အရုပ်ပါမြင်ရမှ ကြိုက်တဲ့ ပရိသတ်အတွက် တရုတ်ပြည်မှာ MTV သွားရိုက်တဲ့ N ကိုင်ရာ
ရှမ်းကချင် တိုင်းရင်းသူလေး N ကိုင်ရာက အတွဲခွေတွေမှာ အောင်မြင်ခဲ့သလောက် သူ့ရဲ့ တကိုယ်တော်ခွေ မှာတော့ ပရိသတ် တွေရဲ့ တုံ့ပြန်သံတွေ သွေးအေးနေတာ တွေ့ရပါတယ်။
Metal Zone တေးဂီတနဲ့ တီးခတ်ထားတဲ့ Nကိုင်ရာရဲ့ “လေဒီကိုင်ရာ” တေးစီးရီးကို ပရိသတ်တွေ သိပ် သတိမထားမိကြ သေးတာဟာ စီဒီ အဖြစ်ပဲ ထွက်လာတာကြောင့် ဖြစ်တယ်လို့ Nကိုင်ရာကပြောပါတယ်။ သူ့ရဲ့ လေဒီကိုင်ရာ MTV ကို ပရိသတ်ဆီ အမြန်ဆုံး ရောက်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
“တချို့ကျတော့ ရုပ်နဲ့တွဲ မြင်ချင်တာတွေ ရှိတယ်။ ရုပ်နဲ့ကြည့်မလား အသံပဲ နားထောင်မလားဆို၊ ရုပ်ကို ပိုကြည့်ချင်ကြတယ်။ အဲဒီတော့ VCDကို အမြန်ဆုံး ထွက်ချင်တယ်။ ဒါပေမယ့် ကြားထဲမှာက တော်တော်လေး ဟသွားတော့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ အခုက စီဒီသာ ထွက်တာ ကိုယ်ကိုယ်တိုင်လည်း အားမရသေးဘူး။ VCDထွက်ဖို့တော့ အားသွန်ခွန်စိုက် ကြိုးစားဖို့ လုပ်နေပါတယ်” လို့ Nကိုင်ရာက ပြောပါတယ်။
လက်ရှိမှာတော့ Nကိုင်ရာရဲ့ MTV အတွက် သီချင်း ၄ ပုဒ် ရိုက်ကူးပြီးပြီလို့ သိရပါတယ်။ လေဒီကိုင်ရာ အခွေကို တေးရေး ကိုမိချောက စီစဉ်ပေးနေတာ ဖြစ်ပြီး ရိုက်ကူးပြီးတဲ့ သီချင်းလေးပုဒ်ကို တရုတ်ပြည် ကွမ်ကျိုးမှာ သွားရောက်ရိုက်ကူး ထားတယ်၊ တရုတ်လူမျိုး ဒါရိုက်တာတွေနဲ့ တရုတ်မော်ဒယ်လ် တွေကို သုံးထားတယ်လို့ Nကိုင်ရာက ပြောပါတယ်။
“ရိုက်ထားတဲ့ ၄ ပုဒ်မှာ ကိုယ်တိုင် သရုပ်ဆောင်ထားတယ်၊ ကားတော့ မဆက်ရသေးဘူး။ အခု မိုးတွင်းမှာ ပြီးအောင်လုပ်မယ်။ အခွေ စီစဉ်ပေးတဲ့ ကိုမိချောနဲ့ တိုင်ပင်နေပါတယ်။ ကိုင့် အဖေရဲ့ ကျန်းမာရေးကလည်း မကောင်းတော့ ခဏ နားထားရတယ်” လို့ Nကိုင်ရာက ဆက်ပြောပါတယ်။
Nကိုင်ရာရဲ့ ဖခင်ဟာ အစာအိမ်နဲ့ အသည်းရောဂါကြောင့် ဆေးရုံမှာ ဆေးကုသနေရတဲ့ အတွက် Nကိုင်ရာရဲ့ MTV ကလည်း နည်းနည်း ကြာသွားတယ်လို့ ပြောပါတယ်။ N ကိုင်ရာရဲ့ လေဒီကိုင်ရာ စီးရီးမှာ တေးရေး Rခိုင်၊ ဇဝါ၊ ရွှေဂျော်ဂျော်၊ အောင်ကိုမြင့်၊ လင်းလင်း တို့က သီချင်းတွေ ရေးစပ်ပေးခဲ့ပြီး ပေါ့ပ် အချိုလေးတွေ ပါဝင်တယ်လို့ သိရပါတယ်။
