SFU

Air Supply နဲ့ IC တပိုင်းစီ ဖျော်ဖြေပြီး အလှူလုပ်ကြမယ်

This article has been converted from Zawgyi One to Unicode

ကမ္ဘာကျော် Air Supply တေးဂီတအဖွဲ့ဟာ သြဂုတ် ၁၅ ရက်နေ့ ညနေ ၇ နာရီမှာ ရန်ကုန် MCC ခန်းမမှာ လာရောက် ဖျော်ဖြေတင်ဆက်ဖို့ ပုဂံအင်တာတိန်းမန့်က စီစဉ်ထားတာ ဖြစ်ပြီး ရလာတဲ့ ငွေကြေး အမြတ်အစွန်းတွေကို မဖွံ့ဖြိုးသေးတဲ့ ဒေသတွေက ပညာရေးအတွက် လှူဒါန်းမယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲမှာ Air Supply အဖွဲ့ မတင်ဆက်မီ အိုင်ရင်းခရော့စ် IC တေးဂီတ အဖွဲ့က ၁ နာရီစာ ဖျော်ဖြေမယ်လို့ သိရပါတယ်။IC တေးဂီတရဲ့ ပင်တိုင် အနုပညာရှင်တွေဖြစ်ကြတဲ့ လိဒ် ချစ်စမ်းမောင်၊ ဘေ့စ် ခင်မောင်သန့်၊ ဒရမ် ခရမ်း၊ ကီးဘုတ် ဗညားနိုင် တို့က တီးခတ်မှာဖြစ်ပြီး ပင်တိုင် တေးသံရှင်တွေ ဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့က သီဆိုကြမှာ ဖြစ်ပါတယ်။

IC အဖွဲ့ဝင်များသာ ဖျော်ဖြေကြမှာဖြစ်ပြီး ပြင်ပ တေးသံရှင်တွေကို ဖိတ်ခေါ်ထားခြင်း မရှိဘူးလို့လည်း သိရပါတယ်။

IC ရဲ့ တနာရီအကြာ ဖျော်ဖြေမှု အပြီးမှာ Air Supply တေးဂီတအဖွဲ့က ပင်တိုင် တေးသံရှင် Russell Hitchcock နဲ့အတူ Graham Russell၊ Rex Goh၊ David Moyse၊ Mark McEntee နဲ့ Frank EslerSmith တို့က ဖျော်ဖြေတင်ဆက် ကြမှာပါ။

ပုဂံ အင်တာတိန်းမန့်က Air Supply တေးဂီတအဖွဲ့ကို စီစဉ်တင်ဆက်ပြီး ရသမျှ အမြတ်အစွန်းတွေကို မြန်မာနိုင်ငံ အတွင်း ဖွံ့ဖြိုးမှု အားနည်းတဲ့ ဒေသတွေက ကလေးငယ်တွေရဲ့ ပညာရေးအတွက် ရန်ပုံငွေအဖြစ် သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ ပုဂံ အင်တာတိန်းမန့်ရဲ့ မန်နေဂျာ ကိုညီညီ ဆီက သိရပါတယ်။

“လှူတာကတော့ ကချင်တို့၊ ချင်းပြည်နယ်တို့မှာ ရှိတဲ့ တချို့ မဖွံ့ဖြိုးတဲ့ နေရာတွေမှာ ပညာရေးနဲ့ ပတ်သက်လို့ပေါ့။ အဓိက ကတော့ ကျောင်းစနေမယ့် ကလေးတွေအတွက် လုပ်ပေးတာပါ။ သူငယ်တန်းပေါ့။ ကျောင်းစနေတဲ့ တနှစ်စာလုံးကို တအိမ်ထောင်မှာ ဘယ်နှယောက်ရှိလဲ၊ ရှိတဲ့ဟာကို ပညာရေး ထောက်ပံ့မှာပါ။ ကျနော်တို့ ထူးဖောင်ဒေးရှင်းမှာ အဲဒီ ဒေသတွေကို ကွင်းဆင်းပြီး ကျောင်းမနေရတဲ့ ကလေးတွေ အတွက် စစ်တမ်း ကောက်ယူထားတာတွေ ရှိပါတယ်’’ လို့ ထူးကုမ္ပဏီက တာဝန်ရှိသူ တဦးက ပြောပါတယ်။

ပုဂံ အင်တာတိန်းမန့် အနေနဲ့ အနုပညာ လုပ်ငန်းတွေ၊ စက်ပစ္စည်း ငှားရမ်းခြင်းတွေ၊ ရှိုးပွဲ စီစဉ်ခြင်းတွေကို လွန်ခဲ့တဲ့ ၄ နှစ်လောက် ကတည်းက စတင် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ ပုဂံအင်တာတိန်းမန့်ဟာ ပြည်ပ တေးဂီတဝိုင်းတွေကို ဖိတ်ခေါ်မှု အနေနဲ့ Air Supply ဟာ ပထမဆုံး အကြိမ် ဖြစ်ပြီး မိုက်ကယ်လန်း (MLTR) အဖွဲ့ လာရောက် ဖျော်ဖြေစဉ်ကလည်း စက်ပစ္စည်းတွေ ငှားရမ်း ပေးခဲ့တယ်လို့ သိရပါတယ်။

