[irrawaddy_gallery]
မြန်မာ့လူမှု အဖွဲ့အစည်းမှာ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ်၊ မိတ်ဆွေဝတ် စသည်ဖြင့် ရှိရာမှာ “မွေခံ ထိုက်စေ” ဆိုတဲ့ သားသမီးဝတ် ရှိပါတယ်။ “ဝတ်” ဆိုတာက “ကျင့်ဝတ်” ကို ဆိုလိုပါတယ်။ ကျင့်ကြံအားထုတ် စောင့်စည်းလိုက်နာရမယ့် ဝတ္တရား လို့လည်း ဆိုနိုင်ပါတယ်။ “တာဝန်” ဆိုတာက စိတ်ပါသည် ဖြစ်စေ စိတ်မပါသည် ဖြစ်စေ ကျေပွန်အောင် မဖြစ်မနေ ထမ်းဆောင် ရတဲ့ သဘာ၀ ရှိပါတယ်။ “ဝတ္တရား” ဆိုတာကတော့ စိတ်ပါခြင်း မပါခြင်းထက် အသိကို အခြေခံတဲ့ စောင့်ထိန်း လိုက်နာကျင့်ကြံရတာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၇ ကနေ ၁၀ ရက်နေ့ အထိ ရန်ကုန် ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်း အမှတ် ၈ (ယခင် ပန်းချီပန်းပု ကျောင်းဟောင်း) မှာရှိတဲ့ Professional Art အနုပညာပြခန်းမှာ “မျိုးဆက် အနုပညာ အမွေ” ပန်းချီပြပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဖိုးဖြစ်သူ ပန်းချီ ဇော်ဝင်း (KMD – ကြည့်မြင်တိုင်) နဲ့ သူ့ရဲ့ မြေးတွေ ဖြစ်ကြတဲ့ မောင်ပြုံးမင်းပိုင်၊ မသင်းသူသူသင်းနဲ့ မောင်သွင်သန့်သူတို့ရဲ့ ပန်းချီကားတွေ ပြသတာ ဖြစ်ပါတယ်။ အဖိုးဖြစ်သူ ပန်းချီ ဇော်ဝင်း (KMD) က ၁၉၄၈ ခုနှစ်ဖွား ဖြစ်တာကြောင့် အသက် ၆၅ နှစ်ပြည့်ပါပြီ။ သူ့ရဲ့ မြေးလေးတွေ ဖြစ်တဲ့ မောင်ပြုံးမင်းပိုင်က ပဉ္စမတန်း (Grade 6)၊ မသင်းသူသူသင်း က စတုတ္ထန်း (Grade 5)၊ မောင်သွင်သန့်သူက ဒုတိယတန်း (Grade 3) မှာ တက်ရောက်နေတဲ့ ကလေးတွေ ဖြစ်ကြပါတယ်။
အဖိုးဖြစ်သူရဲ့ လက်ရာပန်းချီကား ၆၅ ကားနဲ့ ကလေးတွေရဲ့ ပန်းချီကား ၂၅ ကားကို ခင်းကျင်းပြသထားတာ တွေ့ရပါတယ်။ အဖိုးဖြစ်တဲ့ ကိုဇော်ဝင်း (KMD) ရဲ့ လက်ရာတွေက အစဉ်အလာကြီးမားတဲ့ ဖြတ်သန်းမှုနဲ့ အတူ အနုပညာ ဖန်တီးမှု ရင့်ကျက် ပြည့်ဝတဲ့ သမ္ဘာကို တွေ့နိုင်သလို၊ ကလေးတွေရဲ့ ရိုးသားရှင်းလင်းတဲ့ လက်ရာ တွေကို ကြည့်ရှုခံစားရလို့ ကျေနပ်အားရစရာ ပန်းချီပြပွဲ တပွဲပါ။
အဖိုးဖြစ်သူက ပန်းချီပန်းပုကျောင်း တက်ရောက်သင်ယူရဖို့ အရေး အိမ်ကဆင်းလာတဲ့ အထိ ပန်းချီအနုပညာကို တရှိုက် မက်မက် စွဲလမ်းခဲ့သလို၊ ဆရာဝန်ဖြစ်ဖို့၊ အင်ဂျင်နီယာ ဖြစ်ဖို့ထက် ပန်းချီကိုပဲ စွဲလမ်းတဲ့ မြေးတွေရဲ့ မျိုးဆက် အမွေ ပန်းချီပြပွဲက ထူးခြားတဲ့ ပန်းချီပြပွဲလို့ ဆိုနိုင်ပါတယ်။
