ယခင် စစ်အစိုးရလက်ထက်မှာ တွေ့ဖို့ မြင်ဖို့ သိဖို့ ခက်ခဲတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို နောင်လာနောက်သားတွေ သိရှိနိုင်အောင် ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာခဲ့တာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ က ရုပ်ရှင်အနုပညာရှင် တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက စတင်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒီကိစ္စအတွက် ကော်မတီဖွဲ့ကြလေတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ လုပ်ပြီး လူရွှင်တော် ဇာဂနာ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ဇင်ဝိုင်း၊ ဒါရိုက်တာ ဝိုင်း၊ သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ မောင်မိုးသူ၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) နဲ့ ကိုလွင်(စနိုးဝှိုက်)၊ သရုပ်ဆောင် ဝေဠုကျော်၊ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်း၊ သရုပ်ဆောင် (ဦး) အောင်လွင်၊ လူရွှင်တော် အရိုင်းတို့နဲ့ ဖွဲ့စည်း ခဲ့ပါတယ်။ နောက်တော့ မောင်မောင်ဦး( စနိုးဝှိုက်)၊ ကိုလွင် (စနိုးဝှိုက်) တို့ကို အကြောင်းတစုံတရာ မသိရဘဲ အဖွဲ့ထဲမှာ မတွေ့ရတော့ပါဘူး။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ရုံးခန်းဖွင့်ပွဲ လုပ်တဲ့အခါ ဇာတ်ညွှန်းရေးဆရာ ဦးဇော်သက်ထွေးနဲ့ ဒါရိုက်တာ ဒေါ်အိအိခိုင်တို့ ပါဝင်လာတာ တွေ့ရပါတယ်။ ဒီအခါမှာတော့ ဦးဇော်သက်ထွေးက ပြန်ကြားရေး တာဝန်ခံ၊ ဒေါ်အိအိခိုင်က ဘဏ္ဍာရေးမှူး၊ ထွန်းအိန္ဒြာဗို ကတော့ စာရင်းစစ် ဆိုတဲ့ တာဝန်တွေနဲ့ပါ။ ဒီ ဗိုလ်ချုပ် ရုပ်ရှင်ကြီး ဖြစ်မြောက်ဖို့အတွက် တနိုင်ငံလုံးကလည်း အုန်းအုန်းကြွက်ကြွက်နဲ့ ဝိုင်းဝန်းလှူဒါန်းခဲ့ကြ ပါတယ်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ထဲ ပါတာ၊ မပါတာ ပတ်သက်ပြီးတော့လည်း တော်တော် လှုပ်လှုပ် ခတ်ခတ် ဖြစ်ခဲ့ပြီးမှ ဦးကျော်သူရဲ့ အဖေ ဦးစိန်တင်က သူပိုင်တဲ့ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်ဇာတ်ကား ရိုက်ဖို့ လှူတန်းခဲ့ ပြန်ပါတယ်။
ဒီမှာလည်း ပြဿနာနဲ့ပါ။ ဦးကျော်သူ တို့ရဲ့ အမျိုးသား ရုပ်ရှင် ဆိုတာ အရင်က နှစ်စဉ် အခွန်ကြေး မပေးဆောင်တော့တဲ့ အတွက် အပိတ်ခံထားရတဲ့ ကုမ္ပဏီ တခုပါ။ ဒါကိုမှ လာလှူရသလား ဆိုပြီး ပြဿနာ တက်ခဲ့တာတွေလည်း ရှိခဲ့ပြန်ပါတယ်။ တကယ်တော့ ရုပ်ရှင် ကုမ္ပဏီ တခု အတွက် မြန်မာငွေ ၃ သိန်းလောက် ပေးရင် ရုပ်ရှင်တကား ထုတ်လုပ်လို့ ရတဲ့ခေတ်မှာ ဦးကျော်သူတို့ရဲ့ အမျိုးသားရုပ်ရှင် အတွက် အရင်က မပေးဆောင်ခဲ့တဲ့ နှစ်အလိုက် အခွန်ကြေးတွေကို ကျပ်သိန်း ဆယ်ဂဏန်းကျော် သုံးစွဲ အလျော်ပေးပြီး ရှင်းခဲ့လင်းခဲ့ ပေးရတယ်လို့လည်း သိခဲ့ရပြန်ပါတယ်။ တကယ်တော့ ဒီပိုက်ဆံ တွေဟာ ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေတွေဆိုရင် မမှားပါဘူး။
