မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ ပြန်လည် ခေတ်စားလာတဲ့ နိုင်ငံတကာ မယ်ပြိုင်ပွဲကို ပထမဆုံး သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Internationl 2012 ရဲ့ အင်တာနက်မယ်ဆုရ နန်းခင်ဇေယျာကတော့ သူသွားရောက် ယှဉ်ပြိုင်ခဲ့ရတဲ့ Miss ပြိုင်ပွဲက မယ်တွေကို မြန်မာပြည်ကို လာရောက်ပြီး ၂၇ ကြိမ်မြောက် SEA GAME အကြို လှ့ှုံဆော်ပွဲမှာ ပါဝင်ဖို့နဲ့ မြန်မာပြည်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားရင်း ပုဂံ၊ ညောင်ဦးဒေသတွေမှာ ပရဟိတ အလုပ်တွေကို သူနဲ့ အတူ လုပ်ဆောင်သွားဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
“ဆီးဂိမ်းအနေနဲ့က ကျမက ခေါ်ပေးတာပါ။ ADMA Media က လုပ်မှာပါ။ ကျမက Miss International 2012 ပြိုင်ပွဲဝင်လည်း ဖြစ်တယ်၊ Miss International ပွဲက မယ်တွေနဲ့လည်း သိတယ်ဆိုတော့ ကျမက လှမ်းခေါ်ပေးတာပါ။ ပြီးတော့ ကျမက Guide တယောက်လည်း ဖြစ်တဲ့ အတွက်ကြောင့် Guide အနေနဲ့ သူတို့ကို လိုက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အလှအပကိုလည်း ရှင်းပြ ချင်တယ်၊ သူတို့က ဟိုမှာကတည်းကိုက မြန်မာနိုင်ငံကို အရမ်း စိတ်ဝင်စားတယ်။ အဲဒါကြောင့် သူတို့ကို လှမ်းခေါ်လိုက်တာပါ။ ပြီးတော့ ဒီက ဆီးဂိမ်း နဲ့လည်း တိုက်ဆိုင်နေတဲ့ အတွက်ကြောင့်လည်း ပါပါတယ်” လို့ နန်းခင်ဇေယျာက ဧရာဝတီကို ပြောပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ ကျင်းပတော့မယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအကြိုလှုံ့ဆော်ပွဲအဖြစ် အောက်တိုဘာ ၂၁ ရက်နေ့ ဒီနေ့မှာ ရန်ကုန် Junction Square ရဲ့ အရှေ့ မျက်နှာစာနေရာမှာ ကျင်းပမှာဖြစ်ပြီး ဒီပွဲမှာ Miss International 2012 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Italy၊ France၊ Singapore၊ New Zealand၊ Mongolia၊ Estonia တို့က အလှမယ်တွေအပြင် အင်တာနက်မယ် နန်းခင်ဇေယျာကပါ ပါဝင် ကျင်းပမှာပါ။
“ဒီပွဲမှာ ကျမတို့နိုင်ငံရဲ့ ယဉ်ကျေးမှုအရ မြန်မာထိုင်မသိမ်း ဝတ်ခိုင်းမယ်။ နောက်ပြီး သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုအရ သူတို့နိုင်ငံရဲ့ အမျိုးသားဝတ်စုံ တွေပါ ယူလာမယ်။ အဲဒါနဲ့လည်း လျှောက်ခိုင်းမယ်။ မြန်မာနိုင်ငံက အမျိုးသား မော်ဒယ်လ်တွေ အနေနဲ့ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုး တို့အပြင် တခြားနာမည်ကြီး မင်းသားတွေနဲ့လည်း တွဲပြီး ရှိုးလျှောက်ကြမယ်” လို့ သူက ဆိုပါတယ်။
ဒီဖျော်ဖြေပွဲကို ဆီဂိမ်း အကြိုလှုံ့ဆော်မှု ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော် စတာတွေကို စီစဉ်ဆောင်ရွက်နေတဲ့ ADMA Media က ကျင်းပတာဖြစ်ပြီး Free Show အဖြစ် ပြသမှာပါ။
ဒါ့အပြင် ထိုင်းနိုင်ငံက နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ CARABAO ကလည်း ဒီနေ့ ပွဲမှာ အခမဲ့ ပါဝင်ဖျော်ဖြေဖို့ မြန်မာပြည်ကို ရောက်ရှိနေပါပြီ။
ဒီလို ဖျော်ဖြေပွဲကြီးပြီးလို့ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ဖြန်မှာတော့ အဲဒီနိုင်ငံ ၆ နိုင်ငံက မယ်တွေနဲ့အတူ နန်းခင်ဇေယျာက ပုဂံ၊ ညောင်ဦး ဒေသတွေမှာ ပရဟိတအလုပ်တွေကို လုပ်သွားဖို့ ရှိပါတယ်။