အတွဲသီချင်းတွေနဲ့ ပေါက်ခဲ့တဲ့ N ကိုင်ရာက လက်ရှိမှာ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်၊ အောင်မြင်မှုကို ဆက်ပြီး ထိန်းနိုင်အောင်၊ သီချင်းတွေနဲ့ ပြန်ထိတွေ့ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဇူလိုင် ၂၇ ရက်နေ့က သုဝဏ္ဏ မိုးလုံလေလုံ ကွင်းမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ပွဲတော်မှာလည်း နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့နဲ့ အတူ ကျော်ကိုကို ရေးဖွဲ့တဲ့ ငြိမ်းချမ်းရေး ကဗျာ တပုဒ်ကို ရွတ်ခဲ့ပြီး မေတ္တာစက်ဝိုင်း ဆိုတဲ့ ငြိမ်းချမ်းရေး ဓမ္မတေး သီချင်း တပုဒ်ကိုလည်း သီဆိုခဲ့ပါတယ်။ ဒါ့အပြင် ကချင် ဂီတ မောင်နှမတွေ စုစည်းပြီး လိုင်ဇာမှာ သွားရောက် ဖျော်ဖြေပေးဖို့လည်း ရှိတယ်လို့ သိရပါတယ်။
ကချင်တိုင်းရင်းသူအနေနဲ့ လက်ရှိ ကချင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ပွဲတွေနဲ့ပတ်သတ်ပြီး ဘယ်လို ခံစားချက်ရှိလဲ ဆိုတဲ့ မေးခွန်းကို N ကိုင်ရာက “ကိုင့် အနေနဲ့ ဒုက္ခသည်စခန်းတွေလည်း ကိုယ်ကိုယ်တိုင် ရောက်ခဲ့တယ်။ ရောက်ရင်လည်း ဘယ်လိုမှ မျက်ရည် မထိန်းနိုင်ခဲ့ဘူး။ ဘယ်လိုပြောမလဲ၊ တွေ့ကြည့်လိုက်လို့ သူတို့တတွေရဲ့ မျက်လုံးတွေမြင်ရင် ကိုယ်တိုင် တကယ် ခံစားရတယ်။ ကိုယ့်သွေးသားတွေ ဖြစ်နေတာပေါ့နော်။ ကိုယ်သာဆိုရင် ဘယ်လိုလဲဆိုတာ စဉ်းစားမိတယ်။ သူတို့မျက်နှာတွေ၊ အသံတွေ မြင်ရ ကြားရရင် ကိုယ့်အနေနဲ့ အမြန်ဆုံး ပြန်အဆင်ပြေစေ ချင်တယ်။ သူတို့ခွန်အားဖြစ်စေဖို့ တဘက်တလမ်းကနေ ကူညီတယ်။ သူတို့အတွက် ကိုယ်အမြဲတမ်း လုပ်ပေးဖြစ်တာကတော့ ဆုတောင်းခြင်းပဲပေါ့’’ လို့ ဖြေပါတယ်။
N ကိုင်ရာက “မနောအလှ ဂီတည” အဖွဲ့တွေနဲ့ ဖျော်ဖြေပွဲ တခုအတွက် ကချင်မြေကို သွားခဲ့ရာကနေ သူကြုံတွေ့ခဲ့ရတဲ့ ကလေးတွေ အကြောင်းကိုလည်း ပြောပြပါတယ်။
