အခုလာမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ “ငြိမ်းချမ်းရေးအငြိမ့်” ပြိုင်ပွဲကြီးကို အမျိုးသား ဇာတ်ရုံမှာ ကျင်းပ ပြုလုပ်မယ်လို့ ပြိုင်ပွဲစီစဉ်သူ လူရွှင်တော် ဇာဂနာက ဧရာဝတီကို ပြောပါတယ်။
“အရင်ကတည်းက ဇူလိုင်၂၇၊ ၂၈ ငြိမ်းချမ်းရေးပွဲတော် ပြီးရင် ငြိမ်းးချမ်းရေးပွဲ ထပ်လုပ်ဦးမယ်၊ ၂၁ စက်တင်ဘာမှာ လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ပြောတဲ့အတိုင်း လုပ်ဖို့စဉ်းစားတော့ ပြဇာတ်ကမလား၊ သီချင်းဆိုမလား စဉ်းစားတယ်ပေါ့။ အဲဒီမှာ အငြိမ့်ပြိုင်ပွဲ လုပ်မယ် ဆိုတဲ့ စိတ်ကူးရလာတယ်။ ပရိသတ်ကိုလည်း အခမဲ့ဖျော်ဖြေမယ်။ Sky Net ကလည်း တနိုင်ငံလုံး ပြမယ်ပေါ့ဗျာ” လို့ ဇာဂနာက ဆိုပါတယ်။
အငြိမ့်ပြိုင်ပွဲလို့ ဆိုရာမှာ တဖွဲ့ကို တနာရီနှုန်းနဲ့ ပြိုင်ရမှာပါ။ တခြား ဘာဘာညာညာ ကန့်သတ်ထားခြင်း မရှိသလို၊ ဆင်ဆာလည်း မလုပ်ဘဲ ပြက်ချင်တာ ပြက်နိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် တိုင်းရင်းသား၊ လူမျိုးရေး၊ ဘာသာရေးကို ထိခိုက်တဲ့ ပြက်လုံးနဲ့ ညစ်ညမ်းတဲ့ပြက်လုံးတွေ မပြက်ဖို့တော့ မေတ္တာ ရပ်ခံ ထားတယ်လို့ ဇာဂနာက ဆက်ပြောပါတယ်။
ဒါ့အပြင် အငြိမ့် သီချင်းအနေနဲ့တော့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ တေးသီချင်း တပုဒ်လောက် အနည်းဆုံး ပါအောင် ထည့်သွင်း ပေးဖို့ သတ်မှတ်ထားတယ် လို့လည်း သိရပါတယ်။
ဒီအငြိမ့်ပြိုင်ပွဲမှာ ရရှိလာမယ့် ဆုကြေးတွေကတော့ ပထမဆု ကျပ် သိန်း ၂၀၊ ဒုတိယဆု ၁၅ သိန်း၊ တတိယဆု ၁၀ သိန်း၊ အထူးဆု ၅ သိန်း အပြင် အကောင်းဆုံး လူရွှင်တော်ဆုနဲ့ အကောင်းဆုံး မင်းသမီးဆုတွေပါ ပေးဦးမှာပါ။
ပြိုင်ပွဲဝင်မယ့် အငြိမ့်အဖွဲ့ များရင်တော့ လူရွေးပွဲပြုလုပ်ပြီး ရွေးချယ်မှာဖြစ်ကာ ဗိုလ်လုပွဲမှာတော့ ၄ သင်းပဲ ယှဉ်ပြိုင် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒိုင်များအဖြစ် ဒေါ်နွဲ့နွဲ့စန်း၊ ဒေါ်သီတာဝင်း၊ ဒေါ်နန်းခင်မွှေး၊ ဒေါ်သန္တာလင်းတို့က ပါဝင် ကူညီကြမှာ ဖြစ်ပြီး မန္တလေးက လူရွှင်တော် ဦးချစ်စရာ၊ ဧရာ၊ အရိုင်း၊ ဦးမိုးကျော် တို့လည်း ပါဝင်မှာပါ။
ပြိုင်ပွဲဝင်မယ့် အငြိမ့်အဖွဲ့တွေ အနေနဲ့ စက်တင်တာ ၉ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန် ဗိုလ်အောင်ကျော် လမ်းမှာရှိတဲ့ Home ရုံးခန်းမှာ စာရင်း ပေးသွင်းရမှာပါ ဖြစ်ပါတယ်။
လတ်တလောမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အငြိမ့်အဖွဲ့တွေ အနေနဲ့ ငါးရောင်ခြယ် အဖွဲ့၊ ဒီစတားအဖွဲ့၊ ဟားငါးကောင် အဖွဲ့၊ စုဗူးအဖွဲ့၊ မြန်မာပြည် စတားအဖွဲ့၊ ပျော်ပျော်ရွှင်ရွှင် အငြိမ့်သဘင်၊ ဟာသလုလင် အဖွဲ့တို့က စာရင်း ပေးသွင်းထားကြပါတယ်။ ဒါ့အပြင် မန္တလေးမြို့က အငြိမ့်အဖွဲ့နှစ်ဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်း ထားတယ်လို့ သိရပါတယ်။
“ဒီလို အငြိမ့်ပွဲတွေ အစဉ်အဆက် ဖြစ်စေချင်တာ။ မန္တလေး၊ မော်လမြိုင်တို့မှာလည်း လုပ်သွားချင်တယ်။ ပွင့်လင်းရာသီ ဖြစ်ခဲ့ရင် စီစဉ်လို့ ကောင်းတာပေါ့။ အငြိမ့်ဆိုတာ ပြည်သူ့ရင်ခုန်သံပဲလေ” လို့ စီစဉ်သူ ဇာဂနာက ပြောပါတယ်။