ဘီလာရုစ် နိုင်ငံမှာ Miss Supranational သွားရောက်ယှဉ်ပြိုင်နေတဲ့ Miss Myanmar ခင်ဝင့်ဝါကတော့ မြန်မာပရိသတ် တွေရဲ့ အားပေးတဲ့ Vote တွေကြောင့် Official Voting (Credit / Debit Card) နဲ့မဲပေးမှုမှာ စက်တင်ဘာ ၆ ရက်နေ့ ညနေအထိ မဲအရေအတွက် ၃၅၇၀ ရရှိ နေပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံကလည်း မဲ ၁၄၀၀ နီးပါးနဲ့ ဒုတိယ လိုက်လို့ နေပါတယ်။
အဲဒီမဲ အရေအတွက် စာရင်းကိုလည်း ခင်ဝင့်ဝါက သူ့ရဲ့ facebook စာမျက်နှာမှာ တင်ပြီး ပရိသတ်တွေကို အသိပေးထား ပါတယ်။
Online Voting မဲအရေအတွက် ကတော့ Miss Myanmar ခင်ဝင့်ဝါက မဲအရေအတွက် ၁၁၅၇၁၈၁ နဲ့ ဦးဆောင်နေခဲ့ပြီး Miss Ukraine က မဲအရေအတွက် ၇၈၆၀၂၀၊ Miss Luxembourg က မဲအရေအတွက် ၅၅၀၉၃၆၊ Miss Sweden က မဲအရေအတွက် ၄၀၄၄၇၁ နဲ့ Miss Russia က မဲအရေအတွက် ၁၄၄၉၀၆ မဲ အသီးသီး ရရှိနေပါတယ်။
သူ့ရဲ့ မဲအရေအတွက်မှာမှ Official Voting နဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါက Vote တွေ အများကြီး တွေ့ရတာ အရမ်းပဲ ဝမ်းသာ အားရ ဖြစ်မိတယ်လို့ ဆိုပါတယ်။
“မြန်မာလူမျိုးတွေ မျိုးချစ်စိတ် ရှိတယ်ဆိုတာ ကမ္ဘာက သိအောင် ပြနိုင်တဲ့ အတွက် ညီမ ဂုဏ်ယူ ပါတယ်ရှင့်၊ ညီမအစက Official Voting မှာမဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး၊ အဲ့ဒါကလည်းညီမကိုချစ်တဲ့ ပရိသတ်ကြီးကို စော်ကားတဲ့စိတ်နဲ့ တွေးမိတာ မဟုတ်ပါဘူးရှင့်၊ မြန်မာနိုင်ငံမှာ Credit / Debit Card အွန်လိုင်း ငွေချေစနစ်ဆိုတာ မတွင်ကျယ်သလို၊ ပရိသတ်ကြီး ပိုက်ဆံကုန်မှာ စိုးလို့ပါ။ နောက်ပြီး နိုင်ငံတကာက နိုင်ငံသားတိုင်းမှာက Credit/ Debit Card က အားလုံးမှာ ရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့ တာပါ။
အခု ညီမကို ချစ်ကြတဲ့ ပြည်ပက မြန်မာမျိုးချစ်ပရိသတ် ကြီးတွေက ပိုက်ဆံတွေ အကုန်ခံပြီး မဲပေးကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်ရှင့်။ ပရိသတ်ကြီးတို့ ကုန်သွားတဲ့ ပိုက်ဆံတွေ အလကား မဖြစ်ရအောင် ညီမMiss Internet ဆုရခဲ့ရင် ဆုရတဲ့ ငွေအားလုံးကို ပရဟိတ လုပ်ပြီးလှူပါ့မယ်ရှင့်။ ညီမကို မျှော်လင့်ချက် အားမာန်တွေ၊ ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ ပရိသတ်ကြီးရဲ့ကျေးဇူးကို ညီမမမေ့ပါဘူး၊ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တယောက် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင့်” ဆိုပြီး