မစပ်စုတို့ တိုင်းပြည်ကြီးက အနုပညာ အစည်းအရုံးတချို့ လတ်တလောမှာ ဂြိုဟ်ဆိုး ဝင်နေတယ်လို့ပဲ ဆိုရလေမလား။ သိပ်မကြာသေးခင်ကလည်း လက်ရှိ ရုပ်ရှင် အစည်းအရုံးက အမှုဆောင်တွေ နုတ်ထွက်ပေးဖို့ ရုပ်ရှင်လောကသားတွေ တောင်းဆိုကြ၊ အော်ဟစ်ခဲ့ကြနဲ့ မကျေနပ်နိုင်သေးဘဲ တခါ ထပ်ပြီး ဆန္ဒ ထုတ်ဖော်ဖို့ ရှိနေသေးတယ်လို့ သဲ့သဲ့ ကြားရ ပြန်ပါတယ်။
အခုလည်း ပြီးခဲ့တဲ့ မတ်လကမှ အမှုဆောင် အသစ်တွေ ရွေးချယ်တင်မြှောက်လိုက်တာ မကြာသေးတဲ့ သဘင် အစည်းအရုံးက အတွင်းရေးမှူး ဦးမိုးဝင်းက သူ့သဘော ဆန္ဒအလျောက် ဆက်လက်မလုပ်ကိုင် ချင်တော့လို့ နုတ်ထွက်လိုက်တာပါ ဆိုပြီး ပြည်တွင်း မီဒီယာတွေမှာ ပြောလိုက်ပြန်ပါပြီ။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးမိုးဝင်းဆီ မစပ်စု ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားလို့ အဆက်အသွယ် မရခဲ့ပါဘူး။
ကဲ ထားတော့ …၊ ပွင့်လင်းမြင်သာမှုမရှိဘဲ အမှုဆောင် အသစ်တွေ ရွေးချယ်တင်မြှောက်လိုက်တဲ့ သဘင် အစည်းအရုံးအပေါ် ကျေနပ် အားရမှုမရှိလို့ သူတို့ လုပ်ဆောင်ချက်တွေရဲ့ လိုအပ်ချက်တွေကို အပြုသဘော ဝေဖန် ထောက်ပြနိုင်ဖို့၊ သဘင် လောကထု တရပ်လုံးရဲ့ ကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့ ဆိုပြီး သဘင်သည်တွေက တခါ သဘင်သမဂ္ဂ ဆိုပြီး ထပ်မံဖွဲ့စည်း ခဲ့ပြန်ပါတယ်။
အခုတခါ အဲဒီသဘင် သမဂ္ဂမှာ တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့ ဖိုးချစ်၊ ဘဏ္ဍာရေးမှူး မြန်မာပြည် ကျောက်စိမ်း၊ စည်းရုံးရေးမှူး သျှန်ထွန်း (မြန်မာစာ) တို့ကလည်း ဒီသဘင်သမဂ္ဂ ထဲကနေ တရားဝင် နုတ်ထွက်စာ တင်သွားဖို့ရှိတယ်လို့ ပြည်တွင်းမီဒီယာ တခုဖြစ်တဲ့ ပေါ်ပြူလာ ဂျာနယ်မှာ ဆိုလာပြန်ပါပြီ။ ဘာတွေ ဘယ်လို ဖြစ်ကြတာပါလိမ့်လို့ မစပ်စု တွေးမိနေတာတော့ အမှန်ပါ။ လူရွှင်တော်တွေ ပြောပြော နေတတ်တဲ့ ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲတယ်ဆိုတဲ့ စကားကများ မှန်နေပြီလား စဉ်းစားစရာ …။ မြန်မာပြည်က အဖွဲ့အစည်း တွေက ဖွဲ့လိုက်ရင် ကွဲဖို့အတွက် များလားလို့တောင် ထင်မိပါတော့တယ်။ ဒါနဲ့ပဲ ဒီကိစ္စကို စပ်စု ကြည့်လိုက်တော့ …။
