နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ အခေါင်းသယ်ရခြင်း အကြောင်းရင်း
This article has been converted from Zawgyi One to Unicode
နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ အနေနဲ့ နာရေးကူညီမှုအသင်းမှာ ဝင်ရောက်ပြီး ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့ကို သာဓုခေါ်သူတွေ ရှိသလို တချို့ကလည်း ပေါ်ပြူလာဖြစ်ချင်လို့လား ဆိုတဲ့ မေးခွန်း ထုတ်နေ သံတွေ ကြားနေရပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ နန်းခင်ဇေယျာကတော့ သူတို့ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာလားလို့ မေးတဲ့သူတွေကို သူတို့ ဘယ်လို လုပ်နေသလဲဆိုတာ မြင်စေချင်တယ်လို့ ပြောပါတယ်။ နန်းခင်ဇေယျာက အလှမယ်အဖြစ် တနိုင်ငံလုံးက အသိအမှတ်ပြုပြီး နောက်ပိုင်း နာရေးကူညီမှု အသင်းမှာ တလကို နှစ်ကြိမ် လုပ်အားပေးဖို့ စာရင်းပေးထားတယ်လို့ သိရပါတယ်။
ခင်ဝင့်ဝါကလည်း ဒီအလုပ်ကို သူ ၈ တန်းနှစ် ကတည်းက လုပ်ချင်ခဲ့ပေမယ့် အသက်ငယ်လို့ လုပ်ခွင့်မရခဲ့ဘူး၊ အခု ငွေသွား လှူဒါန်းရင်းနဲ့ အလောင်း တသောင်းပြည့် အစီအစဉ်နဲ့ ကြုံကြိုက်လို့ ဝင်ရောက် လုပ်ကိုင်ခွင့် ရခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
နာရေးကူညီမှု အသင်းရဲ့ ဦးဆောင်သူ ဦးကျော်သူကတော့ “ဒီလိုပရဟိတ အလုပ်ကိုလုပ်ဖို့ ကျနော်မတိုက်တွန်းပါဘူး၊ သူတို့အသိစိတ်နဲ့ သူတို့ လုပ်ဖို့ လာကမ်းလှမ်းတာပါ။ သူတို့ အလှူငွေလာလှူရင်း ဒီလို ပရဟိတ အလုပ်ကို သူတို့ လုပ်ချင်တယ်ဆိုပြီး လုပ်တာပါ။ နန်းခင်ဇေယျာကတော့ တလကို နှစ်ကြိမ်လာပြီး လုပ်အားပေးပါတယ်။ ခင်ဝင့်ဝါက သူငွေလာလှူပြီး နောက်နေ့မှာ တသောင်းပြည့် အစီအစဉ်ရှိတယ်၊ အဲဒါ လာစေချင်တယ် လာမလား ဆိုတော့ သမီး စာမေးပွဲပြီးတာနဲ့ လာခဲ့မယ်ဆိုပြီး ရောက်လာပြီး သူလာလုပ်ပေးတာ” လို့ ဆိုပါတယ်။
ဦးကျော်သူက သူကိုယ်တိုင်လည်း အနုပညာသမားဘဝကနေ ပရဟိတ အလုပ်ကို ပြောင်းလုပ်ခဲ့သလို၊ ဘယ်သူပဲ ဖြစ်ဖြစ် ပရဟိတ အလုပ်လုပ်တာ ကောင်းတာလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ အနေနဲ့လည်း ဒီလိုပဲ ဖြစ်ရမှာပဲလို့ ဆက်ပြောပါတယ်။
