ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပနေတဲ့ Miss Grand International 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ အသက် ၂၄ နှစ် အရွယ်ရှိတဲ့ ထားထက်ထက် ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။ ကမ္ဘာ မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းကြဖို့ ရည်ရွယ်တဲ့ ဒီ Miss ပြိုင်ပွဲကြီးဟာ ပထမဆုံးအကြိမ် အဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ WYTU ကနေ IT ဘွဲ့နဲ့ ၂၀၁၁ ခုနှစ်က ကျောင်းပြီး လာခဲ့တဲ့ Miss Myanmar ထားထက်ထက်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပသွားခဲ့တဲ့ ဒီပြိုင်ပွဲကြီးရဲ့ အမျိုးသားဝတ်စုံ ပြိုင်ပွဲစဉ်မှာ အင်းဝခေတ် ဝတ်စုံနဲ့ ထိပ်ဆုံး ၁၀ ဦး စာရင်းထဲ ပါဝင်သွားခဲ့ပါပြီ။ လာမယ့် နိုဝင်ဘာ ၁၉ ရက် Final ပွဲစဉ်မှာတော့ ဒီ ၁၀ ယောက် စာရင်းထဲကနေ အကောင်းဆုံး ၁ ဦးကို ပြန်လည် ရွေးချယ်မှာပါ။ Miss Grand International 2013 ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၈ နိုင်ငံမှ အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်နေတာပါ။
ထားထက်ထက် ဝတ်ဆင်ခဲ့တဲ့ အင်းဝခေတ်ဝတ်စုံကို ဒီဇိုင်နာ မပုံ့ (My Favourite) နဲ့ မန္တလေးက ကိုမျိုးမင်းစိုးတို့က ဖန်တီးေ ပးထားပြီး ညနေခင်း ဝတ်စုံကိုတော့ ကိုသျှီလာက ဖန်တီးပေးထားတဲ့ အပြင် ဒီဇိုင်နာ ကိုဖြိုးပြည့်နဲ့ မမေဇင် တို့လည်း ပါဝင် အားဖြည့်ဖန်တီး ပေးထားကြတယ်လို့ သိရပါတယ်။ Miss Grand International Title ဆုအပြင် Online မဲစနစ်နဲ့ ရွေးချယ်ပေးမယ့် ပေါ်ပြူလာ အဖြစ်ဆုံးဆု၊ အကောင်းဆုံး အမျိုးသားဝတ်စုံဆု၊ အကောင်းဆုံး ညနေခင်း ဝတ်စုံဆု၊ အကောင်းဆုံး ရေကူးဝတ်စုံဆု ဆိုပြီး သတ်မှတ်ထားပြီး အဲ့ဒီ ခေါင်းစဉ် တခုဆီကို အမေရိကန်ဒေါ်လာ ၃ ထောင် ချီးမြှင့်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင် Miss Myanmar ထားထက်ထက် ချင်းမိုင်မြို့ကို ရောက်ရှိနေချိန်မှာ ဧရာဝတီ သတင်းထောက် မစပ်စုက တွေ့ဆုံ မေးမြန်းဖြစ်တာလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