“သဘင်နဲ့ ပတ်သက်ပြီးတော့ အပြင်မှာ လှုပ်ရှားရမယ့် အစီအစဉ်တွေ အများကြီးရှိပါတယ်။ ဒီအတိုင်း ဆက်သွား နေမယ်ဆိုရင် သဘင်သမဂ္ဂ ကနေပြီးတော့ လုပ်တဲ့ ပုစံမျိုးလည်း ထိခိုက်မှာ စိုးပါတယ်။ ကိုယ်ပိုင် စိတ်ကူးတွေ၊ ကိုယ်ပိုင်လုပ်ဆောင်ချက်တွေနဲ့ သဘင်လောက တလောကလုံး အတွက် ရပ်တည်ပြီး လုပ်ချင်တဲ့အတွက် တမင်တကာ တရားဝင် စာတင်ပြီးတော့ ထွက်ကြမှာပါ။ သဘောထား မတိုက်ဆိုင်တာတွေ ဘာတခုမှ မရှိပါဘူး။ သဘင်လောက အတွက် တခုခု အားစိုက်ပြီးလုပ်တဲ့ အလုပ်တခုခု လုပ်မယ်ဆိုရင် သဘင်သမဂ္ဂ ဆိုပြီး လုပ်နေတာ တမင်တကာ အတိုက်အခံ လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်မှာစိုးလို့ အဲဒီလို အဖြစ်မခံနိုင်တာနဲ့ ကျနော်တို့က ထွက်စာတင်ပြီး ထွက်ပြီးတော့မှ အပြင်ကနေ သီးသန့်လုပ်တဲ့ သဘောမျိုးပါ။ တခုခု ဆိုရင် ကိုယ့်ရဲ့ လုပ်ဆောင်ချက်ဟာ လက်ရှိမှာ သဘင် သမဂ္ဂထဲမှာ ရှိနေတာဆိုတော့ သဘင်သမဂ္ဂက ဒါကို လှုံ့ဆော်ပြီး လုပ်ခိုင်းလို့ လုပ်တယ် ဆိုတာမျိုး သဘင် သမဂ္ဂကို သွားထိခိုက်မယ်။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် အလွတ်လုပ်တာပဲ ကောင်းမယ်ဆိုပြီး စဉ်းစားပြီးတော့ ကျနော်တို့တွေ တရားဝင် သဘင် သမဂ္ဂကနေ ထွက်မယ်ဆိုပြီး ထွက်စာတင်တဲ့ သဘောမျိုးပေါ့ အဲဒီလို ဆုံးဖြတ်မိတာပါ” လို့ တေးရေး သျှန်ထွန်း (မြန်မာစာ) က ဧရာဝတီကို ပြောပါတယ်။
စိတ်တူကိုယ်တူနဲ့ သဘင်သမဂ္ဂရယ်လို့ ဖွဲ့စည်းလိုက်ပြီးမှ ဘာကြောင့် အခုလို ဖြစ်ရပြန်တာလဲ ဆိုတော့ …။
“ပထမတော့ ကျနော်တို့တတွေ စိတ်တူကိုယ်တူ လုပ်ကြမယ်ဆိုပြီး စတင် ဖွဲ့စည်းမှုထဲမှာ အားပါးတရ သွားကြ လာကြ လုပ်ကြ ကိုင်ကြ တယ်ပေါ့။ ဖိုးချစ်ကလည်း မြန်မာပြည်အနှံ့ လိုက်ကနေရတော့ သူနဲ့အတူ ကျနော်ကလည်း အမြဲတမ်း လိုက်ဖြစ်တယ်။ ခရီးတွေ တောက်လျှောက် ထွက်နေရတာ။ နောက် ကိုကျောက်စိမ်း ကလည်း နိုင်ငံခြားခရီးတွေ တောက်လျှောက် သွားနေရ တာလေ။ သဘင်သမဂ္ဂ လှုပ်ရှားမှု အနေနဲ့ကလည်း ကျနော်တို့နဲ့ အဆက်သွယ် ပြတ်တာလည်း ပါမယ်။ ဒီတော့ ကျနော်တို့ သွားရင်းလာရင်း လှုပ်ရှားမှု တခုခုကို သဘင်သမဂ္ဂနဲ့ ဆက်နွှယ် ဆက်သွယ်ပြီးတော့ လုပ်တဲ့ အနေအထားမျိုး ကလည်း မရှိသလောက်ကို ဖြစ်နေတယ်။ သဘင်သမဂ္ဂ ကလည်း စတင်ဖွဲ့စည်းပြီးကတည်းက ကျနော်တို့တတွေက အမှုဆောင်တွေ၊ စည်းရုံးရေးမှူးတွေ အနေနဲ့သာ ပါဝင်နေကြတာ။ အခုအချိန်အထိ ဘာလှုပ်ရှားမှုမှ ကျနော်တို့တတွေလည်း ဘာအဆက်အသွယ် မှလည်းမရှိဘူး။ အခုအချိန်ထိလည်း သဘင်သမဂ္ဂ ဖွဲ့သာ ဖွဲ့ပြီးသွားတယ်။ သဘင်သမဂ္ဂက ဘာလုပ်မယ်၊ ညာလုပ်မယ်၊ ဘာအတွက်ကို ဘာလုပ်ကြတယ်ဆိုတာ အခုအချိန်ထိ ကျနော်တို့ ဘာမှ အဆက်အသွယ်လည်း မရကြဘူးလေ။ မရကြဘူး ဆိုတာက၊ သူတို့ဆက်သွယ်ချင်လည်း ဆက်သွယ်မယ်၊ ကျနော်တို့တတွေ ခရီးထွက်နေလို့လည်း ဖြစ်မယ်၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင်ကလည်း ကျနော်တို့ကို မဆက်သွယ်တာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့” လို့ သျှန်ထွန်း (မြန်မာစာ) က ဆိုပါတယ်။
