SFU

အဝါရောင် ပန်းချီ စည်းချက်များကို ခံစားခြင်း

This article has been converted from Zawgyi One to Unicode


အနုပညာဆိုတာ မျှဝေခြင်းလို့ ဆိုကြပါတယ်။ ပြီးတော့ စိတ်ခံစားမှုကို ကျွမ်းကျင်မှုနဲ့ ထင်ဟပ် ပုံဖော် တင်ပြခြင်း ဖြစ်ပါတယ်။ အဲဒီမှာ အနုပညာသမား တယောက်အနေနဲ့ မိမိပုံဖော် ဖန်တီးတင်ပြမှုအတွက် ဘာကြောင့် ဘယ်လို တင်ပြရတယ် ဆိုတဲ့ Artist’s Statement တွေ ဖော်ပြလာကြပါတယ်။ Statement ဆိုတာဟာ ဖန်တီးသူ အနုပညာရှင်နဲ့ ကြည့်ရှုခံစား သူတွေ အကြား ပေါင်းကူးလမ်းသွယ်ပေးတဲ့ တံတားလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာရှင်တွေဟာ ကိုယ့်ရဲ့ အနုပညာ ဖန်တီးမှု ရှင်းလင်းတင်ပြတဲ့ Statement တွေ ရေးသား တင်ပြလာကြတာပါ။ တနည်းပြောရရင် ခံစား ပုံဖော် တင်ဆက်မှုကို မျှဝေပေးတာလို့ ဆိုရမှာပါပဲ။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၂ ကနေ ၂၉ ရက်နေ့အထိ ဒဂုံမြိုနယ် ယောမင်းကြီးလမ်းက Gallery 65 မှာ My Yellow Rhythm ပန်းချီပြပွဲ ခင်းကျင်း ပြသနေပါတယ်။ အဲဒီပြပွဲ ဖိတ်စာမှာ ပန်းချီဆရာမ အုံအုံက သူ့ရဲ့ ပန်းချီကားတွေနဲ့ ပတ်သက်ပြီး ဘယ်လို အတွေး စိတ်ကူးနဲ့ ဘယ်လို ဖန်တီးပုံဖော်တယ် ဆိုတာကို တင်ပြထားတာ တွေ့ရပါတယ်။

သူ့ရဲ့ ပန်းချီလက်ရာတွေကို လေ့လာကြည့်ရင် Theme အရ မြန်မာ့ဓလေ့စရိုက်၊ မြန်မာ့လက္ခဏာကို Realism အခြေပြု ပုံဖော် ရေးဆွဲခြင်း ဖြစ်သလို၊ နိမိတ်ပုံတွေလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပန်းချီကား အများစုဟာ အဝါရောင် လွှမ်းမိုးနေပါ တယ်။ ဘာကြောင့် အခုလို အဝါရောင်လွှမ်းတဲ့ ပန်းချီကားတွေကို သူ ဖန်တီး ဖြစ်ပါလိမ့်။

“ကျမက လူဝါမျိုး မြန်မာပါ။ ကျမတို့ နိုင်ငံရဲ့ လူမျိုး၊ ဘာသာသာသနာရဲ့ အရောင်ဟာလည်း ရွှေဝါရောင်လို ဝင်းဝါ တောက်ပ နေပါတယ်။ ထို့အတူ မြန်မာ့မြေဟာလည်း ဝါဝါ၀င်းဝင်းနဲ့ အစိမ်းရောင် သစ်တောတွေ၊ ဝါပြီး ညှို့မှိုင်းနေတဲ့ တောင်ကြီး တွေဟာ အပြာရောင် သန့်ရှင်းတဲ့ ကောင်းကင်အောက်မှာ လှပတင့်တယ်လို့ နေပါတယ်” လို့ အုံအုံက နိဒါန်းချီထားပါတယ်။

ဒါဟာ သူ့ရဲ့ ဖြစ်တည်မှုနဲ့ မြန်မာ့ဝန်းကျင်ကို တင်ပြတာပါ။

သူက ဆက်လက်ပြီး “ရိုးသားလှပပြီး ရောင့်ရဲ တင်းတိမ်နိုင်တဲ့ မြန်မာတွေရဲ့ သမိုင်းဟာလည်း အဝါရောင် အသွင်သဏ္ဍာန် တွေနဲ့ ကျန်ရစ်တည်မြဲလျက် လှပမှုတွေနဲ့ ဆွဲဆောင်လျက် ရှိပါတယ်” လို့ မြန်မာလူမျိုးနဲ့ မြန်မာ့စရိုက် လက္ခဏာ နောက်ခံကို တင်ပြပါတယ်။