ခင်ဝင့်ဝါက သူ့ရဲ့ facebook စာမျက်နှာ ပေါ်မှာ ရေးသားပြီး ကတိပေးထားပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ ဆိုတာ Belarus နိုင်ငံရဲ့အချိန်ကို ပြောတာဖြစ်တဲ့ အကြောင်းလည်း Vote ပေးတဲ့ ပရိသတ်တွေကို ကန့်သတ်ထားတဲ့ အချိန်နဲ့ ပတ်သက်ပြီးတော့လည်း ခင်ဝင့်ဝါက အသိပေး ထားပါတယ်။
ခင်ဝင့်ဝါက နိုင်ငံတကာရောက် မြန်မာပရိသတ်တွေ၊ မြန်မာပြည်က ပရိသတ်တွေရယ်ကို ကျေးဇူးတင်စကား ဟြေကြားတဲ့ အပြင် သူ့ရဲ့ facebook စာမျက်နှာမှာ မဲအရေအတွက် ဇယားကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရတော့ ခင်ဝင့်ဝါဟာ နန်းခင်ဇေယျာလိုပဲ Miss Internet ဆု ရဖို့ သေချာသလောက် ရှိနေတာ တွေ့ရပါတယ်။
Miss Supranational နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဒီည မြန်မာစံတော်ချိန် ၁၁ နာရီခွဲမှာ အွန်လိုင်းကနေ တိုက်ရိုက် ကြည့်ရှု အားပေးနိုင်တယ်လို့ သိရပါတယ်။
စုစုပေါင်းပြိုင်ပွဲဝင် ၈၄ ဦးအနက်မှာ ကိုယ်ဝန်သည်တဦးကို ဖယ်လိုက်တဲ့အတွက် ၈၃ ဦးယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နောက်ဆုံး အဆင့်အနေနဲ့ တိုက်တခုချင်းစီခွဲပြီး ရိုးရာဝတ်စုံတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ ရေကူးဝတ်စုံ၊ ညနေခင်း ဝတ်စုံတွေ ဝတ်ဆင် ယှဉ်ပြိုင်ပြီး အဲဒီထဲကမှ ဆန်ခါတင် ၂၀ ဦးကို ရွေးချယ်မှာပါ။ အဲဒီ ၂၀ ကမှ နောက်ဆုံးအဆင့် ထပ်ပြိုင်မှာ ဖြစ်ပြီး စုစုပေါင်း ပြိုင်ပွဲ အချိန် ၂ နာရီခွဲ ကြာမြင့်မယ်လို့ သိရပါတယ်။ ပထမဆု ရရှိတဲ့ မယ်က ဒေါ်လာ ၂ သောင်းခွဲ ရရှိမှာ ဖြစ်ပါတယ်။
ရေပန်းအစားဆုံး မယ်တွေကတော့ Argentina၊ Belarus (အိမ်ရှင်နိုင်ငံ အနေနဲ့ ဆန်ခါတင် အဆင့် လူ ၂၀ ထဲ ဝင်နိုင်ခြေရှိ)၊ Cameroon၊ Czech Republic၊ Guadeloupe၊ Myanmar၊ Suriname နဲ့ Thailand တို့က ဖြစ်တဲ့အတွက် ဆန်ခါတင် အဆင့်ထဲ ဝင်နိုင်ဖို့ နီးစပ်တဲ့ သူတွေ ဖြစ်ကြောင်း Miss Supranational တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြ ထားပါတယ်။
Miss Myanmar ခင်ဝင့်ဝါ တယောက် နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ Miss Internet ဆုအပြင် ဘာဆုတွေများ ထပ်ရဦးမလဲ၊ နန်းခင်ဇေယျာလို မြန်မာ့ဂုဏ်ဆောင် မယ်တယောက် ဖြစ်လာမလား ဆိုတာကတော့ မြန်မာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါပြီ။