ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေ၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တတိယလိင် အလှမယ်အဖြစ် သညာမောင်က ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ အသက် ၂၉ နှစ် အရွယ်ရှိ သညာမောင်သည် ကရင်ပြည်နယ် မိကရင်ရွာတွင် မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂၀၀၇ ခုနှစ်တွင် စတင် ရောက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီတခုတွင် စတင် အလုပ်ဝင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်း တခု၌ အလုပ်လုပ်ကိုင်ကာ BA. English မေဂျာဖြင့် ပညာသင်ယူဆဲ ဖြစ်ကြောင်း သိရသည်။ သညာမောင်၏ Miss Internatoinal Queen 2013 ပြိုင်ပွဲဝင်မည့် ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ Miss International Queen ပြိုင်ပွဲဝင်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲ။
ဖြေ။ ။ ပြိုင်ပွဲဝင်တွေရဲ့ အဓိက အရေးအကြီးဆုံးက ယောကျာ်ဘဝကနေ မိန်းကလေး တယောက် ဘဝကို လုံးဝ ပြောင်းလဲထားတဲ့သူ တယောက် ဖြစ်နေရမယ်၊ မိန်းကလေး တယောက်ရဲ့ အသွင်ပုံစံ အပြည့်ရှိနေရမယ်၊ လူမှု ဆက်ဆံရေး လည်း ကောင်းမွန် နေရမယ်။
မေး။ ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တတိယလိင် အလှမယ် တယောက်အဖြစ် ဘာကြောင့် ပြိုင်ပွဲဝင်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ အစတုန်းကတော့ ပြိုင်ပွဲဝင်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူး။ စိတ်လည်း မဝင်စားဘူး။ ဘာလို့လဲဆိုတော့ တချို့ သူတွေလိုမျိုး ကိုယ့်ကို နောက်ခံ ထောက်ပံ့ပေးမယ့် စပွန်ဆာတွေလည်း မရှိဘူးလေ၊ ဒါပေမယ့် သူငယ်ချင်းတွေက
မြန်မာပြည် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်သင့်တယ်လို့ အကြံပေးကြတယ်။ အစ်မရဲ့ ရုပ်ရည်နဲ့ ဆိုရင်လည်း ဖြစ်နိုင်တယ်လို့ ဝိုင်းပြီး အကြံပေးကြတာနဲ့ လျှောက်လွှာ တင်ဖြစ်ခဲ့တယ်။ နောက်တော့ လျှောက်လွှာတင်တဲ့ အယောက် ၈၀ ကျော်ထဲက
၃၀ ပြန်ရွေးတဲ့ အထဲမှာ ကိုယ် က အရွေးခံရတယ်ဆိုတော့ အံ့သြသွားတယ်၊ ပြီးတော့ ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသွားတယ်။
မေး။ ။ ပြိုင်ပွဲဝင်ဖို့ စပြီး လျှောက်ခဲ့တဲ့တုန်းက အတွေ့အကြုံ ပြောပြပေးပါလား။
ဖြေ။ ။ ပြိုင်ပွဲဝင်ဖို့ လျှောက်လွှာတင်တော့ အင်တာဗျူး လုပ်ရတယ်၊ အဲဒီမှာ အစ်မက မြန်မာပြည် ကိုယ်စားလှယ်အနေနဲ့ ပထမဆုံး ပြိုင်တဲ့သူ တယောက် ဖြစ်နေတယ်။ ပြိုင်ပွဲဝင်ရတဲ့ အကြောင်းရင်းကို မေးတော့ မြန်မာနိုင်ငံမှာ ကျားမ ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတာရယ်၊ ပြည်သူလူထုရဲ့ တတိယလိင်တွေ အပေါ် လက်မခံနိုင်သေးတဲ့ အမြင်တွေကို ပညာပေးချင်တဲ့ သဘောပေါ့။ ပြီးတော့ ဆုရဖို့ကိုလည်း မမျှော်မှန်းထားပါဘူးလို့ အင်တာဗျူးတော့ လူကြီးတွေကို အစ်မ ပြောပြဖြစ်ခဲ့တယ်။