မေး။ ။ ဒီ Miss Grand International ပြိုင်ပွဲက ပထမဆုံးလုပ်တဲ့ ပွဲလို့သိရတယ်။ ဒီလို ပထမဆုံး လုပ်တဲ့ပွဲမှာ မြန်မာ နိုင်ငံကလည်း ပထမဆုံး ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ရတဲ့အပေါ် ဘယ်လို ခံစားချက်မျိုး ရှိလဲ။
ဖြေ။ ။ ဒီပြိုင်ပွဲက နိုင်ငံတကာမှာ ပထမဆုံး ပွဲလည်းဖြစ်တယ်၊ မြန်မာနိုင်ငံ အတွက်လည်း ပထမဆုံးဖြစ်တယ်။ အဲဒီအတွက် အရမ်း ဂုဏ်ယူမိတယ်။ နောက် ထိုင်းမှာလည်း လုပ်တယ်၊ ထိုင်းမှာလည်း မြန်မာ ပရိသတ်တွေ အများကြီးရှိတယ် ဆိုတော့ ထားထက်ထက်ကို အားပေးမယ့်သူတွေ အများကြီးရှိတယ်။ အဓိကက သူတို့ပွဲရဲ့ ရည်ရွယ်ချက်ကလည်း Stop the war ဆိုတော့ သူတို့ မြန်မာနိုင်ငံရဲ့ အဓိက Favourite ဖြစ်တာက ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ Global Brand ဖြစ်တယ်ပေါ့။ အဲဒါကို သူတို့ ဝက်ဘ်ဆိုက် မှာကို ဗီဒီယိုနဲ့တင်ပြီး ပြထားတယ်။ တကယ် အောင်မြင်ကျော်ကြား ထင်ရှားတဲ့ အမျိုးသမီးတွေ ဆိုပြီး ဒီပွဲရဲ့ အဓိက အရာတွေကို ပြထားပါတယ်။ အဲဒီတော့ ကိုယ်က ပိုပြီး ဂုဏ်ယူပါတယ်။ ကိုယ့်မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် အဖြစ်နဲ့ လူတိုင်းသိတယ်၊ နိုင်ငံတိုင်း သိတယ်။ အဲဒီအတွက် သူတို့တွေက ကိုယ့်နိုင်ငံကို ပိုပြီး သိလာပါတယ်။ အဲဒီ အတွက်ကို အရမ်းဂုဏ်ယူပြီး ဝမ်းသာမိပါတယ်။
မေး။ ။ ဒီပြိုင်ပွဲကြီးရဲ့ အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အင်းဝခေတ် ပုံစံကို ဝတ်ဆင်ပြီး ပြိုင်သွား တာတွေ့ရတယ်။ ဘာကြောင့် အဲဒီခေတ်ပုံစံကို ရွေးဖြစ်တာလဲ။
ဖြေ။ ။ ဘာကြောင့်လဲ ဆိုတော့ ထိုင်းနိုင်ငံမှာ လုပ်တာဖြစ်တဲ့အတွက် ထိုင်းနဲ့ မြန်မာ ယဉ်ကျေးမှုက နည်းနည်း ဆင်တယ်လေ။ အဲဒါကြောင့် ကွဲထွက်တာမျိုးကို လိုချင်တယ်။ ဆိုတော့ အရင်ခေတ်တုန်းက ဟာတွေကို လိုက်ရှာ ကြည့်တယ်။ အမျိုးသား ပြတိုက်မှာ သွားကြည့်ပြီ ကွဲထွက်တာမျိုးကို ကြည့်တော့ ကျမ မျက်နှာနဲ့ လိုက်မယ့် အရာမျိုးကို ဒီဇိုင်နာက ချုပ်ပေးတာပါ။