နောက်တော့ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ စာရေးဆရာ ဦးချစ်ဦးညို၊ ဇာတ်ညွှန်းရေးဆရာ ဦးငြိမ်းမင်း တို့တတွေ ဗိုလ်ချုပ် ရုပ်ရှင်အတွက် ဇာတ်ညွှန်း ရေးပါတော့တယ်။ ဒါပေမယ့် ဦးငြိမ်းမင်းက နောက်ပိုင်းမှာ ထွက်သွားခဲ့ပြန်ပါရော။ သူ့နေရာမှာ မြမြင့်မိုရ် ဖြစ်လာပါတယ်။ တနှစ်နီးပါး အချိန်ယူရေးခဲ့တဲ့ ဒီဇာတ်ညွှန်းဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းကျမှ ပြီးပါတော့တယ်။ ဒီဇာတ်ညွှန်းရေး ဆရာတွေကို အနုပညာကြေး ဘယ်လောက် ပေးခဲ့ရတယ် ဆိုတာတော့ မစပ်စုတို့ ဘယ်လိုမှ စုံစမ်းလို့ မရခဲ့ပါဘူး။
ဒါပေမယ့် ဒီလို ပြီးစီးသွားပါပြီဆိုတဲ့ ဗိုလ်ချုပ် ဇာတ်ညွှန်းကို ပြန်ရေးဖို့ ဇာတ်ညွှန်ရေး ဆရာတွေ ပဲခူးမြို့ကို ထွက်သွားတယ်လို့ ကြားရပြန်တော့ အံ့အားသင့်လို့ ဗိုလ်ချုပ်ရုပ်ရှင် ကော်မတီကို မေးခဲ့ပေမယ့် ဖြေမယ့်သူ မရှိခဲ့ပါဘူး။ တခါ၊ အခု မေမြို့ကို ဒါရိုက်တာတွေ ဖြစ်ကြတဲ့ အိအိခိုင်၊ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး၊ ဝိုင်း တို့က ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ညွှန်း သွားရေး ပြန်ပြီလို့ ဆိုလာပြန်ပါပြီ။ ဒါနဲ့ မစပ်စုလည်း ဘယ်လိုမှ မနေနိုင်တော့တာနဲ့ အမိအရ လိုက်စုံစမ်း ခဲ့ပါတော့တယ်။
ပထမ ဇာတ်ညွှန်းရေး ဆရာကြီးတွေ ရေးထားပြီးသွားပြီလို့ ဆိုတဲ့ ဇာတ်ညွှန်းကို နောက် ဇာတ်ညွှန်းရေး ဆရာတွေက မေမြို့သွားပြီး ထပ်ရေးကြ ပြန်တယ်လို့ ကြားရတော့ ပထမ ဇာတ်ညွှန်းက ဘာကြောင့်လဲ၊ မကောင်းလို့လား၊ မပြည့်စုံ လို့လားဆိုတဲ့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတော့တယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်က “ဒီကိစ္စတွေကို ဗိုလ်ချုပ်ရုပ်ရှင် ပြန်ကြားရေးက ဦးဇော်သက်ထွေးကို မေးကြည့်လိုက်ပါ။ ကျမတို့ရဲ့ ကိစ္စတွေကို ပြန်ကြားရေး တခုတည်းကပဲ ဖြေကြားပေးဖို့ သဘောတူထားလို့ပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဒါနဲ့ မစပ်စုလည်း ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပြန်ကြားရေးက ဦးဇော်သက်ထွေးကို မေးကြည့်ပါတော့တယ်။
