာ တိုတောင်းတယ် ဆိုနိုင်ပေမယ့် ဒီအချိန်လေးအတွင်းမှာပဲ အနုပညာရဲ့ ထိတွေ့မှုကနေ တဆင့် စိတ်ဝိဉာဉ်ချင်း ဖလှယ်နိုင်ခဲ့ကြပါတယ်” လို့ ပြပွဲစီစဉ်သူ စကားမှာ တွေ့ရပါတယ်။
ကိုးရီးယား အနုပညာရှင်တွေကတော့ Lee Changjin, Jeong Chanho, Byun Daeyong, Jeong Manyoung, Song Sungjin, Park Juhyun တို့ဖြစ်ပြီး မြန်မာ အနုပညာရှင်တွေ ကတော့ မြတ်ကျော့၊ ကောင်းဆု၊ အောင်မြတ်ဌေး၊ သွိုက်တာ၊ ရတနာဝင်းနဲ့ နိုရာတို့ ဖြစ်ပါတယ်။ ကိုရီးယား Curator တွေဖြစ်တဲ့ Seo Juno, Kang Sang-hoon တို့နဲ့ မြန်မာ Curator ဟေမာန်ဦးတို့ ပူးပေါင်းတင်ဆက် မျှဝေတာလို့လည်း သိရပါတယ်။
ပြီးတော့ အနုပညာဆိုတာ လူသားတွေရဲ့ ဘဝရပ်တည်မှုတွေနဲ့ ဆက်နွှယ် ပတ်သက်နေတဲ့ လူနေမှုဘဝ၊ ဓလေ့ထုံးတမ်း အစဉ်အလာ စတာတွေကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်သလို လိုအင်ဆန္ဒ၊ လိုအပ်ချက်နဲ့ ခံစားချက်တွေလည်း ပါဝင်နေမှာ ဖြစ်ပါတယ်။ ဒီပြပွဲမှာ ပြသထားတဲ့ ကိုရီးယား၊ မြန်မာ Artist တွေ ဖန်တီးတင်ပြထားတဲ့ လက်ရာတွေထဲ မှာတော့ နိုင်ငံရေး အပြောင်းအလဲက Artist အပေါ် ရိုက်ခတ်တာကနေ စေ့ဆော်ပေးတဲ့ စိတ်ခံစားမှုတွေကို ပုံဖော်တင်ပြမှုတွေ ပါဝင်ပါတယ်။ ကိုရီးယားနဲ့ မြန်မာတို့မှာ တူညီတဲ့ သမိုင်းကြောင်းရှိပြီး ပြုပြင်ပြောင်းလဲရေး ကာလ တွေ့ကြုံရတဲ့ အခက်အခဲလည်း တူညီတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
အရင်ကတော့ အနုပညာပြပွဲ တခု ပြုလုပ်တော့မယ် ဆိုရင် သက်ဆိုင်ရာ Artist တွေ အချင်းချင်း စုပေါင်း ညှိနှိုင်းပြီး အဆင်ပြေသလိုသာ ပြခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ Curator ရဲ့ အခန်းကဏ္ဍ ဆိုတာ မရှိသေးပါဘူး။ ပြီးတော့ စုစည်းတင်ဆက်သူနဲ့ သုတေသနသမား တွေရဲ့ အခန်းကဏ္ဍ ကလည်း ရေရေရာရာ မရှိသေးသလို Floor Manager ဆိုတာလည်း မရှိသေးတာ တွေ့ရတယ်။ အခုလို နိုင်ငံတကာ အနုပညာတိုးမြှင့်အားပေးတဲ့ အတိုင်း လုပ်ဆောင်လာ နိုင်တာ အနုပညာ လောကအတွက် အပြောင်းအလဲလို့ ဆိုရမှာပါ။
စိတ်ဝင်စားစရာ ကောင်းတာက မတူညီတဲ့ နိုင်ငံတွေကမို့ မတူညီကြဘူးလို့ပဲ ဆိုဆို၊ သူတို့ဟာ အနုပညာရှင်တွေ ဖြစ်ကြလို့ တူညီတယ်ပဲ ပြောပြော၊ အဲဒီ မတူညီမှုတွေ၊ တူညီမှုတွေ ဆိုတာထက် တဦးနဲ့တဦး မြင်တွေ့ သိမြင်နိုင်မှုကို ကိုယ်စားပြုဖို့ ဖြစ်လာပြီး နိုင်ငံသား အချင်းချင်း ထိတွေ့ သိမြင်လာဖို့ အထိ ရည်ရွယ်တယ် ဆိုတာကို ဖတ်ရှုပြီး နားလည်လာပါတယ်။
Artist Statement တချို့ကို ဖော်ပြရရင် မြတ်ကျော့၏ လက်ရာမှာ “လူ့အခွင့်အရေးနဲ့ အမျိုးသားရေး ညီညွတ်မျှတမှု မရှိရင်တော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သာမက ကမ္ဘာရဲ့ ငြိမ်းချမ်းရေး အထိပါ ထိစပ် ထိခိုက်သွားစေမှာ ဖြစ်တယ်” ဆိုပြီးတော့ တမျိုး၊ Artist Jeong Chanho ၏ လက်ရာမှာ “တချိန်မှာ မှတ်ဉာဏ်ကနေ ပျောက်ကွယ်သွားမယ့် မြန်မာနိုင်ငံရဲ့ အရှိန်ပြင်းပြင်း ပြောင်းလဲမှုတွေကို ပုံဖော်ပြတာ ဖြစ်တယ်” ဆိုပြီးတော့ တဖုံ၊ Artist Song Sungjin ရဲ့ The Temperature by other’s eye လက်ရာမှာ “ရန်ကုန်ရဲ့ အပြောင်းအလဲထဲမှာ ငြိမ်သက် အေးစက်တဲ့ အနေအထားတွေလည်း ပါဝင်တဲ့ အကြောင်း တင်ပြတာ ဖြစ်တယ်” ဆိုပြီးတော့ တနည်း တွေ့ရပါတယ်။
ပြောင်းလဲမှုနဲ့ အတူ လိုက်ပါ ပြောင်းလဲနိုင်ဖို့ အတွက် စိန်ခေါ်မှုတွေကလည်း နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။ ကျနော် တို့ဟာ ကျနော်တို့ အနာဂတ်ကို အကောင်း ရွေးချယ် ပြောင်းယူနိုင်ကြဖို့ ကြိုးစားရပါဦးမယ်၊ တဦးတယောက် တသင်းတဖွဲ့ရဲ့ တွေးမြင် ခံစားချက်တွေကို တခြား သူတွေဆီ မျှဝေရင်း အပြန်အလှန် နားလည်မှုတွေ တည်ဆောက် ကြရဦးမယ် စသည်ဖြင့် ပြပွဲကို ကြည့်ရှုရင်း တွေးတော မိပါတယ်။