“ဒီလို နာမည်ရှိတဲ့သူ တယောက်က ပရဟိတ အလုပ်ကို လုပ်တယ်ဆိုတော့ ကိုယ့်ရဲ့ ပရဟိတ လုပ်ငန်းလည်း ပို အောင်မြင် တာပေါ့။ အများအတွက်လည်း ပိုအကျိုးရှိတာပေါ့။ သူတို့ကို ပေါ်ပျူလာဖြစ်ချင်လို့ လုပ်တယ်လို့ ဝေဖန်တဲ့သူတွေကို ကျနော် ဟြေပြချင်တာက ကျနော်လုပ်တုန်းက ကျတော့ ဘာဖြစ်လို့ မဝေဖန်ကြတာလဲလို့ မေးချင်တယ်။ ကျနော် မင်းသားဘဝကနေ နာရေးကူညီမှု လုပ်တော့ ကျော်သူ ပေါ်ပျူလာဖြစ်ချင်လို့ လုပ်တာလားလို့ ဘာလို့မဝေဖန်ကြတာလဲ။ သူတို့ အသက်အရွယ် တုန်းက ကျော်သူတို့ အဲဒီလောက် ပရဟိတ မလုပ်နိုင်ခဲ့ဘူး။ သူတို့ အသက်အရွယ်လေးနဲ့ ပရဟိတစိတ် မွေးလာတယ် ဆိုတော့ ကျနော်တို့က လက်ကမ်းကြိုရမှာပဲ၊ ဟြေသမျှကို လိုက်နားထောင် နေရင်တော့ ကိုယ်လုပ်သမျှ ခြေလှမ်းတွေ ရှေ့ရောက်မှာ မဟုတ်ဘူး” လို့ ဦးကျော်သူက ဆိုပါတယ်။
နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့ အနေနဲ့လည်း ဘေးက ဘာဟြေဟြေ ကိုယ့်လုပ်ရပ် မှန်ကန်ဖို့၊ ကိုယ့်သီလလုံဖို့ပဲ လိုတယ်၊ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်ဖို့ပဲ အရေးကြီးတယ်၊ ဘေးစကား နားထောင်နေရင်တော့ ကိုယ့်ခြေလှမ်းတွေ နှေးသွားမယ်၊ ရပ်သွားမယ်၊ သူ့အနေနဲ့ မလုပ်တဲ့အရွယ်မှာ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေက လုပ်နိုင်တဲ့အတွက် ဂုဏ်ယူတယ်၊ ချီးကျူးတယ်လို့ ဦးကျော်သူက ပြောပါတယ်။
အခု အချိန်မှာ နာရေးကူညီမှုအသင်းမှာ ဝိုင်းဝန်းကူညီတဲ့အထဲ နန်းခင်ဇေယျာတို့၊ ခင်ဝင့်ဝါတို့အပြင် ဆီးဂိမ်း သီချင်းရေးတဲ့ တေးရေး လူငယ်တွေပါ ပါလာပြီလို့ သိရပါတယ်။
“ကျနော်တို့ ပရဟိတ လောက အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒီလို ပရဟိတ အလုပ်က တခါလုပ်ပြီးရင်ကို စွဲလမ်း သွားတတ်တယ်။ ကာယကံရှင်တွေရဲ့ အပူမီးကို ငြိမ်းအေးစေနိုင်တယ် ဆိုတော့ ဒီအလုပ်ကို သူတို့ ဆက်လုပ်မယ် လို့လည်း ယုံကြည်တယ်။ သူတို့တင်မကဘူး၊ ကိုလူချောအဖွဲ့၊ စာပေ လောကက ဆရာ၊ ဆရာမတွေပါ ကျနော်တို့နဲ့ လက်တွဲပြီး လာလုပ် ပေးဖူးတယ်။ ဒီကလေးတွေ ဒီလိုလုပ်နိုင်တဲ့ အတွက်လည်း ကျနော် ပီတိဖြစ်မိပါတယ်။ နာရေး ဆိုတာ အနိမ့်ကျဆုံး အလုပ်လို့ သတ်မှတ်ထားတာကို သူတို့ သတ္တိရှိရှိနဲ့ ရဲရဲဝံ့ဝံ့ လာပြီး အခေါင်းသယ်တာတွေ လုပ်တာ တော်ရုံသတ္တိနဲ့ မရဘူး၊ ပရဟိတ အလုပ်ဆိုတာ လူသားတိုင်းလုပ်ရမယ့် အလုပ်ပဲ၊ ကိုယ်တိုင် ပရဟိတ စိတ်ဓာတ် မွေးဖို့လည်း လိုသလို၊ အသင်းအဖွဲ့နဲ့ လုပ်တတ်တဲ့ ပရဟိတစိတ် ရှိဖို့လည်းလိုတယ်။ Miss တွေမှ မဟုတ်ဘူး၊ ဘယ်သူမဆို၊ ဒီဇိုင်နာတွေပဲ ဖြစ်ဖြစ်၊ ကာယဗလမောင် တွေပဲဖြစ်ဖြစ် ကျနော်က လက်ခံရမှာပဲ။ ဒါက ပရဟိတစိတ်နဲ့ လုပ်ရတဲ့ အလုပ်ဖြစ်တဲ့အတွက် ဘယ်သူ့ကို မဆို ကျနော်လက်ခံမှာပါ” လို့ ဦးကျော်သူက ရှင်းပြပါတယ်။
နန်းခင်ဇေယျာကတော့ နာရေးကူညီမှု အသင်းမှာ အသင်းဝင်ထားတာ ၆ လလောက် ရှိပါပြီ။ သူ့အနေနဲ့ အစပိုင်းမှာ ဦးကျော်သူနောက်ကို ဒီအတိုင်းပဲ လိုက်လေ့လာတာ၊ အလှူငွေပဲ ထည့်တာမျိုးလုပ်ခဲ့ပေမယ့် ဦးကျော်သူက တဆင့်ချင်း ရှင်းပြတဲ့အချိန်မှာ ကိုယ်တိုင် ပါဝင် လုပ်ဆောင်ချင်တဲ့စိတ် ဖြစ်လာတာနဲ့ တလကို နှစ်ခေါက်လုပ်မယ် ဆိုပြီး ပါဝင်ဖြစ်ခဲ့တာလို့ သိရပါတယ်။
“အခုတော့ အသင်းဝင်အဖြစ် လုပ်နေပါပြီ။ ဒီအလုပ်ကို လုပ်တာ ညီမက အယူသီးတာတွေလည်း ပျောက်စေချင်တယ်၊ သူများတွေက ဒီအလုပ်ကို အနိမ့်ကျဆုံး အလုပ်လို့ ထင်ထားတာလေ။ ဒါပေမယ့် လူဆိုတာ နောက်ဆုံးတော့ သေရမှာပဲလေ။ လူတယောက်ရဲ့ နောက်ဆုံးခရီးကို ပို့ပေးရတာလည်း အရမ်း မြင့်မြတ်ပါတယ်။ အဲဒါကြောင့်လည်း ညီမ လုပ်ဖြစ်သွားတာပါ။ ညီမ ကိုယ်တိုင် အခေါင်းသယ်ပေးတဲ့ အတွက် သူတို့ရဲ့ အပူကို တဝက်လျော့ကျသွားအောင် လုပ်ပေးနိုင်တယ်လို့ထင်တယ်၊ ညီမ ကိုယ်တိုင် လာသယ်ပေးတဲ့အတွက် နာရေးရှင်ရဲ့ မိသားစုတွေကလည်း ဝမ်းသာကြတယ်၊ ညီမလည်း ဒီလို လုပ်ပေးရတဲ့ အတွက် အရမ်းကို ပီတိဖြစ်ရပါတယ်၊ ဒီပီတိက ပိုက်ဆံနဲ့လည်း ဝယ်ယူလို့မရတဲ့ ပီတိပါ” လို့ နန်းခင်ဇေယျာက ဆိုပါတယ်။
ချမ်းသာတဲ့ သူဖြစ်ဖြစ်၊ ဆင်းရဲတဲ့ သူဖြစ်ဖြစ် ဘယ်သူမဆို ဒီလမ်းကို သွားရမှာပဲ ဆိုတာကို နန်းခင်ဇေယျာအနေနဲ့ သံဝေဂ ရခဲ့တယ်၊ အရင်က ဒီလို အသင်းတွေ မရှိခဲ့ဘဲ၊ အခုနောက်ပိုင်းမှ ရှိလာကြတာ ဖြစ်တဲ့အတွက် လုပ်ခွင့်ရချိန်မှာ ဒီအလုပ်ကို တလ နှစ်ကြိမ် လုပ်ပါမယ်ဆိုပြီး ဦးကျော်သူကို ခွင့်တောင်းတော့ ခွင့်ပြုတယ်လို့ နန်းခင်ဇေယျာက ရှင်းပြပါတယ်။
