အမျိုးသားယဉ်ကျေးမှု အနုပညာဦးစီးဌာနနဲ့ ဆီးဂိမ်းအကြို လှုံ့ဆော်ပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပနေတဲ့ ADMA ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆီးဂိမ်းအကြို ပြဇာတ်နဲ့ တေးသီချင်း ဖျော်ဖြေပွဲကို သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် အမျိုးသား ပြဇာတ်ရုံမှာ ဝင်ကြေး အခမဲ့ ကျင်းပမယ်လို့ သိရပါတယ်။
ပြဇာတ် အစီအစဉ်မှာ ဒါရိုက်တာ မောင်သီ ရိုက်ကူးမယ့် “ပြိုင်ပွဲ’’ အမည်ရ ဟာသပြဇာတ်ကို ကပြမှာဖြစ်ပြီး မြင့်မြတ်၊ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော်၊ အိချောပို၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဧရာ၊ ပေါ်လေး၊ ဟားငါးကောင်တို့ ပါဝင် ကပြကြမှာ ဖြစ်ပါတယ်။
အဲဒီ ဟာသပြဇာတ်ကို မောင်ငယ်ရင်သွေးက ဇာတ်လမ်းရေးသားပေးပြီး လူရွှင်တော် ဧရာနဲ့ ချစ်ချောတို့က ဇာတ်ညွှန်း ခွဲပေးထားပါတယ်။
တေးဂီတဖျော်ဖြေမှု အစီအစဉ်မှာမှာတော့ အမျိုးသားယဉ်ကျေးမှု အနုပညာဦးစီးဌာနက အနုပညာရှင်တွေ ရေးသားစီစဉ်တဲ့ သီချင်းတွေကို တေးသံရှင် ဇော်ဝင်းထွဋ်၊ ထူးအယ်လင်း၊ ဗညားဟန်၊ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ထွန်းထွန်း၊ မေခလာ၊ စိုးစန္ဒာထွန်း၊ ချမ်းချမ်း၊ နေနေ၊ နီနီခင်ဇော်တို့က သီဆိုဖျော်ဖြေ ကြမယ်လို့ သိရပါတယ်။
တေးဂီတအနေနဲ့ အင်ပါယာက တီးခတ်ပေးမှာဖြစ်ပြီး ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ တေးသီချင်းတွေကို ပရိသတ်ကို ကြိုတင် ချပြပေးခြင်း ဖြစ်တယ်လို့ ADMA က တာဝန်ရှိသူ ကိုဝေလင်းက ပြောပါတယ်။
“ဆီးဂိမ်း ဖွင့်ပွဲနဲ့ ပိတ်ပွဲမှာ အသုံးပြုမယ့် သီချင်းတွေကို ယဉ်ကျေးမှု ဦးစီဌာနက မီဒီယာတွေကို ချပြတဲ့ပွဲပေါ့။ ဆိးဂိမ်းနဲ့ ပတ်သက်တဲ့ သီချင်းအပုဒ် ၂၀ လောက် ဆိုဖြစ်မယ်။ တယောက်တည်းကော၊ အတွဲကောဆိုမှာပါ” လို့ ဝေလင်းက ရှင်းပြပါတယ်။
ဆီးဂိမ်း ဟာသပြဇာတ်မှာ ဆရာမ နေရာကနေ သရုပ်ဆောင်မယ့် ခင်လှိုင်က ဆီးဂိမ်းပွဲကြီးမှာ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် အပြုအမူမျိုးတွေမလုပ်မိဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