မေး။ ။ ဒီ အင်းဝခေတ်ပုံစံနဲ့ပဲ အမျိုးသားဝတ်စုံ ပွဲစဉ်ရဲ့ ထိပ်ဆုံး ၁၀ ဦးထဲမှာ ရွေးချယ်ခြင်း ခံရတယ်။ ဒါဟာ ထားထက်ထက်ရဲ့ အမျိုးသားဝတ်စုံမှာ ဘာက ထူးခြားမှုရှိလို့၊ သူတို့တတွေ ဘာကို သတိထားမိသွားလို့ ရွေးချယ်ခြင်း ခံရတယ်လို့ ယူဆမိလဲ။ ဒီလို ရွေးချယ်ခြင်း ခံရမယ်လို့ကော မျှော်လင့်မိလား။
ဖြေ။ ။ ကျမ ထင်တာကတော့ ဒီအဝတ်အစားကို လုပ်ဖို့ အချိန် စရကတည်းက အကောင်းဆုံး အမျိုးသားဝတ်စုံ ဆုလည်း ပါတယ်ဆိုတော့ အဲဒါကို လိုချင်တယ်။ အမျိုးသား ပြတိုက်ကို သွားပြီးတော့ လေ့လာဖြစ်တယ်။ ဘယ်ဝတ်စုံ ဝတ်ရင် ကောင်းမယ်၊ ကျမနဲ့ ဘယ်ပုံစံနဲ့ ကောင်းမလဲ ဆိုတာကို လေ့လာတယ်။ ဒီဇိုင်နာ မပုံ့ (My Favourite) က ကျမနဲ့ လိုက်မယ့်ပုံစံကို ချုပ်ပေးတယ်။ အခု ဒီဒီဇိုင်းကြောင့်လည်း ပါတယ်။ Performance လည်း အရေး ကြီးပါတယ်။ မြန်မာနိုင်ငံ မှာလို ရိုးရိုးပဲ ပြမယ်ဆိုရင် သိပ်ပြီးတော့ အဆင်မပြေ လောက်ဘူး ထင်ပါတယ်။ မြန်မာဝတ်စုံကို ခပ်သွက်သွက် Performance နဲ့ ပြနိုင်တာ ကြောင့်လည်း ပါမယ်လို့ ထင်ပါတယ်။ ဒီဇိုင်းကလည်း တခြားနဲ့ မတူဘဲ ကွဲထွက်နေတယ်လို့ ထင်မိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အခုလို ၁၀ ဦးထဲ ဝင်မယ်လို့လည်း မထင်ထားဘူး။ အင်းဝခေတ် ပုံစံဆိုတော့ ဒီဇိုင်းဆန်းထားပေမယ့် နည်းနည်း ရိုးတဲ့ဘက်လည်း ပါတယ်ဆိုတော့ အရမ်းတော့ မှန်းမထားပါဘူး။ ဒါပေမယ့် မြန်မာလို့ ခေါ်လိုက်တဲ့ အချိန်မှာ အရမ်း ဝမ်းသာမိပါတယ်။
မေး။ ။ လတ်တလောမှာလည်း Miss ပြိုင်ပွဲတွေက ဆက်တိုက်ဆိုသလို ဖြစ်နေလေတော့ ထားထက်ထက် အပေါ် အားပေးမှု အနေအထားရော ဘယ်လိုရှိလဲ။ အားရ ကျေနပ်မှု ရှိရဲ့လား။
ဖြေ။ ။ အားရကျေနပ်မှု ရှိပါတယ်။ အခု ဖိလစ်ပိုင်က တက်လာတယ် ဆိုတော့လည်း အားလုံးက ဝိုင်းပြီးတော့ Vote ပေး ကြပါတယ်။ အများကြီး ကျော်သွားအောင်လို့ ဝိုင်းပြီး Vote ပေးကြပါတယ်။ Voting system စပြီဆိုကတည်းက ထားထက်ထက်ကို မမေ့ဘဲနဲ့၊ အားလုံး သတိတရနဲ့ အားပေးနေတယ်။ Miss popular title တခုတည်း အတွက် မဟုတ်ဘူး။ ရိုးရိုးဆုလေးတွေရမယ့်၊ T-pageant က ပေးတဲ့ တနေ့ကို ၁၉ ကြိမ် ပေးလို့ရတာကိုလည်း လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက စပြီး အကောင့်တွေဖွင့်ပြီး သတိတရနဲ့ Vote တွေ ပေးတယ်။ အဲဒီတော့ Vote တွေက နေ့တိုင်း တက်နေပါတယ်။အခုလည်း ဆက်ပြီးတော့ ပြိုင်ပွဲပြီးတဲ့ အထိ ဆုကို ရအောင်၊ အမြဲနံပတ် တစ် နေရာက မကျအောင် အမြဲ Vote ပေးကြ လိမ့်မယ်လို့ ထားထက်ထက်က အပြည့်အ၀ ယုံကြည်ပါတယ်။
