သမ္မတ ဦးသိန်းစိန်၏ ပုံတူကို ဂရပ်ဖတီ နံရံပန်းချီ ရေးဆွဲခဲ့သဖြင့် တရားစွဲဆို ခံခဲ့ရသူ ကိုအာကာကျော်အား ယခုလာမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအတွက် နေပြည်တော်ကောင်စီအတွင်း နံရံရေးပန်းချီများ ရေးဆွဲပေးရန် တာဝန်ရှိသူများက ဖိတ်ခေါ် ထားကြောင်း သိရသည်။
“ဖိတ်တာကတော့ နေပြည်တော်က ဆီးဂိမ်းက တာဝန်ရှိသူတွေပဲ ဖိတ်တာပါ။ ဖုန်းလှမ်းဆက်ပြီး ကျနော့်ကိုပြောတာ။ အခုတခါကတော့ ဂရပ်ဖတီဆွဲတဲ့ သက်တမ်းတလျှောက်မှာ တရားဝင် ဆွဲရတဲ့ ပထမဆုံးအကြိမ်ပေါ့” ဟု ကိုအာကာကျော်က ဆိုသည်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော် ကောင်စီနယ်မြေတွင် နံရံရေးပန်းချီများ ရေးဆွဲရန် ယခုလာမည့် စက်တင်ဘာလတွင် နေပြည်တော်သို့ သွားမည်ဖြစ်သော်လည်း မည်သည့်ရုပ်ပုံ ရေးဆွဲရမည်ဆိုသည် ကိုတော့ မပြောလိုကြောင်း ကိုအာကာကျော်က ဧရာဝတီသို့ ပြောသည်။
“ဒီတခါတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတူကို မဆွဲဖြစ်တော့ပါဘူး။ ဘာပုံတွေ ဆွဲမယ် ဆိုတာကို ကြိုပြောလိုက်ရင် ပေါ့သွားမှာစိုးရိမ်လို့ မပြောသေးဘူး။ ပြိုင်ပွဲရောက်မှပဲ ဘာပုံတွေ ဆွဲမယ်ဆိုတာကို ကြည့်ပါတော့” ဟု ၎င်းက ဆက်ပြောသည်။
လာမည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းနှင့် ပတ်သက်သည့် ဆီးဂိမ်း လာဘ်ကောင်ဖြစ်သော ဇီးကွက်ရုပ် များမှ စ၍ အရုပ်များအားလုံး ရေးဆွဲမည် ဖြစ်သော်လည်း ရေးဆွဲမည့် ရုပ်ပုံအရေအတွက်ကို စဉ်းစားထားခြင်း မရှိကြောင်း၊ ဆီးဂိမ်း အတွက် နံရံရေး ပန်းချီများကို နေပြည်တော် ကောင်စီ နယ်မြေဖြစ်သည့် မြို့မဈေးအနီးတွင် ရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် ကောင်စီနယ်မြေတွင် ဆီးဂိမ်းအတွက် နံရံရေး ပန်းချီကို ကိုအာကာကျော် တဦးတည်းကိုသာ ရေးဆွဲပေးရန် ဖိတ်ခေါ်ထားကြောင်း၊ နံရံရေး ပန်းချီ ရေးဆွဲနိုင်မည့် ဘုတ်ပြုလုပ်နေသည်မှာ မပြီးမြောက်သေးသည့် အတွက် စောင့်ဆိုင်း နေရကြောင်း၊ အဆိုပါဘုတ် ပြီးသည်နှင့် ကိုအာကာကျော်အား ခေါ်ယူကာ ရေးဆွဲခိုင်းမည်ဖြစ်ကြောင်း ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သည်များကို ပြုလုပ်နေရသည့် တာဝန်ရှိသူတဦး ဖြစ်သူ ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
“အစကတော့ ဆီးဂိမ်းအတွက် ဂရပ်ဖတီ ဆွဲဖို့ အစီအစဉ်မရှိဘူး။ နောက်ပိုင်းမှ မြန်မာနိုင်ငံကို အိုဘားမား လာတုန်းက ပုံတူဆွဲဖူးတဲ့ ကောင်လေး တယောက်ရှိတယ်၊ သူ့ကိုခေါ်ပြီး ပြိုင်ပွဲနဲ့ ပတ်သက်တာလေးတွေ ဆွဲဖို့အကူအညီတောင်းရင် ကောင်းမယ်၊ ဒါမှသာ လူတွေ ပိုစိတ်ဝင်စား လာနိုင်တယ်လို့ ဒီက တယောက်က ဝန်ကြီးကို အကြံပေးခဲ့တယ်။ ဝန်ကြီးက သဘောတူပြီး လက်ခံလို့ အခုလိုတွေ စီစဉ်ရတာပေါ့” ဟု ဦးဌေးအောင်က ရှင်းပြသည်။
