လူသည် အမြင်နေသားကျမှု၊ အကြားနေသားကျမှု၊ အတွေ့ နေသားကျမှု၌ ပျော်ဝင်နေတတ်သည်။ ထို့အတူ ယင်း နေသားကျမှု များကိုပင် ညည်းငွေ့မှုလည်း ဖြစ်နေတတ်ပြန်သည်။ တဖန် နေသားတကျ မြင်တွေ့နေရာမှ ထူးခြားသည့် အခြေအနေ တရပ်ကို တွေ့ကြုံရသည့် အခါ စူးစမ်းစိတ်နှင့် အတူ မျက်လုံးရိုင်းတို့ လူးလွန့် လှုပ်ရှားလာရသည်။ ယင်း နေသားကျမှုများ ထဲတွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည်ဖြင့် လူမှု အဖွဲ့အစည်းနှင့် မကင်းမကွာ ထိစပ်တည်ရှိနေမှုများလည်း ပါဝင်ပါ၏။ အနုပညာ၊ အနုပညာရှင်၊ အနုပညာဖန်တီးမှုနှင့် အနုပညာခံစားမှုများလည်း ပါဝင်နေပါတော့သည်။
ဤသည်မှာ လောကနတ် ပြခန်းတွင် စက်တင်ဘာ ၉ မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Wild Eye ၏ ၁၁ ကြိမ်မြောက် ပြပွဲကို ကြည့်ရှုရင်း ခံစားရသည့် အတွေးနှင့် စိတ်ကူးများ ဖြစ်ပါသည်။ ပြပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထမျိုးဆက် အနုပညာရှင်များနှင့် မျိုးဆက်သစ် ပန်းချီအနုပညာရှင် ၂၅ ဦးတို့၏ အင်စတော်လေးရှင်းနှင့် ပန်းချီကား အပါအဝင် အနုပညာလက်ရာ ၈၀ ကို ပြသထားသည်။ Wild Eye ပန်းချီအုပ်စုသည် ကံ့ကော်ရွာ ပန်းချီအုပ်စုကဲ့သို့ ရန်ကုန် တက္ကသိုလ် နယ်မြေမှ ၁၉၇၄ ခုနှစ်တွင် စတင်လာသည့် ပန်းချီအုပ်စု ဖြစ်သည်။ ထိုစဉ်က Wild Eye သည် မော်ဒန် အနုပညာ တင်ပြမှုကို အလေးထားခဲ့သည်။ အနုပညာ လွတ်လပ်စွာ ဖန်တီးမှုကို ဦးတည်ခဲ့သည်။ ထို့ကြောင့်ပင် အာဏာပိုင်တို့၏ ပိတ်ပင်မှု၊ ဟန့်တားမှု၊ စောင့်ကြည့်ခံရမှုများလည်း တွေ့ကြုံခဲ့ရသည်။
Wild Eye ပန်းချီအုပ်စုနှင့် ပတ်သက်ပြီး ဦးဆောင်သူ Artist စံမင်းက “ဒီအဖွဲ့ဟာ ခေတ်စမ်း ပန်းချီအုပ်စု တစု ဖြစ်ပြီး လူငယ်မျိုးဆက်သစ် ပန်းချီသမား တွေကိုလည်း ဝမ်းပန်းတသာ လက်တွဲ ခေါ်ဆောင်မယ့် သူတွေ ဖြစ်တယ်” ဟု ပြောသည်။