မေး။ ။ ဒီပြိုင်ပွဲမှာ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်လည်း ပါတယ်ဆိုတော့ ဒီလို ဝတ်စားဆင်ယင်မှုနဲ့ အသားကျလေ့ မရှိတဲ့ မြန်မာ မိန်းကလေးတယောက် အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ် အလှပိုင်း ဆိုင်ရာနဲ့ မြန်မာ ပရိသတ်တွေရဲ့ မြင်လာမယ့် အမြင်တွေအပေါ် ဘယ်လောက်အထိ ပြင်ဆင်ခဲ့ရလဲ။
ဖြေ။ ။ Swim wear ဆိုတာကတော့ ပြိုင်ပွဲ စည်းကမ်းအရ ပြိုင်ရတာပါ။ ကျမအရင်က ကျွမ်းဘား ကစားပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တခြားနိုင်ငံတွေမှာ သွားပြိုင်ရရင်လည်း အတို အပြတ် ဝတ်ရတာပါ။ ဒါကို ခြွင်းချက် မပေးပါဘူး။ ဒီလို မဝတ်နိုင်ရင် အမှတ်လျော့မယ်။ အမှတ် လျှော့ခံရမယ် ဆိုတော့ ဒါကို မဖြစ်မနေ ဝတ်ရတာပါ။ Swim suit ဆိုတာ မြန်မာ အမျိုးသမီးတယောက် အနေနဲ့ အသား မကျပါဘူး။ ရှက်စိတ်ကတော့ ရှိနေပါတယ်။ ဒါကို အကုန်လုံးက နားလည် ပေးစေချင်ပါတယ်။ ဝတ်ချင်လွန်းလို့ ဝတ်ရတာလည်း မဟုတ်ပါဘူး။ မတတ်နိုင်လို့ ဝတ်ရတာပါ။ အဲဒီလို ဝတ်တဲ့ အခါမှာလည်း ရှက်တဲ့စိတ် ဖြစ်နေတာကို ဒိုင်တွေက မြင်ရင် အရမ်း သိသာပါတယ်။ ဒါတွေကို ပျောက်အောင် ကျမတို့ စိတ်ကို အရမ်း ပေါ့ပါးနေအောင် နေရပါတယ်။ ကိုယ့်ဘာသာကိုယ် အရမ်းကို ပြင်ဆင်ရပါတယ်။ ယုံကြည်ချက် အပြည့် ရှိနေပေမယ့် လည်း တခြားဝတ်စုံတွေနဲ့ မတူဘဲ အဆပေါင်းများစွာ ယုံကြည်ချက်ကို ပိုထားရပါတယ်။ တခြားနိုင်ငံသူတွေဆို ဒါကို အမြဲ Use to ဖြစ်တယ်၊ Relax ဖြစ်တယ်။ ကျမတို့ မြန်မာတွေကျတော့ ဒါကို Relax မဖြစ်ဘူး။ ဒါကို အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Relax ဖြစ်အောင် ပြိုင်ရပါတယ်။ အဲဒီအပေါ်မှာ အကုန်လုံးကလည်း ကျမကို နားလည်မှု ပေးစေချင်ပါတယ်။
မေး။ ။ ကျွမ်းဘားဆိုလို့ ကျွမ်းဘား ပညာကို ဘယ်အရွယ်ကတည်းက စကစား ဖြစ်တာလဲ။ ကျွမ်းဘားနဲ့ ပတ်သက်လို့ ဘာဆုတွေ ရခဲ့လဲ။ လက်ရှိမှာရော ဆက် ကစား ဖြစ်နေသေးလား။