“ကိုင်တို့ ကချင်မြေမှာ တနေရာပြီးတနေရာ သွားတယ်။ တချို့နေရာတွေက ဝင်လို့တောင် မရဘူး။ ကလေးတွေကတော့ အဓိကပေါ့။ သနားဖို့ကောင်းတယ်။ စစ်ဖြစ်မှန်းလည်း မသိကြဘူး။ ခရစ်စမတ် ပွဲမို့ စုနေတယ်ပဲ ထင်ကြတယ်။ ဒီတခါ ခရစ်စမတ်ပွဲက ကြာလိုက်တာ၊ အဲဒီလိုပဲ ထင်နေကြတယ်။ မိသားစုကွဲတဲ့ အဖြစ်တွေလည်း ကြားခဲ့ရတယ်။ ကိုယ်တိုင် ခံစားရတယ်။ ကွဲသွားတဲ့ ကလေးတွေဆို သူတို့တတွေ အဖေက ဘယ်အချိန် ပြန်လာမလဲ၊ တနေရာဆီ ဖြစ်နေတာတွေ ကြုံရပါတယ်။ မြန်မြန် ငြိမ်းချမ်းစေချင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဦးအောင်ခိုင်လည်း အနုပညာသင်တန်းကျောင်း ဖွင့်ပြီ

အရင်က သရုပ်ဆောင်တွေအတွက် လေ့လာသင်ကြားစရာ နေရာ ရှားပါးခဲ့ပေမယ့် အခုအချိန်မှာ အနုပညာ သင်တန်းကျောင်းတွေ ဟောတကျောင်း ဟောတကျောင်း ဖွင့်လာကြတာ ကြိုဆိုရမှာ ဖြစ်သလို၊ အခု အကယ်ဒမီ ဦးအောင်ခိုင်ကလည်း Dream World အနုပညာ သင်တန်းကျောင်းကို သူကိုယ်တိုင် ဦးစီး ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။
အရင်ခေတ်တွေတုန်းက အနုပညာလောကထဲ ဝင်ချင်ရင် လေ့လာဆည်းပူးစရာ နေရာ မရှိတာကြောင့် အခုလို အနုပညာ ဝါသနာပါသူတွေ အတွက် စနစ်တကျ လေ့လာစရာ နေရာတခုကို ဖန်တီးပေးချင်တာလို့ ဦးအောင်ခိုင်က ပြောပါတယ်။
ဦးအောင်ခိုင် ဦးစီးတဲ့ အနုပညာ သင်တန်းကျောင်းကို သုဝဏ္ဏ ရေနံ့သာလမ်းမှာ ဖွင့်လှစ်ထားပြီး ဦးအောင်ခိုင် မိတ်ဆွေ ကိုသန်းဦး၊ မသီတို့က ငွေကြေး စိုက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဆောင် သင်တန်း အနေနဲ့ တပတ် ၅ ရက် သင်ကြားပေးပြီး သင်တန်းသား တယောက်အတွက် သင်တန်းကြေး တလ ကျပ် ၁ သိန်း ယူကာ၊ စာတွေ့ထက် လက်တွေကို ပိုပြီး သင်ကြား ပေးနေတယ်လို့ သိရပါတယ်။
“ကလေးတွေကို စာတွေ့ကတော့ ၅ ရက်မှာ ၂ ချိန် သင်ပေးတယ်။ တချိန်မှာ ဆရာ တယောက်ပဲ သင်တယ်။ စာ သိပ်မသင်ဘူး။ လက်တွေ့သင်၊ လက်တွေ့ အလုပ်လုပ်ပေးတယ်။ ကလေးတွေဆီ ကနေ အခကြေးငွေ ယူတာလည်း ဆရာတွေကို ပြန်ကန်တော့ တာနဲ့တင် ကုန်သလောက် ရှိပါတယ်။ ကျနော်တို့က မင်းသား မင်းသမီး မလိုချင်ပါဘူး။ သရုပ်ဆောင်ကောင်း လိုချင်တယ်၊ လိုအပ်တဲ့ နေရာမှာ အသုံးတည့် သွားစေချင်တယ်” လို့ ဦးအောင်ခိုင်က ပြောပါတယ်။