“ညီမ အသက်ရှင်နေသရွေ့ ဒီ ပရဟိတအလုပ်ကို လုပ်သွားမှာပါ။ ညီမကို ပေါ်ပျူလာ ဖြစ်ချင်လို့ လုပ်တာလို့ ဟြေတဲ့ သူတွေကိုလည်း ညီမ လက်တွေ့မြင်ချင်တယ်။ လူတယောက်က ပေါ်ပျူလာ ဖြစ်ချင်တယ်ဆိုရင် ခဏပဲ လုပ်ပြီး ပျောက်သွားမှာပါပဲ။ ပရဟိတ လုပ်နေတဲ့သူတွေရဲ့ စိတ်ထား၊ အလုပ်နဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေကို ပရဟိတ လုပ်တဲ့သူတွေပဲ သိပါတယ်” လို့ သူက ဆိုပါတယ်။
ဒီလိုအလုပ်ကို လုပ်ခွင့်ရတဲ့အတွက် အရမ်း ဝမ်းသာဂုဏ်ယူမိကြောင်း၊ ဦးကျော်သူက သူ့ကို ဒီလို ယုံယုံကြည်ကြည်နဲ့ အခေါင်းသယ်ခွင့် ပေးတဲ့အတွက် အရမ်းလည်း ကျေးဇူးတင်သလို ဂုဏ်ယူမိကြောင်း၊ သူ့အနေနဲ့ နာရေးကူညီမှု အသင်းတွင်မကဘဲ အနာကြီး ရောဂါသည် စောင့်ရှောက်ရေး၊ HIV/ AIDS ဝေဒနာရှင် ကလေးငယ်တွေ၊ အဖိုးအဖွားတွေ စောင့်ရှောက်ရေး၊ ကင်ဆာ ကလေးငယ်တွေ၊ နယ်မှာရှိတဲ့ ကလေးတွေရဲ့ပညာရေးနဲ့ လမ်းမှားရောက်နေတဲ့ ကလေးတွေကို နှစ်သိမ့်ဆွေးနွေး ပညာပေးတာ အစရှိတဲ့ ပရဟိတ လုပ်ငန်းတွေမှာလည်း ကူညီ လုပ်ကိုင်ပေးတယ်လို့ နန်းခင်ဇေယျာက ဆက်ပြောပါတယ်။
“ညီမက ပြန်ကြားရတဲ့ Comment တွေကို မကြည့်ဘူး။ ညီမလုပ်နေတဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ပါတယ်။ ပရဟိတ အလုပ်က ဘာအလုပ်ပဲ ဖြစ်ဖြစ် မွန်မြတ်တော့ တခေါက်လုပ်လိုက်ရင်ကို ခဏခဏ လုပ်ချင်တဲ့ စိတ်တွေ ဖြစ်လာပါတယ်။ ဒီလို အနိမ့်ကျဆုံးလို့ လူတွေ သတ်မှတ်ထားတဲ့ အလုပ်ကို လုပ်တဲ့အခါမှာ ရွံတာတွေ၊ မသတီတာတွေ မဖြစ်ပါဘူး။ ညီမ အတွက်တော့ လူအားလုံးက နံပါတ်တစ်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။
ခင်ဝင့်ဝါကတော့ နန်းခင်ဇေယျာရဲ့ ပရဟိတ လုပ်နိုင်မှုတွေနဲ့ စိတ်ဓာတ်ကို လေးစား အားကျတယ်လို့ ဆိုပါတယ်။
“မနန်းခင်က လူမှုရေး လုပ်ငန်းတွေလည်း အရမ်းလုပ်နိုင်တယ်၊ အရမ်းလည်း စိတ်သဘောထား ကောင်းတော့ သူ့ကိုလည်း အားကျမိတာလည်း ပါတယ်၊ မနန်းခင်နဲ့ တွေ့မယ်လို့လည်း ထင်မထားမိဘူး၊ သူနဲ့အတူတူ ဒီလို ပရဟိတ အလုပ် လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ Miss ဆိုတာကလည်း လူသားတယောက်ပါပဲ၊ နာမ်စား တခု သတ်မှတ် ပေးလိုက်တဲ့ အတွက်ကြောင့်သာ ဒီလို Miss ဆိုတာ ဖြစ်လာရတာပါ။ အကုန်လုံးက လူသားတွေပါပဲ၊ ဘယ်သူမှ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း လုပ်ရမယ်လို့ မဟုတ်ပါဘူး၊ ဘယ်သူမဆို ဒီလိုပရဟိတ အလုပ်တွေကို လုပ်သင့်ပါတယ်” လို့ ခင်ဝင့်ဝါက ပြောပြပါတယ်။
