အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်ရဲ့ သဘင်သက်နှစ် ၈၀ ပြည့် “အလင်္ကာအလွမ်းမှတ်တမ်း” အထူး တင်ဆက်ပွဲ အခမ်းအနားကို သြဂုတ်လ ၇ ရက်နေ့ ည ၇ နာရီက ရန်ကုန် အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အထူးတင်ဆက်ပွဲ အခမ်းအနားကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ စာနယ်ဇင်း ဆရာ၊ ဆရာမတွေနဲ့ အနုပညာရှင်တွေ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။
အခမ်းအနားအစမှာ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ ဘုရင့်သဘင် အဖွင့် ပဏာမသီချင်းကို သားတွေ ဖြစ်ကြတဲ့ အကယ်ဒမီ ညွန့်ဝင်း၊ ဝင်းမောင်၊ ဝင်းဗိုလ်၊ ဆန်းဝင်းနဲ့ ချမ်းသာတို့က ဖျော်ဖြေ တင်ဆက်ခဲ့ပြီး စိန်ရတု ရွှေမန်းသဘင် ဂါရဝပြု သီချင်းကို မြေးတွေဖြစ်ကြတဲ့ သရုပ်ဆောင် ကျော်ကျော်ဗို၊ တင်မောင် ဆန်းမင်းဝင်း၊ မင်းရဲမော်၊ ရွှေယဉ်ဝင်း၊ မေတင်မောင် ဆန်းဝင်းနဲ့ ရွှေမန်းသဘင်အဖွဲ့တို့က ဂါရဝပြု သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဂန္ထဝင် မှတ်တမ်း ဂုဏ်ပြုတေးကိုတော့ သားဖြစ်သူ ဝင်းမောင်နဲ့ နန်းတော်ရှေ့ ဆရာတင်ရဲ့ သမီးဖြစ်သူ နန်းခင်မွှေး တို့က သီဆိုပြီး ရုပ်သေး ဦးရွှေကြည် (ယဉ်ကျေးမှု)၊ ချစ်စွမ်းသာ၊ နေခြည်ငြိမ်းချမ်းနဲ့ မြင့်မိုရ်ချမ်းသာ တို့က ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ကပြခဲ့ကြတာ တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ ဂုဏ်ပြုစကားကို ဦးရွှေနန်းတင်က ဟြေကြားခဲ့ပြီး အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် သီဆို ခဲ့တဲ့ ဗောဓိရွှေကျောင်း ရှင်ပြုတေးနဲ့ စစ်ကိုင်း ဗျောတေးသီချင်းတွေကို ထပ်ဆင့် အကယ်ဒမီ ရန်အောင်က ဂုဏ်ပြုသီဆိုခဲ့ပြီး သဘင် ပညာရှင်တွေက သရုပ်ဖော် ကပြခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ မောင်မှူးအော်ပရာကို သားဖြစ်သူ ဆန်းဝင်းနဲ့ ရွှေမန်းသဘင် အဖွဲ့တို့က ကပြခဲ့ပြီး မုန်းလို့ဟုတ်ဘူး တေးသီချင်းကို သား ဝင်းမောင်က သီဆိုဖျော်ဖြေပါတယ်။
မြန်မာတေးသီချင်းတွေနဲ့ မြန်မာ့ဇာတ်သဘင်ကို ဝါသနာပါ နှစ်သက် မြတ်နိုးသူ အမေရိကန်နိုင်ငံသူ Kid Young က စန္ဒရား တီးခတ် ဖျော်ဖြေပေးခဲ့ရာမှာ ပရိသတ်ရဲ့လက်ခုပ်သံ တသောသောညံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ထွက်ရပ်လမ်း တေးသရုပ်ဖော် အော်ပရာကို တင်မောင်ဆန်းမင်းဝင်း၊ သရုပ်ဆောင် မိုးယုစံနဲ့ ရွှေမန်းသဘင် အဖွဲ့သားတွေက တင်ဆက်ကပြခဲ့သလို၊ ရွဲကုန်သည် ပြဇာတ်ကိုတော့ သားဖြစ်သူ ချမ်းသာ၊ မြေးဖြစ်သူ ကျော်ကျော်ဗိုနဲ့ ရွှေမန်းသဘင်အဖွဲ့တို့က ကပြ ဖျော်ဖြေခဲ့ရာမှာ လောဘကြီး အမြတ်စားတတ်တဲ့၊ ကောက်ကျစ်တဲ့ ရွဲကုန်သည်အဖြစ် ချမ်းသာက ပီပီပြင်ပြင် သရုပ်ကပြခဲ့တဲ့အတွက် ပရိသတ်တွေ အထူး သဘောတွေ့ခဲ့ကြပါတယ်။
