မစပ်စုတို့ တလောက ကြည့်ဖြစ်တဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် ပညာရှင်တွေ အမြောက်အမြားနဲ့ မြန်မာ့ ငြိမ်းချမ်းရေးပွဲတော် ၂၀၁၃ ကြီးဟာ တော်တော် စည်ကားပြီး တော်တော်လည်း ကြီးကျယ်ပါတယ်။ မစပ်စု ကြည့်ခဲ့ဖူးသမျှ ပွဲတွေထဲမှာတော့ ဒီလောက် ထောင့်စေ့တဲ့ပွဲ မရှိသေးတာ အမှန်ပါပဲ။ ဒီမှာ မစပ်စု ပြောချင်တာက ပွဲအကြောင်းတော့ မဟုတ်ပါဘူး။ ဒီ ပွဲက ရလိုက်တဲ့ သင်ခန်းစာ ဆိုရင် ပိုမှန်ပါမယ်။ တိုက်ဆိုင်တာလား တိုက်ဆိုင်အောင်လုပ်တာလား မသိပေမယ့် ဒီပွဲ အပြီးမှာ ကျောင်းသားတပ်မတော် (ABSDF) နဲ့ ပြည်ထောင်စုအဆင့် ပထမဆုံး ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင် လိုက်တာပါ။ ဒီလက်မှတ်ရေးထိုးပွဲကြီးကို သြဂုတ်လ ၁၀ ရက်နေ့က Myanmar Peace Centre မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ABSDF နဲ့ ပတ်သက်တဲ့ မြောက်ပိုင်း ကိစ္စတွေ၊ အကွဲအပြဲ ကိစ္စတွေ၊ ကိုမိုးသီးဇွန် အကြောင်း၊ ဒေါက်တာ နိုင်အောင် အကြောင်း၊ ကိုသံချောင်း အကြောင်း စသဖြင့် ထဲထဲဝင်ဝင် သိသူရော၊ ရောကြိတ်တဲ့သူတွေရော ရေးကြပြောကြနဲ့ တော်တော် ဂယက်ထ နေချိန်မှာ ဒီ မင်္ဂလာ လက်မှတ်ကို ထိုးလိုက်တော့ အားလုံး ဝမ်းမြောက်ရပါတယ်။
ဒီမှာ မစပ်စု ပြောစရာလေး တခုပေါ်လာပါပြီ။ ဒီလက်မှတ်ရေးထိုးပွဲ အပြီး ညပိုင်းမှာတော့ ABSDF ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တွေနဲ့ ပြည်ထောင်စုအဆင့်ရှိတဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူကြီးတွေ တပျော်တပါး ညစာစားပွဲကို ကျင်းပခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲမှာ ကျောင်းသားတပ်မတော်ရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုသံခဲ၊ ကိုမျိုးဝင်း၊ ကိုဆန်နီ တို့က သူတို့ ဖြတ်သန်းခဲ့ရတဲ့၊ ခါးသီးတဲ့ နေ့ရက်တွေအကြောင်း ဖွင့်အန်သွန်ချနေချိန်မှာ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက သူ တပ်မတော် အရာရှိ ဘဝနဲ့ကိုသံခဲကို၊ ကိုမျိုးဝင်းကို ဘယ်လို လိုက်ရှာခဲ့ရတယ်၊ ဖမ်းဖို့ ဘယ်နှကြိမ် ကြိုးစား ခဲ့တာ ပွတ်ကာသီကာလေး ဘယ်လို လွဲသွားတယ် ဆိုတာကို ရယ်စရာနှောလို့ တသောသော ပြောသွားတာ မစပ်စု ကြားလိုက် ရပါတယ်။ တကယ်တော့ ဒါဟာ ရယ်စရာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဖမ်းမိခဲ့ရင်လည်း မချောင်လောက်ပါဘူး။ အခုတော့ ဖမ်းခဲ့သူနဲ့ ရှောင်ခဲ့သူ တစားပွဲတည်း အတူထိုင်လို့၊ အတူစားလို့ လက်ဆွဲနှုတ်ဆက်နေကြတာ ပီတိဖြစ်စဖွယ် တွေ့နေရပါပြီ။