Wild Eye ပန်းချီ အုပ်စု၏ ထူးခြားချက် တခုမှာ ပြပွဲ တာဝန်ခံအဖြစ် အဖွဲ့ဝင် ပန်းချီဆရာများက အလှည့်ကျ တာဝန်ယူ ရခြင်းဖြစ်သည်။ ယခုနှစ် အတွက် ပြပွဲ တာဝန်ခံမှာ ပန်းချီဆရာ ထွန်းဝေမြင့်ဖြစ်ပြီး ပြပွဲတွင် ပန်းချီဆရာ ၂၈ ဦးတို့၏ ပန်းချီလက်ရာ ၈၀ ကျော်ကို စုစည်း တင်ဆက်ထားသည်။ ပြပွဲတာဝန်ခံ၏ မိတ်ဆက် စကားအဖြစ် “ခေတ်ကို မျက်မှောက်ပြု သော၊ ခေတ်ပြိုင် အနုပညာကိုသာ တတ်စွမ်းသမျှ ဖန်တီး တင်ဆင်သွားမည် ဖြစ်ပါသည်” ဟု ရေးသားထားသည်။ ထို့ကြောင့် ယခုပြပွဲတင် တင်ဆက်ထားသည့် အနုပညာ လက်ရာတချို့ကို ခေတ်ပြိုင် အနုပညာ ရှုထောင့်အရ ချဉ်းကပ် ခံစား တင်ပြ ပါမည်။
ပထမဆုံး ခေတ်ပြိုင်အနုပညာ အကြောင်း တင်ပြရန် လိုသည်။ ခေတ်ပြိုင် အနုပညာ ဆိုသည်မှာ အနုပညာရှင်သည် လက်ရှိ ဖြတ်သန်းနေရာ ခေတ်ကာလ လူ့အဖွဲ့အစည်းတွင် ပါဝင်ရှင်သန် နေထိုင်လျက်ပြီး ခေတ်ကာ၏ ရိုက်ခတ်မှုများ၊ လိုလားမှုများ ဆာလောင် မှုများကို ခံစားနေရသည့် အပြင် ယင်း ခံစားမှုများကို ခေတ်ကာလတွင် ပေါ်ပေါက်လာသည့် မီဒီယာကို သုံးစွဲ၍ ပုံဖော်တင်ဆက်ခြင်း ပင်ဖြစ်သည်။
Wild Eye အနုပညာအုပ်စု၊ ကံ့ကော်ရွာ အနုပညာ အုပ်စုများတွင် နှစ်ပေါင်းများစွာ ဦးဆောင် ပါဝင်ခဲ့သည့် Surrealist Artist စံမင်းက “ခေတ်ပြိင်အနုပညာ ဆိုတာ ပစ္စုပ္ပန်ကာလမှာ ဖြစ်ပေါ် နေတဲ့ အကြောင်းအရာ များကို ဖန်တီးမှု အနုပညာပုံစံသစ်နဲ့ ဖော်ထုတ်တင်ပြတဲ့ အနုပညာလို့ အကြမ်းဖျဉ်း ပြောလို့ရမယ် ထင်ပါတယ်” ဟု ပြောပြသည်။
ထို့ကြောင့် ယနေ့ခေတ်အနုပညာဟု ဆိုခြင်းထက် ပိုမိုလေးနက်သည့် အနေအထား၊ အဓိပ္ပာယ်၊ အသွင်ကို ဆောင်သည်။ လူသည် ခံစားမှု၏ သားကောင် သဖွယ်ဖြစ်၏။ လူအမျိုးမျိုး ခံစားမှု အဖုံဖုံ ရှိသည်။ ယင်း ခံစားမှုများသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အပါအဝင် တခြား နယ်ပယ်များနှင့် ဆက်စပ်ကာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုသို့ ခံစားရမှုများကို ပုံဖော် ထင်ဟပ် တင်ပြသည့် လက်ရာများသည်လည်း ပုံစံအမျိုးမျိုး ဖြစ်နေပါလိမ့်မည်။
ယခုပြပွဲတွင် ပြသထားသည့် ပန်းချီကားများထဲမှ ပန်းချီဆရာ လှတိုး၏ Dawn Of Yangon Universty နှင့် Red Peace ဟု အမည် ပေးထားသည့် ပန်းချီကား ၂ ကားကို ခေတ်ပြိုင်အနုပညာ ရှုထောင့်အရ ဆန်းစစ်သုံးသပ်၍ ခံစားတင်ပြပါမည်။ ဤ ခံစားတင်ပြမှုသည် ခေတ်ပြိုင်အနုပညာကို ချဉ်းကပ်ယူခြင်းနှင့် ပတ်သက်ပြီး သီအိုရီမဟုတ်ပါ။ ကြည့်ရှုသူ အနေနှင့် မိမိတွေးမြင် ခံစားမိသည့်တိုင်း ဆက်စပ်ပုံဖော် ယူနိုင်ပါသည်။