အဲဒီမှာ အနုပညာရှင် တဦးအနေနဲ့ ဘယ်လို ခံစားပုံဖော်တယ် ဆိုတာကိုတော့ သူက နိုင်ငံရဲ့ သမိုင်းတင် ကျန်ရစ်ခဲ့တဲ့ အနုအလှကို သူရှိနေတဲ့ အချိန်ရဲ့ အလှအနုနဲ့ ပေါင်းစပ်တင်ပြရင်း၊ ပစ္စုပ္ပန်ရဲ့ မတင့်တယ်တဲ့ အလှနဲ့ တင့်တယ်တဲ့ အလှကို ဒီနေ့အချိန်ရဲ့ သမိုင်း အဖြစ်ကျန်ရစ် လှပစေတာလို့ ဆိုပါတယ်။

“အခု ရေးဆွဲထားတာတွေဟာ ကျမရဲ့ စိတ်ခံစားရတဲ့ အရာတွေ၊ အိမ်မက်ထဲက အရာတွေပါ။ စိတ်ကူးတခု ပေါ်လာရင် အဲဒီ စိတ်ကူးကို ကိုယ်တိုင်ပြန်လည် ခံစားနားလည်နိုင်အောင် ရေးဆွဲတင်ပြဖို့ Form, Shape and Colour တွေကို လေ့လာပြီး သင့်တော်ရာကို ပေါင်းစပ် ပုံပေါ်စေပါတယ်။ ဒါကြောင့် Artwork တခု ဖန်တီးဖို့ ကိုယ်တိုင်ရဲ့ စိတ်ခံစားမှုကို အရင်ဆုံး ကြည့်ပါတယ်။ စိတ်ကူးကို ကြည့်ပါတယ်။ ပြီးမှ အဲဒီ စိတ်ကူးကို ဖော်ပြရေးဆွဲဖို့ စီစဉ်ပါတယ်” လို့ သူ့ရဲ့ အနုပညာပစ္စည်း ဖန်တီးပုံဖော်မှုနဲ့ ပတ်သက်လို့ ဧရာဝတီကို ပြောပါတယ်။

သူ့ရဲ့ ပန်းချီကား အများစုမှာ ရိုးရာဟန်လည်းတွေ့ရတယ်၊ Realism အခြေပြုထားတာလည်း တွေ့ရတယ်၊ ပြီးတော့ Post Modern ဆန်တဲ့ တင်ပြမှု ဖြစ်တဲ့ နိမိတ်ပုံတွေလည်း တွေ့ရတယ်။ ဒါ့အပြင် ပုံပြင်ဇာတ်ကြောင်းပြော ဆန်တဲ့ တင်ပြမှု တွေလည်း တွေ့ရပါတယ်။

“အခုလိုမျိုး ရေးဆွဲဖန်တီးဖို့ ကျမရဲ့ ပင်ကိုယ်မေတ္တာ၊ ဂရုဏာစိတ်၊ မခံချင် စိတ်နဲ့ အများကို စိတ်ချမ်းသာလိုစေတဲ့ စိတ်တွေ စေ့ဆော်ပေးတာ ဖြစ်ပါတယ်။ ကျမတို့နဲ့ လက်ပွန်းတတီး နေသား ကျနေခဲ့တဲ့ အတွေ့အကြုံတွေ၊ တွေးခေါ်ပုံတွေကနေ ထပ်ဆင့်ဘယ်လို ပေါင်းဆင့် ဖန်တီးတာပါ။ ဘာက စေ့ဆော်ပေးတာလဲ လို့တော့ တိတိကျကျ ပြောဖို့ ခက်ပါတယ်။ စေ့ဆော်တာတွေ အများကြီး ပေါင်းဆုံလာတာလည်း ဖြစ်နိုင်ပါတယ်” လို့ အုံအုံက သူ့ပန်းချီကားတွေ ရေးဆွဲဖို့ ဘယ်လို စေ့ဆော်မှုတွေ ရခဲ့လဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားပါတယ်။

သူ့ပန်းချီကားတွေထဲမှာ မစန္ဒာခိုင်ရဲ့ အငွေ့အသက် ဖြစ်တဲ့ ဘီလူးပုံတချို့ကိုလည်း တွေ့ရသလို၊ ဆာရီယယ်ဆန်တဲ့ တွဲစပ်တင်ပြမှု မျိုးလည်း တွေ့ရပြန်ပါတယ်။ အထူးသဖြင့် မြွေတွေ ထည့်သွင်း ရေးဆွဲခြင်းမျိုးတွေ ဖြစ်ပါတယ်။ အဲဒီအပေါ် ကြည့်ရှုခံစားသူ အတွက် သူ ဘာပြောမယ်ဆိုတဲ့  Statement ကို ဧရာဝတီက ကြားခံ မေးမြန်းခဲ့ပါတယ်။