ABSDF တွေနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အတူတူနေခဲ့ဖူးတဲ့၊ နိုင်ငံရေး ပြက်လုံးမင်းသားတွေလို့ ဆိုရမယ့် သီးလေးသီး အငြိမ့်အဖွဲ့ကလည်း ဒီ ညစာစားပွဲမှာ သူတို့ အချင်းချင်းသိတဲ့ အတွင်းလုံးတွေ အဆက်မပြတ်ပြော၊ တဝေါဝေါနဲ့ ပွဲကျ နေကြတာ ကြည့်ရင်း ပျော်ရွှင်မိသလို၊ သီးလေးသီး အဖွဲ့ထဲကနေ ပန်းသီး ထွက်သွားပြီ ဆိုတဲ့ သတင်း ဖတ်ရပေမယ့် အခု ဒီ ဖျော်ဖြေပွဲမှာကျတော့ သီးလေးသီးကို လူစုံတက်စုံနဲ့ ပြန်တွေ့လိုက်ရပြန်တော့ စိတ်ထဲ ချမ်းမြေ့မိပြန်ပါတယ်။
အစမှာ မစပ်စု ပြောခဲ့တဲ့ ငြိမ်းချမ်းရေး ပွဲတော်ဆီ ပြန်သွားကြရအောင်ပါ။ ဒီ ပွဲတော်ကြီးမှာ မစပ်စု ထူးထူးခြားခြား တွေ့မိတာလေး တခုရှိပါတယ်။ ဂီတလောထဲက ဂီတ နှစ်မျိုးဖြစ်တဲ့၊ တွေ့လိုက်တာနဲ့ တစောင်းစေးနဲ့ မျက်ချေးလို့ ဆိုရမယ့် ဟစ်ပ်ဟော့ပ် ဂီတနဲ့ ပန့်ခ် ဂီတနှစ်မျိုးကို ပွဲတပွဲတည်းမှာ အတူတွဲပြီး ပထမဆုံး အနေနဲ့ ဖျော်ဖြေခဲ့ကြတာပါ။ ဒီ ဂီတနှစ်ခုက အတူတွဲ ဖျော်ဖြေဖို့ နေနေသာသာ တွေ့တာနဲ့ ဆော်ကြ၊ ရိုက်ကြနဲ့ ပွဲပျက်ခဲ့ပေါင်းလည်း များခဲ့ပါပြီ။ အခုတော့ မြန်မာပြည်ရဲ့ ပန့်ခ် ဂီတ သမားတွေဖြစ်တဲ့ ကျားပေါက် (Big Bag) တို့အဖွဲ့၊ ရဲငွေစိုးတို့ရဲ့ No U-turn အဖွဲ့တွေနဲ့ ဟစ်ပ်ဟော့ပ် ဂီတ သမားတွေ ဖြစ်ကြတဲ့ Cyclone၊ Fire Cracker (ဗျောက်အိုး)၊ Project – 1 တို့ကို ဇာတ်စင်တစင်တည်း ပွဲတပွဲတည်းမှာ တဲ ွဖျော်ဖြေကြတာ တွေ့လိုက်ရပါပြီ။ နိုင်ငံရေးသမားတွေ ပြောပြောနေတဲ့ တူတာတွဲလုပ်မယ် ဆိုတာကို ဂီတသမား လူငယ်တွေက လက်တွေ့ ပြလိုက်တယ်လို့ ဆိုရမှာပါ။
ဂီတပြီးတော့ သဘင်ကို ပြောရရင်လည်း သဘင် အစည်းအရုံးနဲ့ သဘင် သမဂ္ဂဆိုပြီး နှစ်ဖွဲ့ဖြစ်နေကြတယ် ဆိုပြန်တော့ ပရိသတ်တွေ စိတ်မကောင်း ဖြစ်ခဲ့ကြရတာပါ။ ဦးနန်းဝင်း၊ ဦးသိန်းဇော် တို့က သဘင် သမဂ္ဂ၊ ဦးမိုးဝင်းတို့က အစည်းအရုံး ဆိုပြီး အဖွဲ့နှစ်ဖွဲ့က သဘင်လောက တိုးတက်ကောင်းစားဖို့ လုပ်ကြမယ်လို့သာ သံပြိုင် ဆိုနေကြပေမယ့် သဘင်လောကနဲ့ ပတ်သက်တဲ့ ကိစ္စအ၀၀ကို ဘယ်အဖွဲ့ကိုသွားပြီး တိုင်ပင် ညှိနှိုင်းရမလဲ မသိအောင် နှစ်ဖွဲ့ဖြစ်နေလေတော့ အဖွဲ့အစည်းတခုက နှစ်ဖွဲ့ကွဲနေသလို ဖြစ်နေတော့တာပေါ့။