သဘင် သမဂ္ဂကနေ တရားဝင် နုတ်ထွက်တော့မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လတ်တလောမှာ သမဂ္ဂကို စာတင် ထားခြင်း မရှိသေးဘူးလို့ အတွင်းရေးမှူးဖြစ်တဲ့ ဦးသိန်းဇော်က ပြောလာပြန်ပါတယ်။
“ဘယ်မှာမှလည်း စာတင်မထားဘူး။ ဘာမှ အဆက်အသွယ် အရလည်း ပြောဆိုထားခြင်း မရှိသေးဘူး။ အဲဒါကြီးကလည်း အံ့သြစရာ ဖြစ်နေတာပေါ့လေ။ ဒီလူတွေက တရားဝင် ဆက်သွယ်ပြီးတော့ စာတင်ထားတာ၊ ပြောကြားထားတာ တစုံတရာ မရှိပါဘူး” လို့ သူက ဆိုပါတယ်။
ဦးသိန်းဇော်က အဲဒီလို ပြောနေပေမယ့် မင်းသား ဖိုးချစ်၊ မြန်မာပြည်ကျောက်စိမ်းနဲ့ သျှန်ထွန်း (မြန်မာစာ) တို့အနေနဲ့ သဘင် သမဂ္ဂကနေ တရားဝင် နုတ်ထွက်ဖို့ရှိပြီး သဘင်လောက တိုးတက်ဖို့အတွက် အပြင်လောကကနေ သီးသန့်လုပ်ဆောင် ကြတော့မယ်လို့ ဆိုလာတော့ ဘာတွေ ဘယ်လို ဆက်လုပ်သွားကြမှာလဲ၊ ဒီလို လုပ်ဆောင်ချက်တွေကိုရော လက်ရှိဖွဲ့စည်းထားတဲ့ သဘင်သမဂ္ဂ အတွင်းထဲကနေ လုပ်ဆောင်လို့ မရဘူးလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာ ပြန်ပါတယ်။
ဒါကို ကိုသျှန်ထွန်းကတော့ လက်ရှိ သဘင်လောကက နာမည်ကျော် ဇာတ်မင်းသားတွေ ဖြစ်ကြတဲ့ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်၊ တင်မောင် ဆန်းမင်းဝင်း စတဲ့ လူငယ်သဘင်သမားတွေ ဦးဆောင်ပြီး တေးရေး သျှန်ထွန်း (မြန်မာစာ)၊ ဆိုင်းဆရာ မြန်မာပြည် ကျောက်စိမ်း စတဲ့လူတွေနဲ့ စုပေါင်းလို့ သဘင်လောကထုအတွက် တကယ် လိုအပ်နေတဲ့၊ ဖြည့်စွမ်းရမယ့် ကိစ္စတွေကို နိုင်ငံတော် အထိ သိအောင်၊ ဒီလုပ်ဆောင်ချက်တွေမှာ သဘင်ထု တရပ်လုံးလည်း ပါဝင်လာအောင် လုပ်ဆောင်သွားဖို့ ရှိတယ် လို့ ဖြေကြားပါတယ်။
“လောကမှာ တရားဥပဒေ ဆိုတာရှိတယ်။ ဒါပေမယ့် သဘင်သမားတွေ အတွက် ကာကွယ်ပေးထားတဲ့ ဥပဒေဆိုတာ ဘာလဲ။ ဘယ် သဘင်သမား၊ အနုပညာသမားတွေမှ ပရိသတ်ကို စော်ကားချင်စိတ်မရှိ ကြဘူးလေ။ တချို့က သက်သက်မယ့် ဇာတ်ရုံထဲ ဝင်လာပြီး စော်ကားချင်တဲ့ လူတွေရှိတော့ ဒီလို သဘင်သမားတွေကို ကာကွယ်ပေးမယ့် ဥပဒေဆိုတာ ဘယ်မှာလဲ။ အခု သဘင် သမားတွေ ခရီးတွေ သွားနေကြတယ်၊ လမ်းမှာ တန်ပိုကြေးတွေ ဘာဖြစ်တယ် ညာဖြစ်တယ် …။ ဒါပေမယ့် သဘင်နဲ့ ပတ်သက် ပြီးတော့ နိုင်ငံတော်က ပံ့ပိုးမှုက ဘာတွေရှိလဲ၊ သဘင်သမားတွေရဲ့ အခက်အခဲအတွက် ဘာတွေကူညီပြီး ဖြေရှင်း ပေးမှာလဲ။ အခု ဆီးဂိမ်း ပြိုင်ပွဲကြီးအတွက် သဘင်သမားတွေက ဘယ်လောက်အထိ အနစ်နာခံပြီး အလုပ်လုပ်နေကြလဲ၊ သူတို့တွေရဲ့ စားဝတ် နေရေးအတွက်ကို နိုင်ငံတော်က ဘာတွေ ဘယ်လို ပံ့ပိုးနေလဲ။ အဲဒါတွေ အတွက်ကိုရော ဘယ် အဖွဲ့အစည်းက ဘာတွေ ရပ်တည်ပြီး လုပ်ပေးကြလဲ၊ ဘာမှမရှိကြဘူး။ အဲဒါတွေကို သိလာဖို့၊ ဖြစ်လာဖို့ အတွက်ဆိုတာ တကယ်တမ်း လက်တွေ့ ရင်ဆိုင်နေရတဲ့ ကလေးတွေကနေပြီး တဘက်တလမ်းကနေ ဖြေရှင်းပြီး တင်ပြမှ ဒါတွေက အဆင်ပြေ လာမယ်လို့ ယူဆမိတယ်။ သူတို့ဟာ သဘင်အစည်း အရုံးကို တင်ပြလို့လည်း သူတို့ ဆန္ဒ ဖြစ်လာချင်မှ ဖြစ်လာမယ်၊ သဘင် သမဂ္ဂကို တင်ပြလို့လည်း ဖြစ်လာချင်မှ ဖြစ်လာမယ်။ သဘင်အစည်းအရုံး သည်လည်း သူ့လမ်းကြောင်းနဲ့၊ သူ့လုပ်ရပ်နဲ့ သူ့ဘာသာသူ သွားနေတယ်။ သဘင် သမဂ္ဂသည်လည်း ဖွဲ့စည်းပြီးမှ သူ့လုပ်ရပ်နဲ့ သူ့လမ်းကြောင်းနဲ့ သူ့ဘာသာသူ ရပ်တည် နေကြတယ်။ ဒါပေမယ့် ဒီကလေးတွေရဲ့ တကယ့်စိတ်ထဲက ဖြစ်နေတဲ့ ဒုက္ခတွေ ဆန္ဒတွေကျတော့ ဘယ်လိုမှ အကောင်အထည် ဖော်လို့ကို မရဘူးဖြစ်နေတယ်” လို့ သမဂ္ဂက ထွက်လိုက်တယ် ဆိုတဲ့ ကိုသျှန်ထွန်းက ရှင်းပြပါတယ်။
သဘင်ဆိုတဲ့ လမ်းကြောင်းမှာတင် အစည်းအရုံး၊ သမဂ္ဂ၊ ကဲ အခုလည်း လူငယ်တွေရဲ့ အားနဲ့ စုစည်းထားတဲ့ အဖွဲ့တခု ဆိုတော့ လမ်းကြောင်းတွေ တအားများနေတဲ့ ဒီ သဘင်လောကက ဘာကြောင့် ဒီလိုတွေဖြစ်နေရ တာလဲ ဆိုတာလည်း မေးစရာ ဖြစ်လာ ပြန်ပါတယ်။
ဒါဟာလည်း ဘာမှ ပွင့်လင်းမြင်သာမှုမရှိတဲ့ သဘင်အစည်းအရုံးကြီး တရပ် ပေါ်ပေါက်လာတဲ့ အကြောင်းအရင်းအပေါ် အခြေခံတယ်လို့ ကိုသျှန်ထွန်းက ဆိုပါတယ်။ သဘင်ထု တရပ်လုံးက လက်ခံ ကျေနပ်တဲ့ အစည်းအရုံးတရပ် ဆိုရင် သဘင် သမဂ္ဂရယ်လို့ အခုလို သဘင်လောက တိုးတက်ဖို့ ဆောင်ရွက်ကြမယ့် လူငယ် အဖွဲ့တို့ဆိုတာ ပေါ်လာချင်မှ ပေါ်လာမှာဖြစ်ပြီး သဘင် အစည်းအရုံးကြီးကို ဝိုင်းဝန်းထောက်ပံ့ပေးမယ့် အားတွေ အနေနဲ့သာ ပေါ်ပေါက်လာမှာပါလို့ သူက ဆက်ပြောပါတယ်။
ကဲ တခုတည်းကနေ သုံးဖွဲ့ကွဲထွက်တော့မယ့် သဘင်သမားတွေရဲ့ ရှေ့အလားအလာ ဘာတွေ ဆက်ဖြစ်ဦးမလဲ၊ ဒီသုံးခုပေါင်းပြီး တခုတည်း ဖြစ်မလား၊ ဒါမှမဟုတ် သုံးဖွဲ့ကနေ လေးဖွဲ့အထိ ဖြစ်လာဦးမလား ဆိုတာတော့ မစပ်စုတို့ စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ်။