SFU

မျိုးဆက်သစ် ပန်းချီဆရာတို့၏ ခေတ်ပြိုင် အာရုံခံစားမှု

This article has been converted from Zawgyi One to Unicode


လူသည် မိမိဖြတ်သန်းရာ ခေတ်ကာလ၏ အစေစားခံရသည့် သဘောရှိသည်။

မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင် ဘုရင်စနစ် ထွန်းကားသည့် ခေတ်၊ ကိုလိုနီအုပ်ချုပ်ရေးအောက် ကျရောက်သည့် ခေတ်၊ ထို့နောက် လွတ်လပ်ရေးခေတ်၊ ထို့နောက် မဆလ တပါတီ အာဏာရှင်ခေတ်၊ ထို့နောက် စစ်အာဏာရှင်ခေတ် စသည်ဖြင့် ခေတ်ကာများ၊ အုပ်ချုပ်မှုများ၏ ကောင်းကျိုး ဆိုးကွက်များကို မလွဲမသွေ ခံစားရကြသည်၊ ရိုက်ခတ်မှုများကို ခံစားကြရသည်၊ ခေတ်တိုင်း စနစ်တိုင်းတွင် လူငယ်များသည် တိုးထွက်ဖို့ အဆင့်သင့် ဖြစ်နေတတ်ကြသည်၊ စွန့်လွတ်စွန့်စားဖို့ တိုင်ပင်စရာမလို အလိုလို စည်းရုံးပြီးသား ဖြစ်နေတတ်ကြသည်။

ထို့ကြောင့် ယနေ့ လူငယ်တို့၏ အနာဂတ်သည် တိုင်းပြည်၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်သည် လူငယ်များပင် ဖြစ်သည်။ ယနေ့ခေတ် အသက် ၄၀ နှင့် အထက်ရှိ လူရွယ်များကို ဒုတိယ မျိုးဆက်ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါလိမ့်မည်။ ၎င်းအသက်အရွယ် ရှိသူများသည် ငွေရတု တိုင်ခဲ့သည့် ၈၈ အရေးတော်ပုံ ကာလကို သိမီလိုက်ကြသူများ၊ ပညာ အားဖြင့်လည်း အတိုင်းအတာ တခုအထိ တတ်မြောက်သူများ၊ တနည်းအားဖြင့် ခေတ်အပြောင်းအလဲကို ကောင်းကောင်း သိမီသူများဟု ဆိုလျှင် ရနိုင်ကောင်းပါသည်။

နယ်ပယ်အသီးသီးမှ လူငယ်များ၏ တွေးတောရှုမြင်ပုံနှင့် အနာဂတ် မျှော်လင့်ချက်များကို ပြည့်စုံအောင် မလေ့လာနိုင် သော်လည်း ယနေ့ခေတ် မြန်မာ့ ပန်းချီလောကမှ လူငယ် ၃ ဦး၏ တွေးတော ဆင်ခြင်မှုနှင့် အနာဂတ် မျှော်လင့်ချက်များကို အနည်းငယ် နားလည် သုံးသပ်ခွင့်ရသည့် K. Pho. Kyi ပန်းချီပြပွဲ အကြောင်း တင်ပြပါမည်။ ၎င်းတို့သည် အသက် ၄၀ အောက် ဖြစ်၍ တတိယ မျိုးဆက်မှ အနုပညာရှင်များ ဟု ဆိုလျှင် ရမည်ထင်သည်။ ထို့ကြောင့် တတိယမျိုးဆက် အနုပညာရှင် လူငယ်များ၏ ဖန်တီး တင်ပြမှုနှင့် အနာဂတ်မျှော်လင့်ချက် တချို့ဟု ယူလျှင် ရနိုင်ပါလိမ့်မည်။

ပန်းချီဆရာ ကေတူးကေ (K2K) ၁၉၇၇ ခုနှစ်ဖွား၊ ပန်းချီဆရာဖိုးဆန်း (Pho San) ၁၉၇၅ ခုနှစ်ဖွား၊ ပန်းချီဆရာမ ကြည်သာအေး (Kyi Thar Aye) ၁၉၇၇ ခုနှစ်ဖွား တို့၏ ဒုတိယအကြိမ် ပန်းချီပြပွဲကို ရန်ကုန် ပန်းဆိုးတန်း လောကနတ် အနုပညာ ခန်းမတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ မှ ၁၉ ရက်နေ့ အထိ ကျင်းပခဲ့သည်။ ပြပွဲတွင် ပြသထားသည့် လက်ရာ များသည် ခေတ်ပြိုင်လူငယ်တို့၏ စိတ်ခံစားမှုကို ဖျတ်ကနဲ မြင်လိုက်ရသလို ခံစားမိသည်။ ကြည်သာအေးက ပန်းချီကား ၂၃ ကား၊ ကေတူးကေက ပန်းချီကား ၁၀ ကား၊ ဖိုးဆန်းက ၁၀ ကား စုစုပေါင်း ၄၃ ကား ပြထားသည်။

ပန်းချီဆရာမ ကြည်သာအေးကို မန္တလေးမြို့တွင် မွေးဖွားခဲ့သည်၊ ၂၀၁၀ ပြည့်နှစ်တွင် Diploma in Painting, University of Art And Culture မှ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ပန်းချီဆရာ ဝင်းဖေမြင့် (WPM) နှင့် ပန်းချီဆရာ ဖေညွန့်ဝေတို့ထံ ဆက်လက် ပညာသင်ယူရင်း ၂၀၀၉ မှ စကာ အုပ်စုပြပွဲများတွင် ပါဝင်ပြသခဲ့သည်ကို တွေ့ရသည်။ သူမ၏ ပန်းချီကားများတွင် မင်ခြစ် (Sketch)၊ အခရိုင်းလစ် ပန်းချီကားများ ပါဝင်ပြီး ခေတ်ပြိုင် ရန်ကုန်တွင် နေထိုင်ရသည့် လူငယ်များ မြင်တွေ့နေရသည့် တိုက်တာများ၊ ည ရှုခင်းများကို မျှော်လင့်စိတ်ဖြင့် ခံစားမှုအတိုင်း လှပစွာ ရေးဆွဲဖန်တီးထားသည်ကို တွေ့ရသည်။

သူ့ရဲ့ ပန်းချီကားတွေနဲ့ ပတ်သက်ပြီး ပန်းချီဆရာ ဝင်းဖေမြင့်က “ညကားတွေရဲ့ အရောင်တွေက ပြောစရာမရှိအောင် ကောင်းပါတယ်” ဟူ၍ လည်းကောင်း။ ပန်းချီဆရာ တင်အောင်ကျော်က “အမှောင်ညရဲ့ လှပမှုကို အနုပညာမြောက် ရေးဖွဲ့နိုင်သော၊ သူမတူတဲ့ အမှောင်ညတွေကို ဆန်းကြယ်စွာ တင်ပြနိုင်သော၊ အမှောင် ညများထဲက အရောင်တွေကို ရှာဖွေနိုင်သော” ဟု မှတ်တမ်းမှာ ရေသားထားသည်ကို တွေ့ရသည်။

“ကျမက နိုင်ငံရေး ဆိုတာကိုတော့ ပြည့်ပြည့်၀၀ နားမလည်ပါဘူး။ အဲဒီ (၈၈) တုန်းက ၆ တန်းကျောင်းသူပဲ ရှိပါသေးတယ်။ ဒါပေမယ့် အနုပညာ ဖန်တီးမှုမှာ ညနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ရှာဖွေ တင်ပြဦးမှာပါ။ အဲဒီအထဲမှာ မျှော်လင့်မိတာ တွေလည်း ပါဝင်နိုင်ပါတယ်။ ပြီးတော့ Portrait တွေလည်း ရေးဖို့ စိတ်ကူး ထားပါတယ်။ ပြပွဲတွေလည်း ဆက်လက်ပြီး ပြသနိုင်ဖို့ ကြိုးစားပါဦးမယ်” ဟု ပန်းချီဆရာမက ပြောသည်။

၁၉၇၇ ခုနှစ်ဖွား လူငယ်ပန်းချီဆရာ ကေတူးကေ ကိုတော့ ရန်ကုန်မြို့ ပုဇွန်တောင်တွင် မွေးဖွားသည်ဟု သိရသည်။ ၁၉၉၇ ခုနှစ်က စပြီး ပန်းချီဆရာ ဝင်းဖေမြင့် (WPM)၊ ပန်းချီဆရာ တင်အောင်ထိုက်၊ ပန်းချီဆရာ မင်းသူ၊ ပန်းချီဆရာ ကျော်သူရိန်တို့ ထံတွင် သင်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ အုပ်စုပြပွဲပေါင်း ၅၀ ကျော်တွင် ပါဝင်ပြသ နိုင်ခဲ့သည်။ သူ၏ ဈေးကားများတွင် အရောင် တောက်တောက်၊ အလင်း ပြတ်ပြတ်ဖြင့် ရေးဆွဲတင်ပြထားသည်ကို တွေ့ရသည်။

“ကျနော်က အရောင်တွေကိုလည်း လျှော့မထားဘူး၊ အလင်းကိုလည်း လျှော့မထားဘူး။ ဈေးကားဆိုတော့ လူတွေများတယ်၊ Subject တွေ များတယ် မဟုတ်လား။ အရင်က ကွန်ပျူတာသုံးတော့ ကွန်ပျူတာ Effect တွေကို စိတ်ဝင်စားရာကနေ အခုလို ပန်းချီမှာ ထည့်သွင်း အသုံးပြုတာပါပဲ။ ပန်းချီရဲ့ အရသာကိုလည်း ရအောင် ကြိုစားတင်ပြပါတယ်” ဟု ၎င်းက ဆိုသည်။ ၎င်းသည် ရုက္ခဗေဒ ဘာသာရပ်ဖြင့် ၂၀၀၅ ခုနှစ်တွင် ဘွဲ့ရရှိထားသူဖြစ်သည်။ ၁၉၉၇ မှ ၂၀၀၇ အထိ ရေဆေးကား အများအပြား ရေးဆွဲခဲ့ကြောင်း ပြောပြသည်။

သူက “ကျနော်က နိုင်ငံရေးကိုတော့ သိပ်မသိဘူး။ လူမှုရေးဟာ နိုင်ငံအရေးလို့တော့ မြင်တယ်။ အခြေအနေမဲ့ ကလေးတွေ၊ တွယ်ရာမဲ့ သက်ကြီးရွယ်အိုတွေ၊ တောင်းစားနေရတဲ့ သူတွေကို လမ်းတွေပေါ်မှာ မြင်ရရင် သူတို့ကို ဘယ်လို ကူညီ စောင့်ရှောက်ရမလဲ ဆိုတာ စဉ်းစားမိတယ်။ ဘယ်လို လုပ်ပေးရမယ် ဆိုတာတော့ သေသေချာချာ မသိပေမယ့် သူတို့ကို စာနာပါတယ်” ဟု ပြောသည်။

ပန်းချီဖန်တီးမှု အခြေခံသည် Line၊ Tone၊ Colour၊ Perspective တို့ဖြစ်ပြီး ရေဆေးရေးရာတွင် မြူ၊ ရေ၊ လေ တို့ပါဝင်သည့် Atmosphere ကို ပေါ်လွင်အောင် ရေးသားသင့်ကြောင်း ရှေးပညာရှင်များက ရှင်းလင်းတိုတောင်းစွာ လမ်းညွှန်ကြပါသည်။ ပန်းချီဆရာ ဖိုးဆန်း၏ ရေဆေးကားများတွင် ယင်း သဘော တရားများ ပါဝင်နေသည်ကို တွေ့ရသည်။

တဖန် အမဲသားတုံးကြီးများကို ရေးဆွဲတင်ပြထားသည့် ပန်းချီကားများလည်း တွေ့ရသည်။ ဖိုးဆန်း တင်ပြသည့် ပန်းချီကား များသည် ကွဲပြားခြားနားသည့် တင်ပြမှုဟု ဆိုရမည်။ ပြပွဲတချို့တွင် ငါးများ၊ ငါးခေါင်းများ၊ ပုဇွန်များကို တင်ပြရေးဆွဲသည့် ပန်းချီကားများ တွေ့မြင်ခဲ့ဖူးသည်။ အမဲသားတုံး သက်သက် ရေးဆွဲသည့် ကားဟူ၍ သီးခြားမတွေ့ရ။ ကမ္ဘာ့ ပန်းချီ လောက တွင် တွေ့ဖူးသည်။ သို့သော် တင်ပြပုံနှင့် Concept ကွာခြားမည် ထင်သည်။ အနုပညာလက်ရာ တခု (အထူးသဖြင့် ပန်းချီ) ဖန်တီး တင်ပြရာတွင် သက်ဆိုင်ရာ ပန်းချီ ပညာရှင်သည် Beauty ဟု ခေါ်သည့် အလှအပ၊ သို့မဟုတ် Emotion ဟု ခေါ်သည့် စိတ်ခံစားမှု၊ သို့မဟုတ် Concept ခေါ် နွှယ်ဆက် အတွေး စသည့်ဖြင့် အနည်းဆုံး တခုခု အပေါ် အခြေပြု တည်ဆောက် တင်ပြ ကြသည်။ ထို့ထက်ပို၍ အခြေပြု တည်ဆောက် တင်ပြခြင်းများလည်း ရှိနေနိုင်ပါသည်။ အများအားဖြင့် မြန်မာ့ ပန်းချီ လောကတွင် ဖန်တီး တင်ပြမှုများသည် Beauty ခေါ် အလှအပ၌သာ အများဆုံး အခြေပြု တည်ဆောက် တင်ပြကြသည်။ ဖိုးဆန်း၏ ရေးဆွဲတင်ပြပုံတွင် အလှအပထက် နွှယ်ဆက် အတွေးကို ထင်ဟပ်နိုင်အောင် ကြိုးစားတင်ပြသည်ဟု သုံးသပ်ရသည်။

ပန်းချီဆရာ ဖိုးဆန်းကို ၁၉၇၅ ခုနှစ်တွင် လပွတ္တာမြို့၌ မွေးဖွားသည်ဟု သိရသည်။ ၁၉၉၈-၂၀၀၁ ခုနှစ်တွင် ပန်းချီပန်းပု ကျောင်း (ရန်ကုန်) ၌ ပန်းချီပညာ သင်ကြားခဲ့ပြီး ပန်းချီဆရာ ဝင်းဖေမြင့် (WPM)၊ ပန်းချီဆရာ တင်အောင်ထိုက် တို့ထံ ဆက်လက်၍ ပညာသင် ယူခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပြပွဲပေါင်း ၅၀ ကျော်တွင် ပါဝင်ပြသခဲ့ကြောင်း သိရသည်။

ပြပွဲနှင့် ပတ်သက်ပြီး စက္ကူပန်း ရေဆေးပန်းချီဆရာ ကျော်တင့်က “ရောင်းသူ ဝယ်သူတွေနဲ့ ဆူညံနေတဲ့ ဈေးကားများကို လည်းကောင်း၊ ညှိနံ့များကြောင့် နှာခေါင်းပိတ်၍ ကြည့်ခဲ့ရသော အသားတုံးများကို လည်းကောင်း၊ နေ့ခင်းကြောင်တောင် ညဉ့်နက်ထဲ ရောက်အောင် ဆွဲခေါ်သွားနိုင်သော ညကားများကိုလည်းကောင်း အားရပါးရ ခံစားရ၍ ကျေးဇူးတင်ပါသည်” ဟု အမှတ်တရ မှတ်တမ်းတွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ခြုံ၍ ဆိုရလျှင် ဤပြပွဲသည် ယခုခေတ် လူငယ်တို့၏ သီးခြားမျှော်လင့်ချက်ကို ထင်ဟပ် တင်ပြသည့် ပြပွဲဟု ဆိုရမည် ဖြစ်ပါသည်။ ခေတ်ပြိုင် အနုပညာတွင် ခေတ်ကာလ၏ ဆာလောင်မှုများ၊ တောင်းဆိုမှုများ၊ မျှော်လင့်ချက်များ ပါဝင် နေပေသည်။

Loading