ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ခွင့် ၃ လ ပိတ်လိုက်ပါပြီ။
တကယ်တော့ ရုပ်ရှင်အစည်းအရုံး အသစ် ဖွဲ့ပြီးတာ ၂ နှစ်မပြည့်သေးပါဘူး၊ တိတိကျကျ ပြောရရင်တော့ တနှစ်နဲ့လေးလပဲ ရှိပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရလက်အောက်ကလို အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီလားလို့ တွေးဖို့ကောင်းတဲ့ အဖြစ်အပျက်ကတော့ ပူပူနွေးနွေး ဖြစ်သွားခဲ့ပါပြီ။
စစ်အစိုးရ လက်ထက်တုန်းကတော့ သန်းဖေလေး၊ ဇာဂနာ၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အရိုင်း၊ ကျော်ရဲအောင်၊ မိုက်တီး တို့ကို ပိတ်ခဲ့ဖူးပါတယ်။ အခုတော့ ထူးထူးခြားခြား အစိုးရနဲ့ ကင်ကင်းရှင်းရှင်းပါ၊ NGO စစ်စစ်ပါ ဆိုတဲ့ ရုပ်ရှင် အစည်းအရုံး ကြီးက အရင်က စစ်အစိုးရလက်ထက်က စိတ် ပြန်ပေါက်သွားပြီးလားလို့ မေးရမလိုဖြစ်နေပါပြီ။
ပိုဆိုးတာက ဒီလို ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ပစ်ဖို့တိုင်တာ ဇာဂနာဆိုတဲ့ သတင်း ထွက်ပေါ်နေတာပါပဲ။ ကွယ်လွန်သူ စာရေးဆရာ မင်းလူ စကား ငှားသုံးရရင် “ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ပေါ့။ ဒါပေမယ့် မစပ်စု သဘာဝအတိုင်း မေးမြန်းကြည့်ရ ပါဦးမယ်။
လူရွှင်တော် ဇာဂနာကို မစပ်စုက လှမ်းပြီး စပ်စုကြည့်လိုက်တော့ “ကြံကြီးစည်ရာဗျာ ကျနော် ဘယ်သူ့ကိုမှ ဘာကိစ္စနဲ့မှ မတိုင်တတ်ပါဘူး။ တိုင်လည်း မတိုင်ဖူးပါဘူး” လို့ ဖြေလာပါတယ်။ ဒါဖြင့် ညွန့်မြန်မာ ညီညီအောင်ကို အနုပညာ လုပ်ကိုင်ခွင့် ၃ လ ပိတ်တဲ့ကိစ္စ ဦးဇာဂနာ မသိဘူးလား ဆိုတော့မှ ဇာတ်ရည် လည်ပါတော့တယ်။
“ကျနော့်ဆီ မနေ့က စာရောက်လာတယ်။ ကိုညီအောင်ကို ၃ လ ပိတ်တဲ့စာ။ ကျနော် တော်တော် အံ့အားသင့်တယ်။ ကျနော်က နဝတ လက်ထက်မှာ ၃ နှစ် တခါ၊ ၅ နှစ်တခါ၊ ရာသက်ပန် တခါ အနုပညာ လုပ်ပိုင်ခွင့် ပိတ်ပင် ခံခဲ့ရတဲ့ ကောင်ပါဗျာ။ ကျနော့်လိုမျိုး ဘယ်သူ့ကိုမှ အပိတ် မခံစေချင်ပါဘူး” လို့ သူ့ ခံစားချက်ကို ပြောပြပါတယ်။
ဖြစ်စဉ်ကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ ဇာတ်လမ်းကို လူရွှင်တော် ဇာဂနာက ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ထားတဲ့ “မမပြုံး ပြုံးစမ်းပါ” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပိုင်ရှင်ဆီမှာ ခွင့်မတောင်းဘဲ ရိုက်ကူးလိုက်ရာက စတယ်လို့ သိရပါတယ်။