“Air Supplyကို ဘာလို့ ငှားလဲဆိုရင် Air Supply က ကျနော်တို့ ငယ်စဉ်က နာမည်ကြီးခဲ့တဲ့ဝိုင်း တဝိုင်းလည်း ဖြစ်တယ်။ မြန်မာပြည်သူတွေကို ခံစားစေချင်တယ်။ အဓိကကတော့ ပညာရေး ရန်ပုံငွေပါပဲ။ နောက်ထပ် နိုင်ငံတကာ တီးဝိုင်းတွေလည်း ဖိတ်ခေါ်မှာတော့ ရှိပါတယ်။ ပညာရေးတခုတည်း လုပ်မှာတော့ မဟုတ်ဘူး။ ဘယ်နေရာတွေမှာ လိုအပ်တာ ရှိနေမလဲ၊ အဲဒီ အတွက်လည်း လုပ်ပေးမှာပါ” လို့ ပုဂံ အင်တာတိန်းမန့် မန်နေဂျာ ကိုညီညီက ဆိုပါတယ်။

ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး IC တေးဂီတရဲ့ ကီးဘုတ်ပညာရှင် ကို ဗညားနိုင်က Air Supply အဖွဲ့ သီချင်းတွေကို ၁၉၈၆ လောက်ကတည်းက မြန်မာ ကော်ပီ သီချင်းတွေ အဖြစ် တီးခဲ့ဖူးတဲ့အကြောင်း၊ IC အဖွဲ့ထဲ မဝင်ခင် ကတည်းက Air Supply သီချင်းတွေကို တီးခဲ့ဖူးတာဖြစ်ကြောင်း ပြောပါတယ်။

“Air Supply က ကိုယ့်ရဲ့ မြင်ဆရာတွေလို ပါပဲ။ ၁၅ ရက်နေ့မှာတော့ ပွဲချိန်က တဖွဲ့ကို ၁ နာရီကျော် လောက်ပဲ တီးဖြစ်မယ်။ အမျိုးသမီး အဆိုတော်တွေ မပါဘူး။ သူတို့ကလည်း နယ်လှည့် တီးနေတာပေါ့။ ကျနော်တို့ ဆီမှာ တီးပြီး တခြားနိုင်ငံမှာလည်း တီးရမယ် ပြောတယ်။ သူတို့သီချင်းတွေကို ကိုဘိုဘို၊ တင်ဇာမော်တို့ တတွေ ဆိုခဲ့ဖူးတယ်။ နောက် ဖြူဖြူကျော်သိန်းတို့၊ ချမ်းချမ်းတို့လည်း ဆိုဖူးကြတယ်။ တကယ် မြန်မာပြည်နဲ့ ရင်းနှီးတဲ့ အဖွဲ့ပါ။ ကိုယ့်အနေနဲ့ ကတော့ အကောင်းဆုံးတီးမှာပါ” လို့ ကိုဗညားနိုင်က ဧရာဝတီရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။

ဖျော်ဖြေပွဲ လက်မှတ်တွေကို ကျပ် ၅ သောင်းခွဲ၊ ၅ သောင်း၊ ၃ သောင်း၊ ၂ သောင်းခွဲ၊ ၂ သောင်း စသည်ဖြင့် သတ်မှတ်ထားပြီး City Mart ဆိုင်ခွဲ၊ Ocean ဆိုင်ခွဲ တွေမှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Air Supply တေးဂီတအဖွဲ့ဟာ ၁၉၇၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ သြစတြေးလျ တေးဂီတအဖွဲ့ တဖွဲ့ဖြစ်ပါတယ်။ Pop Rock, Soft Rock အမျိုးအစားတွေကို အများဆုံး သီဆိုခဲ့ပါတယ်။ စီဒီ ၃၁ ချပ်၊ ဗီစီဒီ ၅ ချပ်၊ လက်ရွေးစင်နဲ့ စင်တင် ဖျော်ဖြေပွဲ စီးရီး ၈ ချပ် ထွက်ရှိခဲ့ပြီး ၁၉၇၆ မှာ Air Supply စီးရီးနဲ့ ၂၀၁၁ မှာ Sanctuary တေးစီးရီးတို့ နောက်ဆုံး ထွက်ရှိထားတာ ဖြစ်တယ်လို့ Air Supply Web Site မှာ ဖော်ပြထားပါတယ်။

Air Supply တေးဂီတအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖျော်ဖြေပြီး သြဂုတ်လ အတွင်းမှာပဲ Las Vegas မှာ စင်တင်ပွဲ ထပ်မံ ဖျော်ဖြေဖို့ ရှိတယ်လို့ သိရပါတယ်။

Loading