“၂၂ ရက်နေ့မှာပဲ ညောင်ဦးမှာ ရှိတဲ့ စာကြည့်တိုက်မှာ စာအုပ်တွေလှူမယ်၊ ကျောင်းတွေလည်း ရှိတယ်၊ အဲဒီ ကျောင်းတွေ ကိုလည်း ကျောင်းစာအုပ်တွေ လှူမယ်။ ပြီးရင် တချို့ ပရိသတ်တွေက ကျမကို ငွေကြေးလှူတာတွေ ရှိတယ်။ အဲဒီတော့ ကျမ ဘာစဉ်းစားလဲ ဆိုတော့ ပုဂံဘက်မှာ မြွေဆိပ် ဖြေဆေး အခက်အခဲ ရှိတယ်ဆိုတော့ ပရိသတ်တွေ လှူတဲ့ ငွေကြေးနဲ့ မြွေဆိပ်ဖြေဆေးလည်း လှူခဲ့မှာပါ။ နိုင်ငံတကာ မယ်တွေနဲ့ ကျမ အတူတူ အလှူလေး လုပ်ချင်တယ်။ ရွာဘက်၊ နယ်ဘက် တွေက ကလေးတွေကို နိုင်ငံတကာက အလှမယ်တွေ သူတို့ဆီကို လာတယ်၊ နောက် မယ်တွေဟာလည်း စကားပြောရင် အင်္ဂလိပ်လိုပဲ ပြောတယ်ဆိုတော့ သူတို့လေးတွေကိုလည်း အင်္ဂလိပ်စကား တတ်စေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။ အင်္ဂလိပ် စကားဟာ မြန်မာနိုင်ငံမှာ ဒုတိယ ဘာသာစကားအဖြစ် သုံးတယ်ပေါ့နော်” လို့ နန်းခင်ဇေယျာက သူရဲ့ လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။
နိုင်ငံတကာ အလှမယ်တွေ အနေနဲ့ မြန်မာပြည်ရဲ့ အထင်ကရနေရာတွေကို လာရောက် လည်ပတ်ခြင်းဖြင့်လည်း မြန်မာပြည် အနေနဲ့ နိုင်ငံတကာက နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေကို ပိုမို ဆွဲဆောင်စေနိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက် လည်း အဓိက ပါဝင်ပါတယ်လို့ သူက ဆိုပါတယ်။
Miss International 2013 ကို သွားရောက်ယှဉ်ပြိုင်ရမယ့် Miss Myanmar 2013 ဂုဏ်ရည်အေးကျော်ကတော့ “ဆီးဂိမ်း အကြို လှုံ့ဆော်ပွဲအတွက် နန်းခင်က ကျမကို ရှိုးလျှောက်ပေးဖို့ ဖိတ်ထားပါသေးတယ်။ ပွဲအတွက်ကိုလည်း နန်းခင်ကို ကျမ ချီးကျူး နေပါသေးတယ်။ ပွဲအတွက်ကို Organize လုပ်နိုင်တယ်ပေါ့နော်။ Miss တွေကို စည်းရုံးနိုင်တယ်၊ နောက်ပြီး အကုန်လုံးက လာရောက် ကူညီပေးကြတာလေ။ လာရောက်ကြမယ့် သူတွေကလည်း သာမန်လူတွေ မဟုတ်ဘူး။ နိုင်ငံ ကိုယ့်စားပြု အလှမယ်တွေပါ။ အခုလို မြန်မာနိုင်ငံ အတွက် ပရဟိတတွေကိုပါ နိုင်ငံခြားက Miss တွေက လာပြီး လုပ်နိုင်မယ် ဆိုတာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး အစီအစဉ်ပါ။ ဒီလိုလာပြီး အကူအညီ ပေးခံရမယ့် မြန်မာ ဒေသခံတွေ အနေနဲ့လည်း အရမ်း ဝမ်းမြောက်မှာပါ။ သာမန်လုပ်ပေးနိုင်မယ့် အတိုင်းအတာ တခုထက် ပိုပြီး ထိထိရောက်ရောက် လုပ်ပေးနိုင်မယ်လို့ ကျမထင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိ မစပ်စုတို့ မြန်မာပြည်ရဲ့ အစစအရာရာ မျက်စိဒေါက်ထောက် အကြည့် အခံနေရဆုံး တွေထဲမှာ နိုင်ငံတကာ မယ်ပြိုင်ပွဲ တွေကို သွားပြိုင်မယ့် Miss တွေပဲ ဖြစ်လို့နေပါတယ်။ နေတတ်ရင် နေတတ်၊ မနေတတ်ရင် အနေခက်မယ်ဆိုတဲ့ အလှမယ် တွေထဲက နိုင်ငံတကာ မယ်ပြိုင်ပွဲကို ပထမဆုံး သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာကတော့ နိုင်ငံတကာ မယ်ပြိုင်ပွဲက ရရှိလာတဲ့ အတွေ့အကြုံ၊ အခွင့်အရေး တွေကို လက်တွေ့ အသုံးချလိုက်နိုင်ပြီလို့ ဆိုရမှာပါ။
နောက်ထပ် ထွက်ပေါ်လာမယ့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေအနေနဲ့ ဘယ်လို အခွင့်အလမ်း၊ အခွင့်အရေးတွေကို နိုင်ငံတကာ ပွဲတွေက တဆင့် မြန်မာပြည်အတွက် ဘယ်လို အကောင်းဆုံးတွေ သယ်ဆောင်ခဲ့မလဲ ဆိုတာကို မစပ်စုနဲ့အတူ ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ်လို့ ထင်ပါတယ်။