မေး။ ။ တတိယလိင်တယောက် အနေနဲ့ အခုလို မယ်ပြိုင်ပွဲဝင်ဖို့ လုပ်တော့ ဝေဖန်ခံရတာတွေ၊ အားပေးမှုတွေ ဘယ်လိုရှိလဲ။
ဖြေ။ ။ အစ်မရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ facebook စာမျက်နှာမှာတော့ ပရိသတ်တွေက ကွန်မန့်တွေ ပေးကြတယ်။ အမျိုးဘာသာကို ဖျက်တယ်၊ လုံးဝ လက်မခံနိုင်ဘူး ဆိုတာမျိုးတွေ ဝေဖန်ခံရတယ်။ ဒါပေမယ့် အစ်မက အကောင်းမြင် ဝါဒီသမား တယောက်အဖြစ် ခံယူထားတဲ့သူ ဆိုတော့ သူတို့တွေရဲ့ ဝေဖန်မှုတွေကို ကောင်းတဲ့ ရှုထောင့်ကနေ မြင်လိုက်တယ်။ မကောင်းတဲ့ အပိုင်းတွေရှိသေးရင် ကိုယ်က ပြုပြင်လိုက်တယ်။ အားပေးတာတွေ ကတော့ တော်တော်လေး များတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံတွင်းကရော၊ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ ရောပေါ့ ပြိုင်ပွဲဝင်တာကို အားပေးကြတယ်။
မေး။ ။ ဒါဆိုရင် နိုဝင်ဘာ ၁ ရက်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ကိုရော ဘာတွေ ပြင်ဆင်ပြီးထားပြီးလဲ။
ဖြေ။ ။ ပြိုင်ပွဲဝင်ဖို့ အတွက်ကတော့ လောလောဆယ်မှာ ရေကူးဝတ်စုံတွေ အများကြီး ပြင်ဆင်နေတယ်။ မြန်မာဝတ်စုံတွေနဲ့ ညနေခင်း ဝတ်စုံတွေလည်း အစ်မရဲ့ ဒီဇိုင်နာဆီမှာ ချုပ်နေတယ်။ Talent Show အတွက်ကိုတော့ ကရင်ဒုံးယိမ်းအက ကဖို့ ပြင်ဆင်နေတယ်၊ လေ့ကျင့်နေတယ်။ အစတုန်းကတော့ မြန်မာအကလေး ကချင်ခဲ့တာပါ။ ဒါပေမယ့် ဝတ်စုံတွေ ရှာဖို့ ခက်တယ်လေ။
မေး။ ။ ပြိုင်ပွဲဝင်မယ် ဆိုတုန်းက စပွန်ဆာပေးဖို့ ကမ်းလှမ်းခံရသေးလား။
ဖြေ။ ။ ပြည်တွင်းမှာက အစ်မရဲ့ အသိမိတ်ဆွေ သိပ်ပြီးတော့မရှိဘူး။ သူငယ်ချင်း တယောက်ကတော့ အစ်မရဲ့ အတွေ့အကြုံ တွေကို အင်တာဗျူး လာလုပ်ပြီး စပွန်ဆာ ပေးဖို့ကမ်းလှမ်းပေမယ့် အဲဒီ တယောက်ကလည်း အခုထိ အကြောင်းမပြန် တော့ပါဘူး။
မေး။ ။ အခုလို ပြိုင်ပွဲဝင်မှာကိုရော မိဘတွေက သဘောတူရဲ့လား။
ဖြေ။ ။ ဝင်ပြိုင်မယ် ဆိုတာကို မိဘတွေက မသိသေးဘူး။ ဒါပေမယ့် သတင်းတွေက ထွက်သွားတော့ အိမ်က ဖုန်းဆက် လာတယ်။ အစ်မရဲ့ အမေကတော့ အကောင်းဘက်က မြင်ပေးပေမယ့် သူ့စိတ်ထဲမှာ သိပ်ပြီးတော့ လက်မခံသေးဘူး။ ဆုံးမသင့်တာ ဆုံးမတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ရှိတဲ့ တတိယလိင် တွေအတွက် အခွင့်အလမ်းတွေ နည်းနေသေးတာ၊ လူတွေလက်မခံနိုင်သေးတာ ကိုရော ဘယ်လိုခံစားရလဲ။
