အောက်တိုဘာ ၂၇ ရက်နေ့က စတင်ပြီး အွန်လိုင်းကနေ ရောင်းချတဲ့ မြန်မာရော့ကာကြီး လေးဖြူရဲ့ ဒိုင်ယာရီ သီချင်းကို နိုင်ငံခြားက ပရိသတ်တွေ အဝယ်များနေတယ်လို့ သိရပါတယ်။
တေးထုတ်လုပ် ဖြန့်ချိရေးတွေက ဝယ်ယူတဲ့ သူလက်ထဲကို အခွေတွေ တိုက်ရိုက် မပို့နိုင်ဘဲ ခိုးကူးဒဏ်ကို ခံခဲ့ရ တာကြောင့် အွန်လိုင်းကနေတဆင့် ကိုယ်ပိုင်သံစဉ် သီချင်းတွေကို စတင် ရောင်းချဖြစ်တာလို့ Myanmar Music Store တည်ထောင်သူ LEGACY Music Network က ဒေါက်တာ ကိုကိုလွင်က ဧရာဝတီကို ပြောပါတယ်။
Myanmar Music Store ဟာ မြန်မာပြည်က ရော့ကာကြီး လေးဖြူရဲ့ ဒိုင်ယာရီ သီချင်း တပုဒ်ကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင် ရောင်းချနေသလို တခြား ဆက်သွယ်လာတဲ့ အဆိုတော်တွေရဲ့ အယ်လ်ဘမ်တွေ ကိုလည်း အွန်လိုင်းမှာ တင်ရောင်းနေတယ်လို့ သိရပါတယ်။
အွန်လိုင်းကနေ တေးသီချင်းတွေ ရောင်းချတာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မယ်ဆိုရင် ခိုးကူးသူတွေ ရန်က ကာကွယ်ရာမှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့ တွေးမိပြီး အခုလို စတင် လုပ်ကိုင်ဖြစ်ခဲ့တာလို့ ဒေါက်တာ ကိုကိုလွင်က ဆိုပါတယ်။
“အွန်လိုင်းကနေ တိုက်ရိုက် ရောင်းချရတော့ နိုင်ငံခြား ပရိသတ်တွေ အတွက် ပိုအဆင်ပြေသလို၊ အနုပညာရှင်တွေ အတွက်လည်း ဝင်ငွေပိုရလာမယ်၊ ခိုးကူးခွေတွေ မလုပ်လာအောင် တဘက်တလမ်းက ကူညီပေးရာလည်း ရောက်တယ်” လို့ သူက ပြောပါတယ်။
နိုင်ငံတကာမှာတော့ အွန်လိုင်းကနေ သီချင်းတွေ ရောင်းချနေတာဟာ အဆန်းမဟုတ်ပေမယ့် မြန်မာပြည်မှာကတော့ တွင်တွင်ကျယ်ကျယ် အလုပ်မဖြစ်သေးဘူးလို့ သိရပါတယ်။
“မြန်မာပြည်မှာ သိပ်မတွင်ကျယ်သေးဘူး။ သီချင်းရောင်းဖို့ ဈေးကွက်က ရှားပါးနေတော့ ဖြန့်ချိရေးတွေ ကလည်း အကုန်လုံး စုံအောင် မဖြန့်နိုင်ဘူး။ နိုင်ငံခြားကိုလည်း ရောက်အောင် မပို့နိုင်တော့ ဒါကို အကောင်အထည် ဖော်ပြီး လုပ်ဖြစ်ခဲ့တာပေါ့။လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက အကောင်အထည် ဖော်ခဲ့တာပါ။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ Banking System ကလည်း သိပ် မကောင်းသေးဘူး၊ အင်တာနက် လိုင်းကလည်း မကောင်းတော့ နိုင်ငံခြားကိုပဲ လုပ်မယ်လို့ မှန်းထားခဲ့တာ။ အခုတော့ မြန်မာပြည်မှာရော၊ ပြည်ပကိုရော တပြိုင်နက်တည်း ဖြန့်ချိဖြစ်သွားပါတယ်” လို့ ဒေါက်တာ ကိုကိုလွင်က ဆိုပါတယ်။
