ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနဲ့ ဖူလုံရေးဝန်ကြီးဌာနက စိတ်ကျန်းမာရေး ဌာနတခုမှာ တက်ရောက် ကုသမှုခံယူနေရပြီး နိုင်ငံတကာ မှာ လူသိများတဲ့ ထိုင်းမော်ဒယ်လ် Rojjana (Yui) Phetkanha ကို ဆက်လက်ထောက်ပံ့ ပေးသွားမယ်လို့ သိရပါတယ်။
ပလတ်စတစ် အိတ်တလုံး သယ်ဆောင်လာတဲ့ နိုင်ငံတကာ စူပါမော်ဒယ်လ်ဟောင်း Yui ဟာ စိတ်ရှုပ်ထွေး နေပုံရပြီး ဘန်ကောက်မြို့ Phetkasem လမ်းပေါ်မှာ လမ်းပျောက်နေတာကို အံ့သြဖွယ်ရာ မြင်တွေ့ခဲ့ရတဲ့ နောက်မှာတော့ သူ့ကို Somdetchaopraya စိတ်ရောဂါကု ဆေးရုံကို ပို့ဆောင်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆေးရုံကို ထိုင်း လူမှုဖွံ့ဖြိုးရေးနှင့် ဖူလုံရေးဌာန ဝန်ကြီး Pavena Hongsakul ကိုယ်တိုင် သွားရောက်ပြီး Yui နဲ့တွေ့ဆုံခဲ့တယ် လို့လည်း သိရပါတယ်။
Pavena Hongsakul က ဝန်ကြီးဌာန အနေနဲ့ Yui ရဲ့ မိသားစုကို ဆက်သွယ်သွားမှာ ဖြစ်ပြီး မိသားစုက Yui ကို တာဝန်ယူ စောင့်ရှောက်နိုင်စွမ်းရှိ မရှိကိုလည်း လေ့လာသွားမယ် ဆိုတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တကယ်လို့ မိသားစု ဘက်က တာဝန်ယူနိုင်ခြင်း မရှိဘူးဆိုရင် ဒီမော်ဒယ်လ်ဟောင်း အတွက် နေစရာနဲ့ ကုသစရိတ်တွေကို သူ့ရဲ့ ဝန်ကြီးဌာနကနေ စီစဉ် ထောက်ပံ့ပေးသွားမယ် လို့လည်း ဆိုပါတယ်။
“သူက ကျနော်နဲ့ စကားပြောတဲ့အခါ စဉ်းစဉ်းစားစားနဲ့ ပြောတယ်။ သူ့ရဲ့ မောင်ကို တွေ့ချင်တယ် လို့လည်း ပြောတယ်” လို့ Pavena Hongsakul က ပြောပါတယ်။
Yui ဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ အဆင့်အထိ အောင်မြင်ခဲ့တဲ့ ပထမဆုံးသော မော်ဒယ်လ် ဖြစ်ပြီး သူ့ကို Ubon Ratchathani မှာ တောင်သူလယ်သမား မိဘတွေက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၆ နှစ်က မော်ဒယ်လ်လောကကို စတင်ဝင်ရောက်ခဲ့ပြီးတဲ့ နောက်မှာ Yui ဟာ Chanel ရေမွှေးရဲ့ ကြော်ငြာ မော်ဒယ်လ် ဖြစ်လာခဲ့တာပါ။ နယူးယောက်၊ ပါရီ၊ လန်ဒန်နဲ့ မီလန်မြို့တွေမှာလည်း မော်ဒယ်လ် အဖြစ် လုပ်ကိုင်ခဲ့ ပါသေးတယ်။
ပါတီပွဲတွေမှာ အလွန်အကျွံ ပျော်ပါးတတ်တာ၊ မူးယစ်ဆေးဝါး စွဲခဲ့တာတွေကြောင့် ဘဝပျက်ပြီး အခုလို အခြေအနေကို ရောက်ရှိ သွားရတာလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ သူတို့ရဲ့ တန်ဖိုးရှိခဲ့တဲ့ ပြည်သူ တဦးအပေါ် လေးစား တန်ဖိုးထားပုံကတော့ သြချလောက်တယ်လို့ ဆိုရမှာပါ။
ဒီနိုင်ငံတကာ မော်ဒယ်လ်ရဲ့ သတင်းအရဆိုရင်တော့ သူတို့ရဲ့ ဝန်ကြီးကိုယ်တိုင်ရဲ့ ပံ့ပိုးကုသမှုနဲ့ သူ့ရဲ့ စိတ်ကျန်းမာရေး ပြန်ကောင်းလာမယ်၊ သူကိုယ်တိုင်ကလည်း ပြင်ဆင်ချင်စိတ် ရှိတယ်ဆိုရင် သူရှေ့ဆက်ရမယ့် ဘဝကို အကောင်းဆုံး ဆက်လက် ပုံဖော်သွားနိုင်မယ်လို့ ယူဆရပါတယ်။
The Nation သတင်းဝက်ဘ်ဆိုက်ပါ (Thai supermodel ‘Yui’ admitted to mental institution) သတင်းကို ကိုးကား၍ နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။