ဖြေ။ ။ အသက်ခြောက်နှစ် ကတည်းက ကစားဖြစ်ပါတယ်။ နှစ်နှစ်လောက် ကစားပြီးတော့ မြန်မာနိုင်ငံ လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ နောက် တရုတ်နဲ့ ကိုရီးယားမှာ သွားပြီး Training camp ဝင်ခဲ့ရပါတယ်။ နောက်တော့ ၂၀၀၃ ခုနှစ်က ဗီယက်နမ်မှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တယ်။ နောက်တော့ ၂၀၀၅ ခုနှစ် ဖိလစ်ပိုင်မှာ ကျင်းပတဲ့ အရှေ့တောင် အာရှ ဆီးဂိမ်းမှာလည်း ထိပ်ဆုံး ၁၀ ဦး စာရင်း ဝင်ခဲ့ပါ တယ်။ ဒါပေမယ့် ယာဉ်တိုက်မှု တခု ဖြစ်ဖူးတော့ ၁၆ နှစ် လောက်မှာ စပြီး ကျွမ်းဘားကို မကစားတော့ဘဲ ရပ်လိုက်ပါတယ်။ မကစားဖြစ်တဲ့ အချိန်ကစပြီး အချိန်ပိုင်း အပျော်တမ်း အနေနဲ့ နည်းပြလုပ်ပါ တယ်။ International ကျောင်းတကျောင်းမှာ ကျွမ်းဘားဆရာမ လုပ်ပေးတယ်။ နောက် ကျွမ်းဘား အဖွဲ့ချုပ်မှာ အပျော်တမ်း အနေနဲ့ ကလေးတွေကို ပြန်သင် ပေးနေပါတယ်။
မေး။ ။ ဒီလို နိုင်ငံကိုယ်စားပြု ကျွမ်းဘား အလှမယ်ကနေ နိုင်ငံကိုယ်စားပြု Miss တယောက် ဖြစ်လာပုံကို ပြောပြပေးပါဦး။
ဖြေ။ ။ အဓိကကတော့ နိုင်ငံကိုယ်စားပြု တယောက် ဖြစ်ချင်ပါတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေ ဘယ်လောက် တော်တယ်ဆိုတာ တခြားနိုင်ငံတွေ ကိုလည်း သိစေချင်တယ်၊ ကိုယ့်နိုင်ငံက လူတွေလည်း တခြားနိုင်ငံနဲ့ ရင်ဘောင် တန်းနိုင်တယ် ဆိုတာကို ပြချင်ပါတယ်။ ငယ်ငယ်ကတည်းက နိုင်ငံကိုယ်စား ပြုပြီး တခြားနိုင်ငံတွေမှာ သွားပြိုင်ခဲ့ရပြီး အကောင်းဆုံး လုပ်ခဲ့တယ်။ အဲဒီလို မကစားနိုင်တော့တဲ့ အချိန်မှာ တခြား တဘက်က ကြည့်ရင် ဘယ်ဟာက နိုင်ငံ ကိုယ်စားပြု နိုင်လည်း ဆိုတော့ Miss တယောက်ဖြစ်ရင် နိုင်ငံကိုယ်စားပြု အနေနဲ့ လုပ်နိုင်တယ်လို့ တွေးမိလို့ နောက် ကိုယ့်နိုင်ငံကိုပဲ အကောင်းဆုံး ကိုယ်စားပြု ချင်တဲ့ စိတ်နဲ့ Miss ဘက်ကို ရောက်ခဲ့တာပါ။
မေး။ ။ ကျွမ်းဘား ကစားခဲ့စဉ်တုန်းကလည်း နိုင်ငံ ကိုယ်စားပြုခဲ့ရတယ်။ အခုလို Miss တယောက် ဖြစ်လာ ပြန်တော့လည်း နိုင်ငံ ကိုယ်စားပြု ဖြစ်လာတယ်။ ဒီလို နိုင်ငံကိုယ်စားပြုရတာခြင်း အတူတူ ကျွမ်းဘား အလှမယ်နဲ့ Miss တယောက်ရဲ့ ခံယူချက်၊ ခံစားချက်ခြင်း တူနိုင်မလား။ ဘာတွေက ကွဲပြားနိုင်လဲ။