လာမည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နံရံရေး ပန်းချီ ရေးဆွဲခြင်းများ ထည့်သွင်းရန် နေပြည်တော် စည်ပင် သာယာရေး ကော်မတီအား ခွင့်ပြုချက် တင်ထားခဲ့သော်လည်း စည်ပင်သာယာ၏ ခွင့်ပြုမိန့်မှာ မကျလာသေးဘဲ အချိန်ကြာနေခြင်း ကြောင့်သာ ယခုကဲ့သို့ နောက်ကျရခြင်း ဖြစ်ကြောင်း သိရသည်။
“စည်ပင်ရဲ့ ခွင့်ပြုမိန့်မရသေးလို့ ကြာနေတာ။ အခုမှ ခွင့်ပြုမိန့်ရလာလို့ ပုံဆွဲရမယ့် ဘုတ်ကိုလည်း အခုမှ လုပ်ဖြစ်တယ်။ ဘုတ်ကလည်း အခုထိ မပြီးသေးလို့ ပုံဆွဲပေးမယ့်သူကို မခေါ်ထားသေးဘူး။ ဘုတ်ကိုတော့ ဒီ ၁၀ ရက် ၁၅ ရက်အတွင်း ပြီးမယ်လို့ မှန်းထားတယ်။ ဘုတ်ပြီးမှ အာကာကျော်ကို လာဖို့ ခေါ်မှာပါ” ဟု ဦးဌေးအောင်က ပြောသည်။
ယခုလာမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နံရံရေးပန်းချီများတွင် ရေးဆွဲရမည့် ပုံများကို ကိုအာကာကျော် စိတ်ကြိုက် ရေးဆွဲခွင့် ပေးမည်မဟုတ်ဘဲ အားကစား ဝန်ကြီးဌာနမှ ဝန်ကြီးက ခွင့်ပြု၍ ရေးဆွဲခိုင်းမည့် ပုံများကိုသာ ရေးဆွဲခွင့် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဘာပုံတွေ ဆွဲရမယ်လို့တော့ ကျနော်တို့လည်း မသိသေးဘူး။ ဝန်ကြီးက စဉ်းစားတုန်းပဲ ရှိသေးတယ်။ ဒါကျတော့ ကျနော်တို့ အပါအဝင် ကိုအာကာကျော်လည်း စဉ်းစားပိုင်ခွင့်မရှိဘူး။ ဝန်ကြီးရွေးပေးတဲ့ ပုံကိုပဲ ဆွဲရမှာ။ ပုံတွေကတော့ ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ ပိုစတာတွေထဲက ပုံတွေပဲပေါ့” ဟု ဦးဌေးအောင်က ဆိုသည်။
ယခင်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ၊ အများပြည်သူ၏ မြင်ကွင်းများတွင် ဆေးခြယ်ခြင်း၊ စာလုံးများ ရေးသားခြင်း၊ ရုပ်ပုံများ ရေးဆွဲခြင်း ပြုလုပ်သည့် မည်သူမဆို ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့ ဥပဒေ ထုတ်ပြန်ထားသော်လည်း ယခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် သမ္မတ ဦးသိန်းစိန်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကိုအာကာကျော်က မရမ်းကုန်းမြို့နယ်ရှိ နံရံတခုပေါ်တွင် သမ္မတ၏ ပုံတူ ဂရပ်ဖတီကို ရေးဆွဲ ခဲ့ခြင်းကြောင့် မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ တရားစွဲဆိုခံရကာ ဒဏ်ငွေ တသိန်း ပေးဆောင်ခဲ့ရသည်။
“ဂရပ်ဖတီ မဆွဲရဘူးလို့ ကန့်သတ်ပြီး ဥပဒေချထားတုန်းက ချထားခဲ့တယ်။ အခုကျတော့လည်း ဆွဲပေးပါလို့ လာကမ်းလှမ်းတဲ့ အပေါ်မှာ ဘာမှ ထူးထူးခြားခြား ခံစားချက်တွေ မဖြစ်ပါဘူး။ ကိုယ့်ကို တရားစွဲခဲ့တာက ရန်ကုန်က လူတွေဖြစ်ပြီး အခု လာကမ်းလှမ်းတာက နေပြည်တော်ကလူတွေ ဖြစ်လို့ ဘာ တခြား ခံစားချက်မှ မထားထားဘူး။ ဒါနဲ့ ပတ်သက်လို့ ပြောစရာ လည်း သိပ်မရှိဘူး” ဟု ကိုအာကာကျော်က ဆိုသည်။