အခု ငြိမ်းချမ်းရေး ပွဲတော်ကြီးမှာ ဦးချမ်းသာ၊ ဦးမိုးဝင်း၊ ဦးသိန်းဇော်၊ ဦးနန်းဝင်းတို့ စင်ပေါ်မှာ လည်ပင်းဖက်လို့ရယ် သီချင်း အတူဆိုနေတာ မြင်ရတော့ ဒါဟာ ငြိမ်းချမ်းရေးရဲ့ ပြယုဂ် တခုပေလားလို့ မစပ်စု တွေးမိနေပါတယ်။ သူတို့အားလုံး သီဆိုနေတဲ့ သီချင်း ကိုကြည့်လိုက်တော့ “လက်ရည် တပြင်တည်း” တဲ့လေ။ နိုင်ငံရေး သမားတွေကို သဘင် ပညာရှင် တွေကလည်း လက်တွေ့ ပြလိုက်ခဲ့ပါပြီ။ “ရှေးကထက် ပိုချစ်ကြတယ်” လို့လည်း စင်ပေါ်ကနေ ပြောနေကြပါပြီ။
အခုလို တယောက်နဲ့ တယောက် အမုန်းတွေကနေ အချစ်တွေ ပြောင်းသွားကြတဲ့အပေါ် နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ဇာဂနာက “နဂိုကတည်းက အခုလို ဖြစ်စေချင်နေတာ။ ဒါကို ထောင်ထဲမှာကတည်းက စိတ်ကူးယဉ်ခဲ့တာ။အရင်တုန်းက ချစ်ပြီးသား လူတွေက အခု တယောက်ကို တယောက် မုန်းနေတာကို မကြိုက်ဘူး၊ ပြန်ချစ်စေချင်တယ်။ အခုတော့ ရှေးကထက် ပိုချစ်လာကြတာကို မြင်ရတာ အရမ်းကြည်နူးတယ်” လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။
ငြိမ်းချမ်းရေး ဆိုတာကို ခေတ်အဆက်ဆက် ပြောခဲ့ကြ၊ ဆွေးနွေးခဲ့ကြပါတယ်။ မတူတာတွေကိုဖယ်၊ တူတာတွေ တွဲလုပ် ဆိုတဲ့ စကားကတော့ အားလုံး နားနဲ့ မဆန့်အောင် ကြားနေရတဲ့ စကားတခုဆိုရင် မမှားပါဘူး။ တကယ့် လက်တွေ့မှာ မစပ်စုနည်းတူ မြန်မာပြည်သူ ပြည်သားအားလုံးလည်း မြင်ချင်မယ်လို့ ထင်မြင်မိတာတော့ အမှန်ပါပဲ။ တချိန်က အသေသတ်ဖို့ လိုက်ရှာခဲ့တဲ့ သူတွေနဲ့ ရှောင်ပြေးခဲ့ရသူတွေ ပခုံးချင်းဖက်နေကြပါရောလား။ လေယာဉ်ပေါ်ကနေ သေနတ်နဲ့ လိုက်ပစ်ခဲ့လို့ တောင်ကြို တောင်ကြားမှာ ပြေးလွှား ပုန်းအောင်းနေခဲ့ရသူတွေ အခု အချင်းချင်း ပြန်ဆုံကြတဲ့ခါ “အဲဒီတုန်းက ကျနော် လိုက်ပစ် ခဲ့တာပါ”၊ “အောင်မလေး ကျမတို့ ပြေးလိုက်ရတာ ကံကောင်းလို့ပေါ့” လို့ ဆိုပြီး ဟာသ ဇာတ်လမ်းတပုဒ် ပြန်ပြောသလို ပေါ့ပေါ့ပါးပါးပြောပြီး ရယ်ပွဲဖွဲ့နေကြတာတွေဟာ ကြည့်မြင်ရသူ ကြည်နူးစရာပါပဲ။
ကောင်းသော နိမိတ်တွေတော့ မြင်နေရပြီလို့ ဆိုရမှာပါပဲ။ ကောင်းသော ရုပ်လုံးကြွ ပန်းချီကားကြီး တချပ်ကိုလည်း မစပ်စု မြင်ချင်ပါသေးတယ်။ “အပြာရောင်နောက်ခံမှာ အဖြူရောင် အပြုံးလေးတွေက တသံတည်း ဆိုလို့ရယ် … ရှေးကထက် ပိုချစ်ကြတယ်” တဲ့။
မစပ်စု ပြောချင်တာကတော့ ရှေးကထက် ပိုချစ်ကြတာ ကောင်းတဲ့ လက္ခဏာပါ၊ ဒါပေမယ့် ဒီပွဲ တပွဲတည်းမှာ၊ လူတွေရှေ့မှာ ခဏတာ အပေါ်ယံ ချစ်ပြတာမျိုး မဟုတ်ဘဲ အမှန်အကန် ရင်ထဲအသည်းထဲက ဆက်ချစ်ကြမယ် ဆိုရင်တော့ မြန်မာပြည်ရဲ့ အရုဏ်သစ်ကို မြင်ရပြီလို့ဆိုရင် မမှားနိုင်ပါဘူး။ မစပ်စုအနေနဲ့ ရောင်နီပျိုးချိန်မှာ ဖိုးသူတော် ဝင်လုပ်လိုက်တယ်ပဲ ဆိုပါတော့။ ဘွန္တော အော်တာ ဆွမ်းချက်ဖို့ပါ။ ကြက်ခိုးဖို့ မဟုတ်ပါဘူး။