“အမှန်တကယ်တော့ ကျနော်တို့ ရုပ်ရှင်ကားတကား ရိုက်တဲ့အခါမှာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ရိုက်မယ်ဆိုရင် သူ့ရဲ့ Time Limit ရှိပါတယ်။ အဲဒီတော့ Oscar Nominate လုပ်တဲ့ ဇာတ်ကားတွေက ၃ နာရီထက် ပိုလို့ မရပါဘူး။ ၃ နာရီအောက်ကို ဖြစ်ရပါလိမ့်မယ်။ အဲဒီတော့ ဆရာသုံးယောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝတွေကို အပိုင်းလိုက် ခွဲပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ် အလှုပ်ရှားရဆုံး၊ တကယ့်ကို ရသ အမြောက်ဆုံးတွေကို သူတို့ရဲ့ စိတ်ကူးစိတ်သန်း တွေနဲ့ ရေးချ လိုက်တာပါ။ အဲဒီလို ရေးချလိုက်၊ ဘဝအပိုင်းတွေကို ပြန်လည် ဆက်စပ်လိုက်တဲ့ အခါမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇာတ်ကား တခုလုံးကို Over view ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားက ၃ နာရီစာ ရှည်လျားတဲ့ ဇာတ်ညွှန်း အခန်းတွေကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီအထဲကမှ ၃ နာရီစာ Frame ထဲ ပြန်ဝင်ပြီးတော့ ဇာတ်လမ်းရဲ့ အတက်အကျတွေ၊ တိုင်းပြည်ရဲ့ မသိရသေးတဲ့ သမိုင်း အချက်အလက်တွေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသားဆန်မှုတွေ ပါအောင်လို့ သူ့ဟာနဲ့သူ အစီစဉ် တကျ ရရှိဖို့အတွက် ဆရာကြီးတွေ ရေးပြီးသား ဇာတ်ညွှန်း ကို ပြန်လည်ပြီး နေရာတကျ စီစဉ်ထားသိုမှုတွေ ပြန်လုပ်ရတာပါ။ ဒါကြောင့်မို့လို့ အခုလိုမျိုး ပြန်လည် ပြင်ဆင် တည်းဖြတ်ရတာ ဖြစ်ပါတယ်” လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။
မူလက ဇာတ်ညွှန်းရေးခဲ့တဲ့ ဦးချစ်ဦးညိုကို မေးကြည့်တော့ “နယ်သွားရေးတယ် ဆိုတာ ကျနော်တို့ ကြားတောင် မကြားမိပါဘူး။ ကျနော်တို့ သိထားတာတော့ ကျနော်တို့ရဲ့ သုံးခုကို သမအောင် စပ်မယ်၊ ပေါင်းမယ်ပေါ့။ အဲဒီအပေါ်မှာမှ ထပ်ပြီးတော့ နည်းနည်း ပြင်စရာရှိတာ ပြင်မယ်၊ တည်းဖြတ်မယ်ပေါ့။ အဲဒီလိုပဲ သိထားတယ်။ အဲဒီလို လုပ်လားတော့ မသိဘူး။ ဒီလို ပြန်လုပ်တဲ့ အပေါ်ကိုလည်း ဘယ်လိုမှ မသုံးသပ်ချင် တော့ဘူး။ ဘာမှလည်း မပြောချင်တော့ပါဘူး။ လုပ်ချင်တာသာ လုပ်ကြတော့၊ ဒါပဲ ပြောချင်ပါတယ်။ ဘယ်လိုမှ မခံစားတော့ပါဘူး။ စိတ်ထဲက ကိုယ့်ကို တာဝန်ပေးတာ ပြီးသွားပြီလို့ပဲ သဘောထား လိုက်တယ်။ အဲဒါကို ကြိုက်ခြင်း မကြိုက်ခြင်း၊ အသစ်ပြန်ရေးခြင်း မရေးခြင်းကို စိတ်ထဲ ဘယ်လိုမှ မထားတော့ဘူး” လို့ ဆိုပါတယ်။
ဒီကြားထဲ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ တရားဝင် facebook စာမျက်နှာမှာ The Iron Lady နဲ့ King’s Speech တို့ရဲ့ ထုတ်လုပ်မှု မန်နေဂျာ Kate James နဲ့ တွေ့ဆုံကြတယ်လို့ဆိုပြန်တော့ မစပ်စု တော်တော် လေးစားသွားမိပါတယ်။ မစပ်စုတို့ရဲ့ ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားကြီးကို အကြီးကျယ် အခမ်းနားဆုံး ဖြစ်အောင် တကယ် လုပ်ဆောင်နေကြတာပဲလို့ပါ။ ဒါပေမယ့် အဲဒီ သြစတြေးလျ နိုင်ငံသူ Kate James ဟာ Iron Lady၊ King’s Speech ဇာတ်ကားတွေနဲ့ ဘယ်လိုမှ မပတ်သက်ဘူး ဆိုတာကို သိလာရတော့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့သားတွေ ဘာကြောင့် ဒီလို ဖော်ပြရတာလဲ ဆိုတာကို သိချင်လာပြန်တော့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေး ကိုမေးတဲ့အခါ Kate James က Iron Lady၊ နဲ့ King’s Speech ဇာတ်ကားတွေနဲ့ မပတ်သက်ဘူး ပတ်သက်တယ် ဆိုတာကို ဘာမှ မှတ်ချက်မပေးဘဲ အခုလိုပဲ ပြောပါတယ်။
ဦးဇော်သက်ထွေးက “ကျနော်တို့ ဘက်ကလည်း Kate James က ကျနော်တို့ဇာတ်ကားကို တာဝန်ယူမယ်လို့ ဘယ်တုန်းကမှ သတင်း မထုတ်ပြန်ခဲ့ဖူး ပါဘူး။ ကျနော်တို့ ပြောထားတာက နိုင်ငံတကာ ရုပ်ရှင်လုပ်ငန်း ထုတ်လုပ်တဲ့ အတွေ့အကြုံရှိတဲ့ Kate James ကို မလေးရှားက Art Audio ရဲ့ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ နိုင်ငံတကာ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်ရင် ဘာတွေ လိုအပ်မလဲ ဆိုတာကို သူက လိုအပ်တဲ့ အချက်အလက်တွေ လာရှင်းပြတာ။ Kate James ရှင်းပြတဲ့ အချက်အလက်တွေကို မှတ်သားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ပြန်ပြောပြတာ။ ဘယ်လိုလည်း ဆိုတော့ နိုင်ငံတကာအဆင့် ရုပ်ရှင်ဇာတ်ကား ရိုက်တဲ့အခါ ကျနော်တို့က ဒီအတိုင်း လုပ်လို့မရဘူး။ ကျနော်တို့မှာ လိုအပ်တဲ့ ဖြတ်သန်းမှုတွေရှိတယ်၊ အဆင့်တွေရှိတယ်၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ဝင်ပြီးမှသာ ကြယ်ပွင့်သတ်မှတ်ချက်အရ နိုင်ငံတကာ ရုံတွေကို တင်လို့ရတာ။ ကြယ်ပွင့် သုံးပွင့်ဆိုရင် ဘယ်နိုင်ငံက ရုံမှာ အရင် တင်မယ်၊ နှစ်ပွင့်ဆိုရင် ဘယ်လိုဆိုတဲ့ အချက်အလက်တွေကို ကျနော်တို့က ဆွေးနွေးခဲ့တာ။ တကယ်လို့ နိုင်ငံတကာ အဆင့် သွားမယ်ဆိုရင် တကယ့်ကို Professional ဖြစ်တဲ့ ဘယ်လို ကုမ္ပဏီ၊ ဘယ်လို လူတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရမလဲ၊ နောက် တခုက ရုပ်ရှင်ဒါရိုက်တာ မရွေးခင်မှာ ပရောဂျက် ဒါရိုက်တာ တယောက်ကို ရွေးပြီးမှ အဲဒီ ပရောဂျက် ဒါရိုက်တာက လုပ်ငန်း အကောင်အထည်ဖော်ဖို့ စနစ်တွေ၊ ဇယားတွေနဲ့ လုပ်ရမယ်ဆိုတာတွေကို ဆွေးနွေးခဲ့တာပါ။ ကျနော်တို့က Kate James ကို တာဝန်ပေးတာ မဟုတ်ပါဘူး” လို့ပဲ ပြောပါတယ်။