ဖြေ။ ။ အစ်မရဲ့ အတွေ့အကြုံအရ ဆိုရင်တော့ တည်တည်တံ့တံ့ နေနိုင်တဲ့သူနဲ့ မနေနိုင်တဲ့ သူတွေရှိတယ်။ ကိုယ်လို လူမျိုးတွေ ဆိုတာက ဒီလိုမျိုးဘဝနဲ့ နေထိုင်တာဆိုတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာလေးနဲ့ အိန္ဒြေရရလေး ရှိနေစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တတိယလိင်တွေက ကိုယ်တိုင်ကိုယ်ကျ ပွင့်ပွင့်လင်းလင်းနဲ့ ဆုံးဖြတ်နိုင်ရမယ်။ ဒီလိုမျိုး တတိယလိင် ဘဝကို ခံယူလိုက်မယ်ဆိုရင် ခံနိုင်ရည်ရှိရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်၊ ကောင်းတဲ့သူ တယောက်အဖြစ် လူမှုအဖွဲ့အစည်းကို အထောက်အကူ ပြုနိုင်မလား၊ ပတ်ဝန်းကျင်က လူတွေ လက်ခံနိုင်မလား ဆိုတာတွေ
အရေးကြီးတယ်။
မေး။ ။ သညာမောင်အနေနဲ့ တတိယလိင်ဘဝကို စပြီး ပြောင်းလဲလိုက်တုန်းက ဘယ်လိုမျိုး အခြေအနေတွေ ကြုံတွေ့ခဲ့ရလဲ။
ဖြေ။ ။ အခက်အခဲတွေကတော့ အများကြီးရှိခဲ့တယ်၊ အိမ်က လုံးဝလက်မခံဘူး၊ အကြီးအကျယ် ပြဿနာတက်ခဲ့ရတယ်။ အိမ်ကို ပြန်မလာနဲ့လို့ နှင်ထုတ်ခံခဲ့ရတယ်။ အရင်က ကိုယ့်ကို ရိုသေလေးစားခဲ့တဲ့ သူတွေက ရှိန်သွားတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို တဖြည်းဖြည်း သိလာတော့ ပြန်ပြီး လက်ခံပေးလာတယ်။
မေး။ ။ တတိယလိင် ဘဝရဲ့ အားသာချက်နဲ့ အားနည်းချက်ကရော ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အစ်မတို့လိုမျိုး လူတွေရဲ့ အားသာချက်ကတော့ စိတ်ဓာတ်ကြံ့ခိုင်လာတယ်။ ဒီလိုဘဝကို ပြောင်းမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တွေးရတယ်လေ။ ဒီလိုဘဝမှာ ကြံ့ကြံ့ခံနိုင်ရဲ့လား၊ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပြီးမှ ခွဲစိတ်ပြုပြင်ကြရတာလေ။ အားနည်းချက်ကတော့ များသောအားဖြင့် ပတ်ဝန်းကျင်က သိပ်ပြီးတော့ လက်မခံကြဘူး။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင် တွေ့တာနဲ့ ဟာသတခုလို မြင်ကြတယ်။ အလုပ်ကိစ္စနဲ့ တနေရာရာကို သွားလို့ အမျိုးသားတွေနဲ့ တွေ့ရင် သူတို့က ကိုယ့်ကို ရှိန်နေတတ်ကြတာမျိုးတွေ ကြုံတွေ့ရတယ်။
မေး။ ။ တတိယလိင်တယောက် ဖြစ်တဲ့ သညာမောင်ရဲ့ ခံယူချက်ကရော။
ဖြေ။ ။ အစ်မကတော့ အရာရာတိုင်းကို ကြံ့ကြံ့ခိုင်ပြီး ကိုယ့်လမ်းကို လျှောက်နေတယ်၊ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်။ အစ်မမြင်နေတာက မြန်မာလူမျိုးတွေ မှာတင် မဟုတ်ဘဲ နိုင်ငံတကာမှာပါ တတိယလိင်ဆိုတဲ့ သူတချို့က ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားကြတာများတယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တန်ဖိုးရှိလာအောင်၊ အကျိုးရှိလာအောင် ကူညီသွားမယ်လို့ စဉ်းစားထားတယ်။