“တကယ်က ဒီဇာတ်ကားရဲ့ မူလ ပိုင်ရှင် အစစ်အမှန်၊ ဇာတ်လမ်းရေးသူက မင်းကိုနိုင်ပါ။ ကျနော်က ဇာတ်ညွှန်း၊ ဒါရိုက်တာက ကြည်ဖြူသျှင်။ တိုင်ချင်းတိုင် မင်းကိုနိုင်က တိုင်ရမှာ။ ဘာကြောင့် ကျနော့် နာမည် အလွဲသုံးစား လုပ်ရသလဲ ကျနော် မသိဘူး။ ကိုညီအောင်က သူ ကျနော်တို့ဆီက ခွင့်မတောင်းဘဲ ဒီဇာတ်လမ်းကို ရိုက်မိပါတယ်လို့ လွန်ခဲ့တဲ့ လေးလလောက်က ကျနော်နဲ့ မင်းကိုနိုင် မန္တလေး ရောက်နေတုန်း ဖုန်းဆက် တောင်းပန်တယ်။ ကျနော်ကလည်း ရပါတယ်ဗျာ၊ ပိုင်ရှင်ဖြစ်တဲ့ မင်းကိုနိုင်ကို ပြောပေးပါ့မယ်လို့ ပြောလိုက်တယ်။ သူကလည်း ကားရိုက်တာ ခဏ ရပ်ထားမယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ ဒီဇာတ်လမ်းကို ကြည်ဖြူသျှင်က မင်းကိုနိုင်ဆီကနေ ဝယ်ပြီး ဗီဒီယို ရိုက်ပြီးနေပြီ။ ဒီတော့ ကိုညီအောင်ကို ခဏစောင့်ပါ၊ ကြည်ဖြူသျှင်ရဲ့ကား ထွက်ပြီးတော့မှ ဆက်လုပ်ပေါ့လို့ ပြောလိုက်တယ်။ ဒါလည်း အစည်းအရုံးက ချထားတဲ့ မူပဲလေ။ အခုတော့မှ ကျနော်က တိုင်လို့ ဆိုတာတော့ ဘယ်ကောင်းပါ့မလဲ။ ကျနော် ဘယ်သူ့ကိုမှ မတိုင်ဘူး။ ကိုညီအောင်က ဇူလိုင် ၂၇ ရက်နေ့ ငြိမ်းချမ်းရေးပွဲတော် လုပ်တုန်းကတောင် သူ့အနေနဲ့ ခွင့်မတောင်းဘဲ လုပ်ခဲ့မိတာ တောင်းပန်တယ်” လို့ ဆိုပါတယ်။
ဒါနဲ့ မစပ်စုလည်း ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို မေးကြည့်မိပါတယ်။ သူ့အဆိုအရတော့ ဒီကားက နှစ်ခါ ရိုက်ထား ပြီးသား၊ ပထမ တခါက ဒွေးနဲ့ ထွန်းအိန္ဒြာဗို သရုပ်ဆောင်တယ်၊ ဒုတိယ တခါကတော့ သူရိုက်ပြီး ထွန်းထွန်းနဲ့ နန္ဒာလှိုင် သရုပ်ဆောင်တယ်လို့ သိရပါတယ်။
“ကျနော် ရိုက်တုန်းက မင်းကိုနိုင် ဆီကနေ ကျပ်တသိန်းနဲ့ ဝယ်ရိုက်တာ။ ကိုဇာဂနာ ဝယ်ပေးတာ။ ကျနော့် ကားမှာ ဇာတ်လမ်း ပေါ်ဦးထွန်းလို့ စာတန်းထိုး ဖော်ပြခဲ့ပါတယ်။ မင်းကိုနိုင်လို့ မဖော်ခဲ့ရတာ ခွင့်မပြုလို့ပါ၊ ဒီတုန်းက ၂၀၀၆ ခုနှစ်လေ။ အခု ဟိန်းဝေယံနဲ့ ရိုက်ဖို့ ဇာတ်လမ်းစိတ်ကြိုက် ရှာတာမတွေ့တော့ ဒီကားဟောင်းလေး ပြန်ရိုက်မယ်၊ လူတွေလည်း မေ့လောက်ပြီ။ ဦးသူရနဲ့ ကျနော်နဲ့က ညီအစ်ကိုလို ခင်နေတော့ နောက်မှ ခွင့်တောင်းတော့မယ် ဆိုပြီး ရိုက်လိုက်တာ။ ဖြစ်ချင်တော့ ကြည်ဖြူသျှင်က ကိုမင်းကိုနိုင်ဆီက ဝယ်ပြီးသား၊ ရိုက်ပြီးသား ဖြစ်နေတယ်” လို့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပြောပါတယ်။