ဒါ့အပြင် Kate James ကို ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့က အကုန်အကျခံ ခေါ်ယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘဏ္ဍာရေးမှူး ဖြစ်တဲ့ ဒါရိုက်တာ ဒေါ်အိအိခိုင်ကို မေးတော့ ဘာမှမပြောဘဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဆီ ပြန်လွှဲလိုက်ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဒီကိစ္စက တကယ်တော့ ပြန်ကြားရေးရဲ့ တာဝန်ခံ ကိုဇော်သက်ထွေး ဖြေရမှာပေါ့။ အဲဒီတုန်းက သူမပါတဲ့ အတွက် ကျနော်တို့ နည်းနည်း ပြောလို့ရတာလေးတွေ ရှိတယ်။ ကိုဇော်သက်ထွေးကို သွားမေးရင်လည်း နည်းနည်း ရှုပ်ထွေးနိုင်ဖွယ် ရှိတဲ့အတွက်၊ ကျနော်ကလည်း အဲဒီတုန်းက ရှိနေခဲ့တဲ့ သူဖြစ်တဲ့အတွက် နောက်ဆုံး အချိန်အထိ သိနေခဲ့တဲ့ သူတယောက် အနေနဲ့ နည်းနည်း ဝင်ပြောပါ့မယ်။ ဒါက ကျနော့်ရဲ့ တာဝန်တော့ မဟုတ်ဘူး။ ဒီဟာကို တာဝန်ယူပြီး ဖြေလိုက်ပါမယ်။ အဲဒီမှာ သူ့ကို ခေါ်တယ် ဆိုတာကလည်း မလေးရှားကနေ ဒီကို ရုပ်ရှင်အစည်းအရုံးကိုရော၊ ဗိုလ်ချုပ် အောင်ဆန်း ရိုက်ကူးရေး အဖွဲ့နဲ့ပါ တွေ့ဖို့ကို ဒီခရီးစဉ် အတွက် လမ်းစရိတ် ထုတ်ပေးလိုက်ရုံပဲ ရှိတယ်။ အသွားအပြန် လေယာဉ်စရိတ်နဲ့ ဟိုတယ်စရိတ်အတွက် ဒေါ်လာ ၆၀၀ ထုတ်ပေး လိုက်တာပဲ ရှိတယ်။ သူနဲ့ အလုပ်လုပ်မယ် ဆိုပြီး သူ့ကို တခြား ငွေကြေး ပမာဏ ပေးတာလည်း မရှိသေးပါဘူး။ ဆွေးနွေး ထားတာလည်း ဘာမှမရှိဘူး။ ကနဦး တွေ့ဆုံမှုပဲ ရှိသေးတယ်” လို့ ရှင်းပြပါတယ်။
မစပ်စုတို့က ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကြီးကို ကြည့်ချင်ပါတယ်။ ဒီဇာတ်ကားကြီး ဖြစ်မြောက်ဖို့အတွက် ကြိုးစားပမ်းစား ဝိုင်းဝန်း လုပ်ကိုင်သူတွေကိုလည်း အားပေးပါတယ်။ ဒါပေမယ့် ဘာမှ ပွင့်ပွင့်လင်းလင်း မရှိတဲ့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ကို ဘယ်လိုမှ နားမလည်နိုင် ဖြစ်ရပါတော့တယ်။ သရုပ်ဆောင်တွေ ရွေးထားပြီး ဘာဆက်လုပ်မယ် ဆိုတာ ရေရေရာရာ မရှိတာလည်း အံ့သြစရာပါ။ ဒီနေရာမှာ သူတို့မဖြေပေမယ့် မေးချင်တာကတော့ ၁။ ဒါရိုက်တာ ဘယ်သူလဲ၊ ၂။ နိုင်ငံခြားက ဘယ်ရုပ်ရှင် ကုမ္ပဏီတွေက ရိုက်မှာလဲ၊ ဂျပန်ကလား၊ အင်္ဂလန်ကလား၊ ၃။ ဒီဇာတ်ကားရိုက်ကူးဖို့ ရန်ပုံငွေ ဘယ်လောက် ရှိလဲ၊ တနိုင်ငံလုံးက လှူထားတဲ့ ပိုက်ဆံတွေထဲက ဘယ်လောက်ကို အသုံးပြုထားပြီးပြီလဲ၊ ၅။ ဘာပြီးရင် ဘာဆက်လုပ်မယ် ဆိုတဲ့ တိကျသေချာတဲ့ လုပ်ငန်းစဉ်တွေရှိလား၊ ရှိရင် ဘာလို့ ပြည်သူတွေကို အသိမပေးတာလဲ၊ ၆။ ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ် အဖွဲ့သားတွေပဲ ပိုင်တယ်လို့ ထင်ထားကြသလား ဆိုတာတွေပါပဲ။ ဒါပေမယ့် မစပ်စု မမေးသာခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မေးလိုက်ရင် တယောက်က တယောက်ကို ဟိုလူလွှဲ၊ ဒီလူလွှဲနဲ့ လွှဲသံသရာ မဆုံး ဖြစ်နေမှာမို့ပါ။ ဒါကြောင့် ၂၀၁၅ ဖေဖေါ်ဝါရီ ၁၃ မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့် အထိတော့ လွှဲမနေကြပါစေနဲ့ လို့ပဲ ဆုတောင်းမိလိုက် ပါတော့တယ်။