ဖိုးချစ်၊ စွမ်းဇာနည် နဲ့ မြေးဖြစ်သူ မေတင်မောင်ဆန်းဝင်း တို့ကလည်း ပဒေသာပင်မြိုင် အကကို ဟာသနှောပြီး
ကပြခဲ့ပါသေးတယ်။
အဲဒီနောက်မှာတော့ ချစ်မိစ္ဆာ တေးသီချင်းကို သားဖြစ်သူ ဝင်းမောင်နဲ့ ရွှေမန်းမျိုးဆက်တော်သူ ဌေးဌေးစိန် တို့က ဖျော်ဖြေပြီး လွတ်လပ်သောမောင်မယ် တေးသီချင်းကို သားဖြစ်သူဝင်းမောင်နဲ့ ရွှေမန်းသဘင် အဖွဲ့သားတွေက ဂုဏ်ပြု တင်ဆက် ဖျော်ဖြေခဲ့ပါတယ်။ စတုဒီသာသီချင်းကို မဟာရန်ကုန် စံပြသဘင်အဖွဲ့က မိုးဝင်း၊ မိုးမင်း၊ ဟန်ဇာမိုးဝင်းနဲ့ တင်ဇာမိုးဝင်းတို့က ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ပြီး ဂီတရူး ပြဇာတ်ကို မြေးဖြစ်သူ ကျော်ကျော်ဗို၊ ဂျင်းနီ၊ သန္တာလင်းနဲ့ ရွှေမန်းသဘင် အဖွဲ့သားတွေက တင်ဆက်ကပြရာမှာ ကျော်ကျော်ဗိုနဲ့ ဂျင်းနီတို့ရဲ့ အကတွေကို ပရိသတ် သဘောကျခဲ့ပါတယ်။
အဲဒါပြီးတော့ ပရိသတ်တွေရဲ့ မျက်ရည်ကို ခြွေယူတဲ့ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ တကယ့်ဖြစ်ရပ် သဘင်ဘ၀ နောက်ဆုံးည ကွယ်လွန်ချိန်ကို အန္တိမ နှစ်ပါးလို့ အမည်ပေးထားပြီး သားဖြစ်သူ ချမ်းသာ၊ မြေးဖြစ်သူ တင်မောင်ဆန်းမင်းဝင်းနဲ့ ရွှေမန်းသဘင် အဖွဲ့သားတွေက ပီပီပြင်ပြင် ကပြဖျော်ဖြေခဲ့တဲ့ အတွက် ပရိသတ်အားလုံးက သဘင်ကို အလွန်ချစ် မြတ်နိုး လွန်းတဲ့ သဘင့်ဖခင်ကြီး အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်အတွက် စိတ်မကောင်း ဝမ်းနည်းမှုတွေ အပြည့်အ၀ ခံစားကြတာ တွေ့ရပါတယ်။
အစီအစဉ်တွေကို ဆက်လက်တင်ဆက်ချိန်မှာ အဖပီတာ တေးသီချင်းနဲ့ သားဖြစ်သူဆန်းဝင်းနဲ့ ဝင်းမောင်တို့က သီဆိုကပြ ဖျော်ဖြေခဲ့ပြီး နောက်ဆုံး အစီအစဉ်အနေနဲ့ အေးမေတ္တာ ရွှေမန်းနှစ်ပါးကို သားဖြစ်သူ ဝင်းမောင်၊ ချမ်းသာနဲ့ မြေးဖြစ်သူ တင်မောင်ဆန်းမင်းဝင်း၊ မင်းရဲမော်၊ ရွှေယဉ်ဝင်း၊ မေတင်မောင်ဆန်းဝင်းနဲ့ ရွှေမန်းသဘင်အဖွဲ့သားတွေက မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကပြခဲ့ပါတယ်။
တေးသီချင်းတွေကို တီးခတ်ပေးခဲ့တာ ကတော့ ရွာစားကျော် သီရိမောင်မောင်နဲ့ ရွာစားစိန်ဝင်းကို ဆိုင်းဝိုင်း အဖွဲ့တွေ ဖြစ်ပါတယ်။
အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ သဘင်သက် အနှစ် ၈၀ ပြည့် အလင်္ကာအလွမ်း မှတ်တမ်းပွဲကို ကြည့်ရှုချင်တဲ့
ပရိသတ်တွေ အနေနဲ့ ဖန်သားပြင်ပေါ်က ခံစားမှုထက် ပိုမိုကောင်းမွန်တဲ့ သဘင်ရဲ့ တကယ့် အနှစ်သာရကို စိတ်ကျေနပ်မှု အပြည့်အ၀ ခံစားချင်တယ် ဆိုရင် သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ရန်ကုန် အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ဦးမှာ ဖြစ်တယ်လို့ သတင်းပေးချင်ပါတယ်။