မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး ဓာတ်ပုံအရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။
ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြခြင်း၊ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်းဟာ သူ့အနေနဲ့ ပွဲမဝင်ခင် အပြင်က ကျင်းပတာဖြစ်ပြီး သူ့ကို ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ စေလွှတ်တဲ့ Star & Model Agency က ဂျွန်လွင်ရဲ့ အစီအစဉ်ဖြစ်တယ်လို့ ခင်လပြည့်ဇော်က ပြောပါတယ်။
“အခု စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံကို ဝတ်ပြတာက နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ရင်တော့ ဒီလိုဝတ်ရမှာပဲလေ။ ညီမက မြန်မာလူမျိုး၊ မြန်မာ မိန်းကလေး တယောက်ပါ။ ကိုယ်ကျင့်တရား၊အရှက်တရားနဲ့ မိန်းကလေးတွေရဲ့ အိန္ဒြေသိက္ခာ ညီမမှာရှိပါတယ်၊ မြန်မာမိန်းကလေး တယောက်ဆိုတော့ ရှက်တတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ဖူးတဲ့ သူတွေအတွက် ဒီလို ဝတ်ဆင်ရတာ မဆန်းပါဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဂျွန်လွင်ရဲ့ Star & Model Agency သင်တန်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ ဂျွန်လွင်ရဲ့ စီစဉ်ပေးမှုကြောင့် တရုတ်နိုင်ငံ Xianning မြို့မှာ ကျင်းပပြုလုပ်မယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က သွားရောက် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ခင်လပြည့်ဇော် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ စီစဉ်ခဲ့သူ ဂျွန်လွင်က “ကျနော် ဒီပွဲကိုစီစဉ်ဖြစ်တာက သူတို့က လာကမ်းလှမ်းလို့ပါ။ ကျနော့်ကို လာကမ်းလှမ်းတဲ့ နိုင်ငံတကာပွဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မလွှတ်ဖြစ်တာက လူကုန်ကူးမှုတွေ ကလည်း ဖြစ်နေတော့ မယုံကြည်လို့ပါ။ ဒီပွဲကျတော့ ကိုယ်နဲ့လည်းသိကျွမ်းတဲ့သူတွေ၊ လက်တွဲ လုပ်ဖူးတဲ့ သူတွေဆိုတော့ ယုံကြည်ရတယ်လေ။ ဒါကြောင့် လက်ခံပြီး လုပ်ဖြစ်တာပါ” လို့ ဆိုပါတယ်။
Star & Model Agency သင်တန်းက မော်ဒယ်လ် အယောက် ၃၀ ရဲ့ ဓာတ်ပုံတွေကို တရုတ်နိုင်ငံကို ပို့ပေးလိုက်တဲ့ အထဲကမှ သူတို့က ခင်လပြည့်ဇော်ကို ရွေးချယ်ခဲ့တာဖြစ်တယ်၊ ဒီသင်တန်းက မော်ဒယ်လ်တွေကို စာချုပ် ချုပ်ထားပေမယ့် သင်တန်း တာဝန်ရှိသူကို အသိပေးပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် ခွင့်ပြုတယ်လို့ သိရပါတယ်။
Star & Model Agency သင်တန်းက မော်ဒယ်လ် တချို့ဟာ စာချုပ်ချုပ်ထားပြီး ဖြစ်ပေမယ့် တာဝန်ရှိသူကို အသိမပေးဘဲ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်တာမျိုးတွေ ရှိတယ်လို့လည်း ဂျွန်လွင်က ပြောပါတယ်။
“ကျနော်က ကိုယ့်သင်တန်းက လူတွေကို စာချုပ်နဲ့ လုပ်ရတာက သူတို့ကို ထိန်းချုပ်ချင်လို့ မဟုတ်ပါဘူး။ စည်းစနစ် ရှိစေချင်တာကြောင့်၊ စည်းလေးတခု ထားတဲ့သဘောပါ။ ဒီလို ကိုယ့်နိုင်ငံ ကိုယ်စားပြုပြီး သွားရတဲ့အတွက် ကျနော်တို့ဘက်က ကျေနပ်ပါတယ်၊ ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး လုပ်တာလည်း ကျနော့်အတွက် ဘာအမြတ်အစွန်းမှ မရပါဘူး၊ နိုင်ငံ့ ဂုဏ်ဆောင် အနေနဲ့ သွားရတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။
သွားရောက်ယှဉ်ပြိုင်မယ့် ခင်လပြည့်ဇော်က အခုလို ဒီပြိုင်ပွဲကို စေလွှတ်တဲ့ ဂျွန်လွင်ကို ကျေးဇူးတင်ကြောင်း၊ အရွေးချယ် ခံရတဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူကြောင်း ပြောပါတယ်။
“ဟိုမှာက အောက်တိုဘာ ၃ ရက်နေ့မှာ Final ပွဲကျင်းပမှာပါ။ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ညီမကို မြန်မာပရိသတ်တွေက အားပေးပါဦးနော်။ ညီမ နိုင်ငံ ဂုဏ်ကိုဆောင်တဲ့ အမျိုးသမီးတဦး ဖြစ်ချင်ပါတယ်၊ အစွမ်းကုန် ကြိုးစားမှာပါ၊ စိတ်ရော၊လူရော နှစ်ပြီး ကြိုးစားသွားမှာပါ။ ညီမ မြန်မာနိုင်ငံ ပြန်ရောက်ရင်လည်း မီဒီယာက ဆရာ၊ ဆရာမတွေအတွက် အချိန်ပေးပြီး အနုပညာ လှုပ်ရှားမှုတွေ လုပ်ပေးမှာပါ။ ညီမဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အချိန်ပေးပြီး မီဒီယာအတွက် လုပ်ပေးမှာပါ။ ဆရာ ဂျွန်ကလည်း ညီမကို ဘာမှမချုပ်ချယ် ထားပါဘူး၊ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ သူတဦး ဖြစ်ချင်ပါတယ်” သူက ဆိုပါတယ်။
မြန်မာနိုင်ငံက ပရိသတ်တွေ အနေနဲ့ Miss Tourism Queen International 2013 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် Miss Khin La Pyae Zaw ကို facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုပြီး Like လုပ်နိုင်ကြောင်း သိရပါတယ်။