သင်တန်းဆရာတွေ အဖြစ် ဦးအောင်ခိုင်အပါအဝင် ဒါရိုက်တာ ဦးမျိုးဇော်အောင်၊ မင်းသားကြီး ဦးဌေးအောင်၊ သရုပ်ဆောင် ဒါရိုက်တာ ဦးထူးသာ၊ သရုပ်ဆောင် ဒါရိုက်တာ ဦးခင်မောင်ချင်း၊ ဒါရိုက်တာ ကျော်နှင်းဆီတို့က သရုပ်ဆောင် ပညာရပ်တွေကို သင်ကြားနေပြီး ရိုက်ကွင်းကိုလည်း အပတ်စဉ် သွားရောက် လေ့လာစေတယ်လို့ သိရပါတယ်။
သင်တန်းသားတွေကို စာချုပ်နဲ့ ချုပ်နှောင်ထားခြင်း မရှိဘဲ အနုပညာ အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပေးထားတယ်လို့ ဦးအောင်ခိုင်က ပြောပါတယ်။
“ဦးတို့က စာချုပ်လည်း မချုပ်ဘူး။ အချုပ်အနှောင် မျိုးကိုယ်တိုင်လည်း မလုပ်စေချင်ဘူး။ စိတ်ကျဉ်းကျပ်တယ်။ သင်တန်းမှာ လာကြည့်ပြီး ထုတ်လုပ်သူတွေက ဗီဒီယို ရိုက်ချင်တယ် ပြောလာတာမျိုးပဲ လိုချင်တယ်။ သင်တန်း လာတက်နေတဲ့ တလျှောက် ငါတို့ဆီမှာ ဘယ်နှနှစ် လုပ်ရမယ်တို့၊ ရိုက်ကူးရေးက ရတာ ဘယ်လောက်ရာခိုင်နှုန်း ပေးရမယ်တို့၊ ဒါမျိုးတွေ မရှိဘူး။ လွတ်လွတ် လပ်လပ်ပဲ။ တကယ်လိုချင်တဲ့ သူတွေကို တကယ်ပေးချင်လို့ ဒီသင်တန်းကျောင်းကို ဖွင့်တာပါ။ ပေါ်ပြူလာ ဖြစ်ချင်လို့ ဆရာကြီး လုပ်ချင်လို့ မဟုတ်ပါဘူး” လို့ ဦးအောင်ခိုင်က ဆိုပါတယ်။
Dream World Studio လေ့ကျင့်ရေးကျောင်းကို သုဝဏ္ဏ မြို့နယ် ရေနံ့သာလမ်း ကျောက်စိမ်းလမ်းနဲ့ သန္တာလမ်း ထောင့်မှာ ဖွင့်လှစ်ထားပြီး ဖုန်း ၀၉၅၁၅၂၅၄၅ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
Dream World စတူဒီယိုမှာ အသံသွင်းယူနိုင်တဲ့ Home Studio လည်းရှိပြီး TheTree Band က ဘေ့စ်ဂစ်တာတီးတဲ့ ကိုဖိုးလှက အသံဖမ်း အင်ဂျင်နီယာအဖြစ် တာဝန်ယူပေး နေတယ်၊ Dream World Studio ပိုင်ရှင် ကိုသန်းဦးရဲ့ သား ဟိန်းလေးက Mix Down ဆွဲပေးနေပါတယ်။
ယောဂ လေ့ကျင့်ရေး အခန်းလည်း ရှိပြီး အဆို သင်တန်းကိုလည်း မကြာခင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း၊ အဆိုနည်းပြ ခင်မြတ်မွန်နဲ့ ညှိနေကြောင်းလည်း သိရပါတယ်။