“ဆီးဂိမ်းက ကျနော်တို့ မီတဲ့အချိန်မှာ ပထမဆုံးလုပ်တာဆိုတော့ ကြည်နူးစရာ၊ ပျော်ရွှင်စရာ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ အိမ်ရှင်အနေနဲ့ လက်ခံရမှာလေ။ တလောကလို ဘောလုံးကွင်းမှာ ဖြစ်တာမျိုး ဆိုရင်တော့ နိုင်ငံတကာနဲ့ ဆိုတော့ အင်မတန် သိက္ခာကျစေမှာပါ။ အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ လူတိုင်းကတော့ ကိုယ့်နိုင်ငံကို နိုင်စေချင်တာပေါ့၊ ဒါမျိုးကျတော့ နိုင်ငံအကြီးအကဲတွေချည်းပဲ ထိန်းလို့ မရဘူး၊ တဦးချင်း တယောက်ချင်းစီ ထိန်းရမှာတွေပါ။ အရေးကြီးတယ်၊ ဒါက ကိုယ့်နိုင်ငံ တခုလုံး ဂုဏ်သိက္ခာ ညှိုးစေမှာလေ။ အားကစားစိတ်နဲ့ပဲ ကြည့်သွား စေချင်တယ်။ အဲဒါလေးကို ပြဇာတ်မှာ ထည့်သွင်းသွားမယ်။ စေတနာနဲ့ပါ။ ဒီလို အခွင့်အရေးကို ရုပ်ဆိုးစေခဲ့မယ်ဆို နောင်နှစ်များစွာတိုင် ဒီလို ဖြစ်လာဖို့ မလွယ်တော့ဘူး။ ဒီဟာလေးကို ပြဇာတ်ထဲမှာ ထည့်ပြီး အသိပေးမှာပါ” လို့ သရုပ်ဆောင်ခင်လှိုင်က ပြောပါတယ်။
တေးသံရှင် ဇော်ဝင်းထွဋ်က “မဟာ” တေးသီချင်းကို အင်ပါယာ တေးဂီတနဲ့ ဖျော်ဖြေမှာ ဖြစ်ပြီး သီချင်း ၂ ပုဒ် သီဆိုမယ်လို့ သိရပါတယ်။
“ဆီးဂိမ်းပွဲမှာ ကိုညီထွဋ်က မဟာသီချင်း ဆိုမယ်။ နောက်တပုဒ်က ရွေးနေတုန်းပါပဲ။ ကျနော်တို့က ကိုညီထွဋ်ကိုပဲ တီးပေး မှာပါ။ ကျန်တဲ့ အဆိုတော်တွေက CD နဲ့ ဆိုကြမယ်” လို့ အင်ပါယာတေးဂီတဝိုင်းရဲ့ မန်နေဂျာ ကိုသန့်ဇော်က ပြောပါတယ်။
အင်ပါယာ တေးဂီတရဲ့ ဘေ့စ်ဂစ်တာသမား ကိုမြတ်မိုးကလည်း သူတို့အနေနဲ့ ကိုယ့်နိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းဖြစ်တဲ့ အတွက် တတ်နိုင်သလောက် ဂီတနဲ့ အကောင်းဆုံး လုပ်ပေးချင်တယ်လို့ ဆိုပါတယ်။
“၂၂ ရက် ညကျမှ သီချင်းတိုက်ကြမယ်။ ဆီးဂိမ်းကတော့ ကိုယ်တွေ နိုင်ငံမှာလုပ်တဲ့ပွဲ ဆိုတော့ အကောင်းဆုံး ဖြစ်စေချင်တယ်၊ လုပ်ချင်တယ်ပေါ့။ ဂီတနဲ့ ပတ်သတ်ပြီးလုပ်နိုင်သလောက် လုပ်ပေးတာပါ။ ပရိသတ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် သိစေချင်ပါတယ်” လို့ ကိုမြတ်မိုးက ပြောပါတယ်။
ADMA မီဒီယာ အနေနဲ့ ဆီးဂိမ်းအကြို ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများ ကို ၂၀၁၂ ခုနှစ်ကနေ စတင်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင် တောင်ကြီး စတဲ့ မြို့ကြီးတွေမှာ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ADMA က ဦးစီးပြီး ဇူလိုင် ၁၃ ရက်နေ့တုန်းကလည်း နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဒါရိုက်တာမီးပွားစီစဉ်တဲ့ “မြန်မာ” ဆီးဂိမ်း လှုံ့ဆော်ရေး ပြဇာတ်ကို သရုပ်ဆောင် ဝေဠုကျော်၊ မြင့်မြတ်၊ ဖြိုးငွေစိုး၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ ခင်လေးနွယ်၊ ချစ်စနိုးဦး၊ အိချောပို၊ ရွှေမှုန်ရတီ၊ ယုသန္တာတင်၊ နန်းမြတ်ဖြိုးသင်း၊ ဖိုက်စတား လူရွှင်တော် အဖွဲ့တို့နဲ့ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။