ထိုင်းနိုင်ငံ၏ နာမည်ကြီး CARABO တေးဂီတအဖွဲ့သည် ရန်ကုန် Janction Square ဈေးဝယ်စင်တာတွင် အခမဲ့ ဖျော်ဖြေပွဲ တရပ်ကို ယနေ့ညနေ ၄ နာရီတွင် ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။
လာမည့် ဒီဇင်ဘာလ၌ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများကို ဂုဏ်ပြုထောက်ပံ့သည့် အနေဖြင့် ထိုင်းနိုင်ငံ၏ နာမည်ကြီး တေးဂီတအဖွဲ့ဖြစ်သည့် CARABAO အဖွဲ့က အခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးက ပြောသည်။
အဆိုပါ တေးဂီတအဖွဲ့ လာရောက်ဖျော်ဖြေမည့် ကိစ္စနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
“CARABAO အဖွဲ့နဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှု ရှိတဲ့အပြင် ထောက်ပံ့ပေးမယ့် သူတွေလည်း ရှိတာကြောင့် သူတို့အဖွဲ့ကို ဆီးဂိမ်း အတွက် ဖိတ်လိုက်တာ။ တခြား ဘယ်နိုင်ငံမှာမှ ဆီးဂိမ်းအတွက် ဖျော်ဖြေပွဲ မလုပ်ပေးဖူးဘူး၊ သူတို့အတွက်လည်း ပထမဆုံး အကြိမ်ပဲ” ဟု ဦးကျော်ဆန်းဦးက ရှင်းပြသည်။
လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၆ ကြိမ်မြောက် ဆီးဂိမ်းထက် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ထားကြောင်း၊ မြန်မာ ကစားသမားများ အနေဖြင့် ရွှေတံဆိပ် ၁၀၀ ကျော် ရယူပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်နေရာများနှင့် ကစားသမားများလည်း လက်ရှိတွင်
၁၀၀ ရာခိုင်နှုန်း အဆင်သင့် ရှိနေပြီဖြစ်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။
CARABAO အဖွဲ့သည် မြန်မာနိုင်ငံအတွက် ဆီးဂိမ်းအကြို ဖျော်ဖြေပွဲ လာရောက်ပြုလုပ်မည့်အပြင် ဆီးဂိမ်း ရန်ပုံငွေအဖြစ်
မြန်မာငွေ ကျပ် ၃၂ သန်းကို လှူဒါန်းမည်ဟုလည်း သိရသည်။
“နှစ်နိုင်ငံအကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတခု တည်ဆောက် ချင်တာ ကြောင့်လည်းပါတယ်၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းကိုလည်း ထောက်ပံ့ပေးတဲ့အနေနဲ့ ရန်ကုန်မှာ ဖျော်ဖြေပွဲလုပ်တဲ့သဘောပါ” ဟု CARABAO
ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Yuenyoung Opakul (Aed Carabao) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
CARABAO တေးဂီတ အဖွဲ့နှင့်အတူ မြန်မာနိုင်ငံမှ Miss Myanmar နန်းခင်ဇေယျာ အပါအဝင် အီတလီ၊ စင်ကာပူ၊ နယူးဇီလန်၊ စပိန်၊ ထိုင်း၊ အက်စ်တိုးနီးယား စသည့်နိုင်ငံတို့မှ အလှမယ်ဆုရရှိထားသူ ၇ ဦးကလည်း ယနေ့ဖျော်ဖြေပွဲသို့ တက်ရောက်ကာ
ဖျော်ဖြေမှုများ ပြုလုပ်မည်ဟု သိရသည်။
ယင်းအဖဲွဲ့နှင့်အတူ ထိုင်းနိုင်ငံမှ မီဒီယာသမား ၇၀ ဦးခန့်လည်း ဖျော်ဖြေပွဲအတွက် အတူ လိုက်ပါလာခဲ့ပြီး မြန်မာနိုင်ငံမှ အနုပညာရှင်များ ဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ ဟိန်းဝေယံ၊ လူမင်း၊ အောင်ရဲလင်း၊ ဂုဏ်ရည်အေးကျော်၊ ခင်ဝင့်ဝါ၊ ခင်လပြည့်ဇော် စသည့် အနုပညာရှင်များစွာလည်း ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။
အဆိုပါ ပွဲတွင် ဂီတဖျော်ဖြေမှုအပြင် ဂိမ်းကစားပွဲများ၊ ဖက်ရှင်ရှိုးများလည်း ပါဝင်တင်ဆက်ရန် ရှိသည်ဟု သိရသည်။
CARABAO တေးဂီတအဖွဲ့သည် ၁၉၇၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် ထိုင်းနိုင်ငံ၏ နာမည်ကြီး ရော့ခ် တေးဂီတအဖွဲ့ ဖြစ်ပြီး အဖွဲ့ဝင် ၈ ဦးပါဝင်ဖွဲ့စည်းထားသည်။