အရင်ကတော့ နိုင်ငံခြားက ပရိသတ်တွေဟာ Free Share ကို အားထားခဲ့ရပါတယ်။ iTune Store မှာ ကိုယ်ပိုင် သံစဉ် သီချင်းတွေ ရရှိနိုင်ပေမယ့် မြန်မာဖောင့် မရှိတဲ့ ပြဿနာ၊ ဈေးနှုန်းမြင့်တဲ့ ပြဿနာ စတာတွေကြောင့် အရောင်းအဝယ် လုပ်ရာမှာ အခက်အခဲ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
“မြန်မာပြည်က ပရိသတ်တွေကိုတော့ ဖုန်းဘေလ်နဲ့ ရောင်းပါတယ်။ နိုင်ငံခြားက ပရိသတ်တွေ ကတော့ ဘဏ်စနစ်နဲ့ ရောင်းချတယ်။ ကျနော့် Account ကို ငွေလွှဲပေးရ မှာပေါ့နော်။ အဲဒီအထဲမှာ ပါတဲ့ တေးရေး၊ တေးဆို၊ အတီး သမားတွေ အတွက် ပိုင်ဆိုင်မှုတွေကို အစည်းအရုံးမှာ သေသေချာချာ တိုင်ပင်နေရတော့ ရာခိုင်နှုန်း ပြတ်တာနဲ့ တခြားသီချင်းတွေ စရောင်းမှာပါ။ ဘယ်သူမဆို ကျနော့ ဝက်ဘ်ဆိုက်မှာ လာတင်ရင် ထုတ်လုပ်သူဘက်က အကျိုးခံစားခွင့် ၇၀ ရာခိုင်နှုန်း ဖြစ်ပြီး ဝက်ဘ်ဆိုက် ဘက်က ၃၀ ရာခိုင်နှုန်းရပါမယ်။ ထုတ်လုပ်သူက တေးရေး၊ တေးဆို၊ တီးဝိုင်း အားလုံးကို တာဝန်ယူ ပေးရမယ်။သီချင်းတပုဒ် ဖြစ်စေ၊ အယ်လ်ဘမ် တစ်ခု ဖြစ်စေ ရောင်းချတဲ့ အရေအတွက်အလိုက် ရမှာပါ” လ့ို ဒေါက်တာ ကိုကိုလွင်က အွန်လိုင်းက သီချင်း ရောင်းချပုံကို ရှင်းပြပါတယ်။
အွန်လိုင်းမှာ သီချင်းတပုဒ်ချင်းစီသာ မကဘဲ အယ်လ်ဘမ် တခုလုံးလည်း ဝယ်လို့ရနိုင်ပါတယ်။ ဘယ်အဆိုတော်ပဲ ဖြစ်ဖြစ် Myanmar Music Store မှာ တင်ပြီး ရောင်းချမယ်ဆိုရင် ဝယ်ယူသူတွေအနေနဲ့ အယ်လ်ဘမ် တချပ်ကို ပြည်တွင်းမှာ ၁၈၀၀ ကျပ်နဲ့ ပြည်ပမှာ ၃၀၀၀ ကျပ်နဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။
ဝယ်ယူတဲ့အခါမှာလည်း ပြန်လည်ပြီး Share မပြုလုပ်နိုင်ဖို့ ထိန်းချုပ်ထားတာနဲ့ ပတ်သက်ပြီး ဒေါက်တာ ဦးကိုကိုလွင်က “ဝယ်ယူထားသူတွေက နီးစပ်ရာ အသိုင်းအဝိုင်းကို Share ပေးတာကတော့ ဈေးကွက် မထိခိုက်နိုင်ပါဘူး။ လာတင်တဲ့ သီချင်းတွေ ကလည်း အပြင်မှာ အခွေ ထွက်မှာဆိုတော့ စိုးရိမ်စရာမရှိဘူး။ နိုင်ငံခြားမှာ ဆိုရင်တော့ Digital Right Management စနစ်နဲ့ ထိန်းချုပ်ကြတယ်။ ကျနော် ထိန်းချုပ်ထားတာကတော့ Link တွေကိုပါ” လို့ ပြောပြခဲ့ပါတယ်။
တေးထုတ်လုပ်သူတွေ အတွက် ဝင်ငွေ နှစ်မျိုး ရရှိလာနိုင်ပြီး ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ခွဲခြားထားခြင်း မရှိတဲ့အတွက် ဖြစ်လာမယ့် ပြဿနာကို ထုတ်လုပ်သူ ဘက်က တာဝန်ယူရမှာ ဖြစ်ပါတယ်။ နောင်တချိန်မှာ အွန်လိုင်း ဥပဒေ ထွက်ပေါ် လာရင်လည်း ချမှတ်ထားတဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံး သွားမယ်လို့ ဒေါက်တာ ကိုကိုလွင်က ဆိုပါတယ်။