ပြခန်းထဲမှာ တခြား ပြသထားတာတွေ ကတော့ ပန်းချီ ကိုဇော်ဝင်း (KMD) ၁၉၆၆ ခုနှစ်ကတည်းက စာနယ်ဇင်းတွေမှာ ရေးသား ဖော်ပြခဲ့တဲ့ ပန်းချီသရုပ်ဖော် ပုံတွေ၊ စာအုပ်မျက်နှာဖုံးတွေ၊ ကာတွန်းဇာတ်လမ်းတွေ ဖြစ်ပါတယ်။ ဒီလို ပြထားတာတွေကို ကြည့်ခြင်းအားဖြင့် ပန်းချီကိုဇော်ဝင်းရဲ့ ကြိုးစားမှုကို အထင်အရှား တွေ့မြင်ရပါတယ်။ ပြီးတော့ ခန္ဓာကိုယ် ခပ်၀၀နဲ့ ၆၅ နှစ်ဆိုပေမယ့် လူငယ်လေး တယောက်လို အမြဲဖျပ်ဖျပ်လတ်လတ် ဖော်ရွေရွှင်ပြုံး နေတတ်တဲ့ ပန်းချီကိုဇော်ဝင်းရဲ့ မျက်နှာက ခင်မင်နှစ်လိုဖွယ် ကောင်းပါတယ်။ သူ့ကို ပန်းချီဆရာ (ဦး) တင်အောင်ထိုက်က ချစ်စနိုးနဲ့ “ဗိုက်ပူ ဇော်ဝင်း” လို့ အမည်ပေး ခေါ်ဝေါ်တာလည်း မှတ်မိပါတယ်။ “ဇော်ဝင်း” ဆိုတဲ့ အမည်နဲ့ ပန်းချီဆရာတွေ ရှိတဲ့အတွက် ကွဲပြားအောင်လို့ ငှက်ပျောသီး ဇော်ဝင်း၊ ပိုစတာ ဇော်ဝင်း နဲ့ ဇော်ဝင်း (ကြည့်မြင်တိုင်) ဆိုပြီး အနုပညာအမည်ကို ပေါင်းဆင့် ယူကြပါတယ်။
“စာနယ်ဇင်း ပန်းချီရေးခွင့်ရဖို့ ကြိုးစားခဲ့တာ မှတ်မိနေပါတယ်။ အဲဒီတုန်းက သရုပ်ဖော်ပန်းချီ ရေးဆွဲခွင့်ရဖို့ ပုံတွေ အထပ်လိုက်ကြီးကို အယ်ဒီတာဆီ သွားပြ၊ ချက်ချင်း ဆွဲခွင့်ရတာ မဟုတ်ဘူး၊ စစ်ဆေးသေးတယ်။ ဘယ်လိုပုံကို ဘယ်လိုလေး ဖြစ်အောင် ရေးပေး ဆိုပြီး ပြောတယ်။ ကိုယ်က ပြောတဲ့ အတိုင်း ရေးပေးနိုင်ရင်တောင် လက်ရာကို ကြိုက်မှ ဆက်သုံးတာ” လို့ သူကြိုးစားခဲ့တဲ့ အကြောင်း ပြောပြပါတယ်။ ဆရာနဲ့ ခေတ်ပြိုင် အနုပညာရှင်တွေကတော့ နာမည်ကျော်တွေ ဖြစ်ကြတဲ့ ပန်းချီ ဝသုန်၊ ပန်းချီကျော်သောင်း၊ ပန်းချီ ဇော်မင်း၊ စာရေးဆရာ မင်းလူ၊ ပန်းချီ သန်းလှ၊ ပန်းချီ ဇော်ဝင်း (ငှက်ပျောသီး) တို့ ဖြစ်တယ် လို့လည်း သိရပါတယ်။
ပန်းချီရေးဆွဲရတာနဲ့ သရုပ်ဖော်ပုံ ရေးဆွဲရတာ ဘယ်လိုကွာလဲ လို့ မေးကြည့်တော့ သူက “သရုပ်ဖော်ပုံ ရေးဆွဲရတာက သူတို့အကြိုက်ကို ရေးရတာ၊ ပန်းချီရေးတာက ကိုယ့်အကြိုက်ကို ရေးရတာ။ နှစ်ခုစလုံးမှာ ရေးဆွဲဖန်တီးရတာ စိတ်ကျေနပ်မှု မရရင် အဆင်မပြေဘူး” လို့ ပြောပါတယ်။
ဆရာဟာ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်၊ ခဲ စတဲ့ မီဒီယံမျိုးစုံကို သုံးစွဲဖန်တီးတင်ပြ ပါတယ်။ ဆရာရဲ့ လက်ရာတွေကို လေ့လာ ကြည့်ရင် Academic နည်းနဲ့ Realism ရေးဆွဲဟန်ကို တွေ့နိုင်သလို၊ ယွန်းပန်းချီ အခြေခံ မြန်မာ့ရိုးရာ လိုင်းပန်းချီနဲ့ ရေးဆွဲ တင်ပြတာလည်း တွေ့ရပါတယ်။ ပြီးတော့ ကျေးလက်ရှုခင်းတွေကို ရေဆေးနဲ့ ရေးဆွဲ တင်ပြရာမှာလည်း အငွေ့အသက် Atmosphere ပါအောင် ရေးဆွဲတင်ပြတာ တွေ့ရပါတယ်။ လက်ရာတိုင်းမှာ သူ့ရဲ့ သမ္ဘာနဲ့ ပညာကို တွေ့ရမှာ ဖြစ်ပါတယ်။
ခြုံပြောရရင် အဖိုးနဲ့ မြေးတွေ စုပေါင်းပြသတဲ့ “မျိုးဆက် အနုပညာ အမွေ” ပန်းချီပြပွဲမှာ အနုပညာ မြတ်နိုးမှုနဲ့ ဆက်ခံမှုတွေကို အားရပါးရ တွေ့မြင် ခံစားရပါကြောင်း…။