“မြန်မာရဲ့ အငွေ့အသက် ဖြစ်တဲ့ဘီလူး၊ ဘီလူးရဲ့ အငွေ့အသက် ဖြစ်တဲ့ဆရာမ မစန္ဒာခိုင်၊ မစန္ဒာခိုင်ရဲ့ အငွေ့အသက် ဖြစ်တဲ့ လွတ်လပ်တဲ့ တွေးခေါ်နိုင်မှု၊ ထိုအတွေးအခေါ်က ရတဲ့ကျမ။ မြွေတွေက ကျမစိတ်ကိုလှုပ်ရှားပြောင်းလဲ စေတဲ့ သတ္တဝါတွေ ဖြစ်လို့ပါ။ သူတို့က ကျမရဲ့ချစ်စိတ်၊ ကြောက်စိတ် နှစ်မျိုးစလုံးရှိနေတဲ့ သတ္တဝါတွေပါ။ အဲဒါတွေကို အနုပညာလက်ရာ ပန်းချီကား အဖြစ် ပေါင်းစပ် ဖွဲ့စည်းလိုက်တာ ပါပဲ” လို့ အုံအုံက ဆိုပါတယ်။

ပန်းချီဆရာမ အုံအုံအနေနဲ့ ပန်းချီဆရာ အားလုံးရဲ့ အတွေး အရေးတွေကို အားကျဂုဏ်ပြုတယ်လို့ ပြောလာပါတယ်။

“မှတ်မှတ် ထင်ထင်ဆိုရင်တော့ Leonardo Da Vinci နဲ့ Vango ပါ။ ဆရာမ S D K (စန္ဒာခိုင်)၊ ဆရာ ကြီးမြင့်စော၊ ဆရာ WPM (ဦးဝင်းဖေမြင့်)၊ ဆရာ PNW (ဦးဖေညွန့်ဝေ) အားလုံးက သင်ဆရာ မြင်ဆရာ ကြားဆရာတွေပါ” လို့ အုံအုံက ဆက်ပြောပါတယ်။

ပန်းချီဆရာမ အုံအုံကို ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပဲခူးတိုင်း ထုံးဘိုမြို့မှာ မွေးပါတယ်။ ပညာရေး အနေနဲ့ ၁၉၉၉ မှာ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ Diploma in Technology (Building) အောင်မြင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်က B.Com (Q) ဘွဲ့ ရရှိခဲ့ပါတယ်။ ပန်းချီပညာတွေကိုတော့ ပန်းချီဆရာမ စန္ဒာခိုင် (SDK) ထံမှာ သင်ယူခဲ့တယ်လို့ သိရပါတယ်။ ဆီဆေး ပန်းချီကား ၁၅ ခင်းကျင်း ပြသထားတဲ့ My Yellow Rhythm ပန်းချီပြပွဲဟာ သူမရဲ့ ပထမဆုံး တကိုယ်တော် ပြပွဲဖြစ်ပါတယ်။

အုံအုံဟာ အဆောက်အဦး နည်းပညာ ပိုင်းဆိုင်ရာနဲ့ ဒီပလိုမာဘွဲ့ ရထားသူ ဖြစ်ပါတယ်။ အဲဒီ နည်းပညာဆိုင်ရာ တွေက သူ့ရဲ့ ပန်းချီ အနုပညာဖန်တီးမှု အပေါ် အထောက်အကူ ဖြစ်စေပါသလား၊ ဒါမှမဟုတ် အခုအခံ ဖြစ်စေသလားဆိုလည်း မေးစရာ ရှိပါတယ်။

“ကျမ အနုပညာ ဖန်တီးမှုအပေါ် အဆောက်အဦ နည်းပညာပိုင်းတွေက တိုက်ရိုက် မဟုတ်တောင် ပါဝင်ပတ်သက်မူတွေ ရှိနေတယ်လို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။

အုံအုံဟာ သူ့ရဲ့ ခံစားချက်၊ အိမ်မက်၊ စိတ်ကူးတွေကို ဆွဲဟန်အမျိုးမျိုး၊ မတူညီတဲ့ တင်ပြမူတွေနဲ့ ပန်းချီ ဆက်လက် ရေးဆွဲ သွားနေဦးမယ်လို့ သိရပါတယ်။

Loading