စာရေးသူ ကာယကံရှင်ကလည်း ကျေနပ်တယ်၊ ဇာတ်ညွှန်းဆရာကလည်း ဘာမှမပြောဘူး၊ ပြောခွင့်လည်း မရှိဘူး။ ဒါရိုက်တာ ကိုယ်တိုင်ကလည်း ရှေ့ကားပြီးမှ နောက်ကား လိုက်ပါ့မယ်၊ ကျော်မတက်ပါဘူး ဆိုထားရက်နဲ့ ဘာကြောင့် ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ရတာလဲ ဆိုတာကိုတော့ ဒါရိုက်တာက သူ မသိကြောင်းဘဲ ပြောရင်း ရယ်ပါတယ်။
လူရွှင်တော် ဇာဂနာ ကတော့ “ကျနော် မကျေနပ်တာ ဒါပဲ။ ကျနော်က တိုင်လို့လည်း မရဘူး၊ တိုင်ခွင့်လည်း မရှိဘူး။ ဆိုင်လည်း မဆိုင်ဘူး၊ ဒါကို ကျနော့်နာမည် အလွဲသုံးစား လုပ်တာ မကြိုက်ဘူး။ ဒီလို ပိတ်တာ ဆို့တာ အရွံမုန်းဆုံးပဲ။ ပိတ်တာ (ပြိတ္တာ) အစည်းအရုံး ဖြစ်နေပြီ။ ဒီစနစ်မကြိုက်လို့ ကျနော်ကိုယ်တိုင် တိုက်ခဲ့ပါတယ်၊ ဘီလူးသတ်တဲ့ မင်းသားက ဘီလူး ဖြစ်သွားတာကိုးဗျာ” လို့ ဆိုလာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးလူမင်းရော၊ ဒု ဥက္ကဋ္ဌ ဦးအေးကြူလေးကိုပါ ဖုန်းနဲ့ ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် အစည်းအရုံးသာ လာခဲ့ဖို့ပြောနေတော့ မစပ်စုကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ လှမ်းပြီး ဆက်သွယ် ရတဲ့သူ ဖြစ်နေတာကြောင့် မေးမြန်းလို့ ရသမျှနဲ့ပဲ တင်းတိမ်ကျေနပ် လိုက်ရပါတယ်။
ဒါပေမယ့် အခုလို ပိတ်တာဆို့တာတွေ လုပ်နေတဲ့ ကိစ္စ၊ ဦးဇာဂနာက တိုင်ကြားတယ်လို့ သတင်းထွက်ပေါ် နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ လူရွှင်တော် ဇာဂနာ ကိုယ်တိုင် အစည်းအရုံးဆီ မေးမြန်းဆက်သွယ်တယ်လို့ သိရပါတယ်။
“ကျနော် ဖုန်းဆက် ကြည့်ပါတယ်။ ကိုလူမင်းက နေပြည်တော် ရောက်နေလို့ သူမသိဘူးတဲ့၊ အခုမှ ရုံးကို သွားနေတာတဲ့၊ မေးပြီး အကြောင်းပြန် ပါ့မယ်တဲ့။ ဦးအေးကြူလေး ကတော့ ဒါရိုက်တာ ကိုယ်တိုင်က လာပိတ်ခိုင်းတာပါ၊ မာန်ထက်ချီ ထုတ်လုပ်ရေး ပိုင်ရှင် ဦးဝင်းကို (သရုပ်ဆောင် ဟိန်းဝေယံရဲ့ အဖေ) က ကြည်ဖြူသျှင်ရဲ့ ကားထက် စောပြီး ထွက်ချင်တယ် လို့ တင်ပြလာတယ် တဲ့။ ဒါနဲ့ပဲ ညွန့်မြန်မာ ညီညီအောင်ရဲ့ ကားကို စောထွက်လို့မရအောင် ဒါရိုက်တာကို အနုပညာ လုပ်ကိုင်ခွင့် သုံးလ ပိတ်လိုက်ရတာတဲ့ဗျာ။ကျနော့် အဖြစ်ကတော့ ပဲလှော်ကြား ဆားညပ် တာပေါ့ဗျာ” လို့ ဇာဂနာက မစပ်စု ကို ပြောပြခဲ့ပါတယ်။