Dawn Of Yangon University ဟု အမည်ပေးထားသည့် ဆီဆေးလက်ရာ ပန်းချီကား ထဲတွင် အပြာရောင် ကောင်းကင်နှင့် အပြာရောင် ရေပြင်ကို မှိုင်းရင့်ရင့် ရန်ကုန်တက္ကသိုလ် အဝေးမြင်ကွင်းပုံက ပိုင်းခြားထားပြီး အရုဏ်ဦး အလင်းဦး သန်းလာပုံ ရေးဆွဲ ထားပါသည်။ တဖန် အပြာရောင် ကောင်းကင်ထဲ၌ အဖြူရောင် မျက်ရည်တို့ စီးကျနေသည့် မျက်လုံးတလုံးကို ရွှေအိုရောင်ဖြင့် ထည့်သွင်းရေးဆွဲထားသည်။ အပြာရောင်ရေပြင်၏ ကမ်းတဘက်ကိုကား နီစွေးစွေး သွေးရောင်ဖြင့် ချယ်မှုန်းထား၏။ အရောင်စီစဉ် ချထားမှု၌ အပြာ၊ အနက်၊ အနီကို လိုက်လျောညီထွေ ဖြစ်အောင် တွဲစပ်ထားသည်။ ပေးထားသည့် ခေါင်းစဉ် အရ ဆက်လက်ဆင့်ပွား စဉ်းစား ခံစားကြည့်ပါက ရန်ကုန်တက္ကသိုလ်၊ အပြာရောင်နေ့ရက်များ၊ သွေးလွှမ်းခဲ့သည့် အဖြစ်အပျက်များ၊ စီးကျသည့် မျက်ရည်စက်များ … ၊ မကြာသေးခင်ကမှ ပြုလုပ်သွားသည့် ၂၅ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ၊ သမိုင်းတလျှောက် ကျောင်းသားများ၏ အဖြူရောင် ပေးဆပ်ခဲ့ရမှုများ … စသည်ဖြင့် … ကြည့်ရှုသူအနေနှင့် ဆင့်ပွား ခံစားနိုင်ပါလိမ့်မည်။
ဒုတိယ ပန်းချီကား ဖြစ်သည့် Red Peace ပန်းချီကားသည်ကား အမည်အတိုင်းပင် အနီရောင် လွှမ်းသည့် ပန်းချီကား ဖြစ်သည်။ ယင်းတွင် အဖြူရောင်နှင့် အနက်ရောင် တချို့ပါသည်။ ပန်းချီကား၏ နောက်ခံ အနီရောင်ပေါ်တွင် အဖြူရောင် ပြူတင်းပေါက် တခုထဲက အဖြူရောင် ချိုးငှက်ပုံကို ရေးဆွဲထားသည်။ သေးငယ်သည့် ပြူတင်းပေါက်ထဲတွင် ချိုးငှက်ကို အကြပ်ရေးဆွဲထားသဖြင့် မွန်းကြပ်သလို ခံစားရသည်။ ထို့အပြင် ပြတင်းပေါက်ကို အနက်ရောင် သံဆူးကြိုးဖြင့် ကာရံထားပုံ ရေးဆွဲထားသည်။ ငြိမ်းချမ်းရေး၏ သင်္ကေတသည် အပြာရောင်ဖြစ်ပြီး အနီရောင်ကို ဒေါသ၊ သောက ပေါက်ကွဲမှုကို ဖော်ညွှန်းပြရာ၌ သင်္ကေတ အရောင်အဖြစ် အသုံးပြုသည်။ သို့သော် ခေါင်းစဉ် ဖြစ်သည့် Red Peace (အနီရောင် ငြိမ်းချမ်းရေး) နှင့် ဆက်စပ် ခံစားကြည့်လျှင် …၊ အနီရောင်များ ဝန်းရံအုပ်စိုးထားသည့် အဖြူရောင် ပြူတင်းပေါက်ထဲက ချိုးငှက်၊ အနက်ရောင် သံဆူးကြိုးတို့ ပိတ်ဆို့ ဝန်းရံခြင်းနှင့် ထပ်ဆင့်ပေါင်းပြီး ဆက်စပ်ယူလိုက် သည့်အခါ…။ ခေတ်ပြိုင် ပုံရိပ်များနှင့် ခေတ်ပြိုင်ခံစားမှုများ …၊ ငြိမ်းချမ်းရေး အတွက် အနီရောင် သောကနေ့များ … စသဖြင့်… ကြည့်ရှုသူအနေနှင့် ဆင့်ပွား ခံစားနိုင်ပါလိမ့်မည်။
အခြေအနေအရ ပြပွဲတွင် တင်ပြထားသည့် ပန်းချီကား အားလုံးကို ချဉ်းကပ် တင်ပြရန် မဖြစ်နိုင်ပါ။ အလျဉ်းသင့် ခံစားမိရာ ပန်းချီကား ၂ ကားနှင့် ပတ်သက်၍သာ တင်ပြနိုင်ပါသည်။ အနုပညာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် ခေတ်ပြိုင် အနုပညာ ပြပွဲများနှင့် ခေတ်ပြိုင် အနုပညာ ပြခန်း၊ ပြတိုက်များ ရှိသကဲ့သို့၊ တခြား အနုပညာ ပုံသဏ္ဍာန်များအရ ပြတိုက်နှင့် ပြခန်းများ မျိုးစုံ ရှိပါသည်။ အနုပညာ အားပေးမြှင့်တင်မှုကိုလည်း အနုပညာရှင်များသာမက အသိပညာရှင် အတတ်ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ အဖွဲ့အစည်းများကပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် အားပေးနေကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင်ကား အနုပညာရှင်များကသာ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရပြီး အားပေးမြှင့်တင်မှု နည်းပါး နေသေးသည်ကို တွေ့ရပါသည်။
ပြပွဲသို့ လာရောက်ခဲ့သည့် ဧည့်သည် တချို့၏ မှတ်ချက်ပြု ရေးသားချက်ထဲမှ တခုကို တင်ပြချင်သည်။ စာရေးဆရာ သရဝဏ် (ပြည်) ရေးထားသည့် မှတ်ချက်ဖြစ်သည်။
“Wild Eye XI ဟာ ခပ် ရဲရဲရင့်ရင့်နဲ့ ရင်ထဲရောက်လာ။ အရောင်အသွေး စုံလင်လှသော ဥယျာဉ်ထဲ ရောက်သွားသလိုပါပဲ။ ပန်းချီပြတိုက်၊ National Gallery တွေ မြန်မာပြည်မှ ပေါ်ပေါက်လာစေ ချင်တယ်” ဟု ရေးသားထားသည်။
ခေတ်ပြိုင် လူ့အဖွဲ့အစည်း၏ ဆာလောင်မှု၊ လိုလားမှု၊ ခံစားမှုများကို ထပ်ဟပ်တင်ပြသည့် ခေတ်ပြိုင်အနုပညာ တင်ဆက်မှု ပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ပါစေ၊ ခေတ်ပြိုင် အနုပညာ ပြတိုက် ပြခန်းများလည်း ပေါ်ပေါက်လာပါစေဟု … ဆန္ဒပြုရင်း…။