လူသားချင်း စာနာတတ်တဲ့စိတ်၊ ကူညီတတ်တဲ့စိတ် ရှိရင် ဘယ်သူမဆို ဒီအလုပ်ကို လုပ်လို့ရတယ် ဆိုတဲ့ အကြောင်း၊ Miss တယောက် ဆိုပြီး ဒါမျိုးမလုပ်နိုင်ဘူး ဆိုတဲ့စိတ်မျိုး မရှိကြောင်း၊ ပရဟိတ အလုပ် ဘယ်အလုပ်မဆို လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း၊ တလကို တရက်တော့ ဒီ ပရဟိတ အလုပ်ကိုလုပ်မယ် ဆိုတဲ့အကြောင်း ခင်ဝင့်ဝါက ရှင်းပြပါတယ်။
“သူများရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင် ကူညီရတာ အရမ်းမွန်မြတ်ပါတယ်။ မသာတခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ၊ သံဝေဂရစရာပါပဲ။ ဒီအလုပ်ကိုလုပ်တဲ့ ဦးကျော်သူကိုလည်း လေးစားတယ်၊ ကိုယ့်ကို လုပ်ဖို့ အခွင့်အရေး ပေးလာတဲ့အတွက် မသတီတာတွေ၊ ရွံတာတွေလည်း မရှိပါဘူး။ ညီမတို့ကို တချို့တွေက ဟြေကြတယ်၊ Miss ဖြစ်မှ ပေါ်ပျူလာ ဖြစ်ချင်လို့ လုပ်ကြတာလား ပေါ့နော်၊ အမှန်အတိုင်း ဟြေရရင် ညီမတို့ Miss မဖြစ်ခင် ဒီလို အလုပ်လုပ်လည်း ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူးလေ။ လူသတိထားမိတဲ့သူ တယောက် ဖြစ်တော့မှ ဒီအလုပ်ကိုလုပ်တော့ လူသတိထား မိမှာလေ၊ ပေါ်ပျူလာ ဖြစ်ချင်လို့ လုပ်တာမဟုတ်ပါဘူး၊ တကယ် ဝါသနာပါလို့ရယ်၊ ပရိသတ်တွေ ပီတိဖြစ်အောင် မျှဝေတဲ့ သဘောနဲ့ပါ လုပ်တာပါ။ ဒီနေရာကို တနေ့ ကိုယ်လည်းရောက်ပြီး သေရမှာဆိုတော့ စာနာတဲ့စိတ်နဲ့ လုပ်တာလည်း ပါပါတယ်” လို့ ခင်ဝင့်ဝါက ဆိုပါတယ်။
ခင်ဝင့်ဝါ အနေနဲ့ နန်းခင်ဇေယျာလိုပဲ တခြား ပရဟိတ အလုပ်တွေလည်း လုပ်မှာ ဖြစ်တဲ့အကြောင်း၊ ဦးကျော်သူလို အနုပညာ အလုပ်မှာရော၊ ပရဟိတ လုပ်ငန်းမှာပါ အောင်မြင်အောင် လုပ်နိုင်တဲ့ သူတယောက်၊ သူ လေးစား အားကျရတဲ့ သူတယောက်နဲ့ အခုလို ပရဟိတ အလုပ်ကို အတူတွဲ လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာမိကြောင်း ဧရာဝတီကို ပြောပါတယ်။