ပြည်တွင်းစစ်ကို ကဗျာနဲ့ ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒနဲ့ ကဗျာဆရာတွေ စုစည်းပြီးတော့ သူတို့တွေရဲ့ ငြိမ်းချမ်းရေးအပေါ် ခံယူထားတဲ့ ခံစားချက်၊ သဘောထားတွေကို ထင်ဟပ်ပေါ်လွင်နေတဲ့ စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး ခံစားမှု ကဗျာများ စာအုပ်ကို ဒီနေ့ စတင်ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။
“စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး” စာအုပ်က ငြိမ်းချမ်းရေး ငတ်မွတ်နေတဲ့ ပြည်တွင်းစစ်ဒဏ်သင့် ဒေသအသီးသီးမှာရှိတဲ့
ပြည်သူတွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်ဝေတာဖြစ်ပြီး ကဗျာစာအုပ် ရောင်းရငွေတွေကို ပြည်တွင်း စစ်ဒဏ်သင့် ဒေသတွေက ပြည်သူတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဒီနေ့ပြုလုပ်တဲ့ စာအုပ်မိတ်ဆက်ပွဲနဲ့ ရောင်းရငွေ လှူဒါန်းပွဲမှာ ပွဲစီစဉ်သူတဦးက ပြောသွားပါတယ်။
“ကဗျာစာအုပ်ကို စီစဉ်ခဲ့တာ လွန်ခဲ့တဲ့နှစ်နှစ်နီးပါး ကချင်ဒေသမှာ စစ်ပွဲတွေ အလွန် ပြင်းထန်နေခဲ့တဲ့ အချိန်ကတည်းက ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဘက်ဘက်က လိုလားတောင့်တ ကြိုးစား ဆောင်ရွက်နေကြသလို၊ ကျနော်တို့ ကဗျာ ရေးသူများ ဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ခံစား ရပ်တည်ချက်တွေ စုစည်းနိုင်သလောက် စုစည်းဖော်ပြ လိုက်တာပါ။ ဒါဟာ ကဗျာရေးသူများ ဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထား ဖြစ်ပါတယ်” လို့ ကျနော်တို့ မလိုချင်ဆုံးအရာ “စစ်” ကျနော်တို့ အလိုချင်ဆုံးအရာ “ ငြိမ်းချမ်းရေး” ဆိုတဲ့ စီစဉ်သူများရဲ့ အမှာစာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။
“စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး” ကဗျာစာအုပ်ကို စီစဉ်ကြ သူတွေကတော့ ကဗျာဆရာ ကိုရွေး၊ မိုးဝေးနဲ့ အံ့ဘွယ်ဇင်တို့ ဖြစ်ကြပါတယ်။
ဒီကဗျာစာအုပ်မှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က “ကဗျာ အချို့ကိုဖတ်ပြီးတော့ ခိုင်မာလာတဲ့ အတွေးကတော့ ရိုးရိုးပါပဲ။ အစဉ်တကယ် ငြိမ်းချမ်းရေး လိုချင်ရင် မေတ္တာအင်အားကို မြှင့်တင်ရမယ် ဆိုတာပါပဲ” လို့ အဖွင့် အမှာ ရေးပေးထားပါတယ်။
ကဗျာစာအုပ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ဒဂုန်တာရာတို့ရဲ့ ကဗျာတွေ အပါအဝင် ကဗျာဆရာ၊ ဆရာမ စုစုပေါင်း ၁၀၉ ဦးက ပြည်တွင်းစစ်မီး ငြိမ်းအေးပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိစေဖို့ ရည်ရွယ်ရေးဖွဲ့ထားတဲ့ ကဗျာများ ပါရှိပါတယ်။
ဆရာကြီး ဒဂုန်တာရာရဲ့ “သွေးချင်းသားချင်း ကချင်ပြည်သူတို့ ဘေးမသမ်း အေးချမ်းကြပါစေ၊ တစ်ကမ္ဘာလုံးလည်း ကြည်ရွှင် စည်ပင်ကြပါစေ” လို့ ရေးဖွဲ့ထားတဲ့ မေတ္တာရေစင် ကဗျာ၊ ကဗျာဆရာ အောင်ချိမ့်ရဲ့ “ကမ္ဘာစစ်မှ ပြည်တွင်းစစ်သို့၊ ပြည်တွင်း စစ်မှ စစ်မဲ့၊ သေနတ်မဲ့ ပေါက်ကွဲဗုံးမဲ့ အနုမြူဗုံးမဲ့၊ စစ်နဲ့ ပတ်သက် ဆက်စပ် ဒုက္ခဆင်းရဲ၊ အဝဝ အစစ ပြန်မလာစေရ” ဆိုတဲ့ စစ်မဲ့ကဗျာ၊ ဆရာသစ္စာနီရဲ့ “သေနတ်သံတွေကို မုန်းတယ်၊ စစ်ဆိုတာ ချောကလက်သာ ဖြစ်မယ်ဆိုရင် ကိုယ်မစားဘူးကွယ်” ဆိုတဲ့ ခေါင်းစဉ်မရှိတဲ့ ကဗျာလို့ အမည်ပေးထားတဲ့ ကဗျာအသီးသီးအပြင် စာအုပ်မှာပါဝင်တဲ့ ကဗျာတိုင်းဟာ ပြည်တွင်းမှာ စစ်ငြိမ်းချမ်းပြီး တနိုင်ငံလုံးကို ငြိမ်းချမ်းအောင် ဆိုတဲ့ အဓိပ္ပာယ်ပေါင်းများစွာနဲ့ ရေးဖွဲ့ထားကြပါတယ်။
ဒီနေ့ ကျင်းပပြုလုပ်တဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲနဲ့ ရောင်းရငွေ လှူဒါန်းပွဲမှာလည်း ကဗျာဆရာကြီးတွေဖြစ်တဲ့ ဆရာသစ္စာနီ၊
ဆရာအောင်ဇင်မင်း၊ မအိ စတဲ့ ကဗျာဆရာ ဆရာမတွေက ငြိမ်းချမ်းရေး သရုပ်ဖော်ညွှန်းတဲ့ ကဗျာတွေကို ရွတ်ဆိုသွားတာ တွေ့ရပါတယ်။
စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး ခံစားမှုကဗျာများ စာအုပ်ကို နှစ်ကာလများစာအုပ်တိုက်က ဖြန့်ချိပြီး စာအုပ်တန်ဖိုးကတော့
၂၅၀၀ ကျပ် ဖြစ်ပါတယ်။