ဖြေ။ ။ နည်းနည်းတော့ ကွဲပြားပါတယ်။ ကျွမ်းဘားကတော့ အားကစား လုပ်တာဆိုတော့ ကျန်တာ ဘာမှ မလိုပါဘူး။ ကိုယ် လေ့ကျင့်ထားတာကို အကောင်းဆုံး ပြသနိုင်ရင်၊ ယှဉ်ပြိုင်နိုင်ရင်၊ ကိုယ်ဘာမှ အမှားအယွင်း မလုပ်ဘူးဆိုရင် ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ အကောင်းဆုံး နိုင်ငံကိုယ်စားပြု နိုင်ခဲ့ပါတယ်။ ကျွမ်းဘားမှာ Top 10 ဝင်ခဲ့ရတာလည်း မြန်မာနိုင်ငံမှာ ကျွမ်းဘား ကစားတဲ့သူ နည်းပါတယ်။ အဲဒီတုန်းက ကျမ တယောက်တည်း ရှိပါတယ်။ ကိုယ်က အကောင်းဆုံး Top 10 ထဲ ဝင်အောင် ကြိုးစားနိုင်ခဲ့တယ် ဆိုတော့ ကိုယ့်ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ပေါ့။ အားကစားမှာ ကျတော့ စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက် ခွန်အားပေါ်ပဲ မူတည်ပါတယ်။ Miss ဘက်မှာကျတော့ တခုတည်းနဲ့ မရပါဘူး။ အကုန်လုံး ပြည့်စုံရပါတယ်။ အပြင်ပိုင်း ဆိုရင်လည်း ရုပ်ရည်ပိုင်း၊ အရပ်အမောင်း စသဖြင့် အကုန်လုံး ပြည့်စုံရပါမယ်။ နောက် ဗဟုသုတပိုင်း ဆိုရင်လည်း တခြားနိုင်ငံသူတွေနဲ့ ကိုယ့်ရဲ့ ဗဟုသုတတွေ မျှဝေ ရတာတွေ ရှိတယ်။ ကိုယ့်နိုင်ငံ အကြောင်းတွေ ပြောပြရတာတွေ ရှိတယ်။ ဥပမာ – မေးခွန်း မေးလာတာတွေ အင်တာဗျူးတွေ လာရင် ဖြေရတာမျိုးတွေ ရှိပါတယ်။ အဲဒါတွေတော့ ကွာခြားပါတယ်။
မေး။ ။ ဒီပြိုင်ပွဲရဲ့ စွမ်းရည်ပြပွဲမှာ စောင်းတီးပြမယ် လို့လည်း သိရတယ်။ စောင်းတီးတာကို ဘယ်ကတည်းက စလေ့လာ ဖြစ်တာလဲ။
ဖြေ။ ။ စောင်းတီးတာကတော့ အရမ်း Professional တော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက လေ့လာပြီး သင်ချင်တယ်။ ငယ်ငယ်ကတည်းက ကျောင်းတောင် သိပ်မတက်ဖြစ်ဘူး။ ကျွမ်းဘားပဲ ဆော့နေရတော့ မသင်ဖြစ်ဘူး။ အခု စောင်းတီး လေ့လာနေတာ တနှစ်လောက်ရှိပါပြီ။ ဒီပြိုင်ပွဲရဲ့ ခေါင်းစဉ်က Stop The War ဆိုတဲ့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တာဆိုတော့ ကျမက မိုက်ကယ်ဂျက်ဆင်ရဲ့ Heal The World ဆိုတဲ့ သီချင်းက ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ သီချင်းဖြစ်တဲ့အတွက် အဲဒီသီချင်းကို စောင်းနဲ့ တီးပြမှာပါ။ မြန်မာ တူရိယာကလည်း နိုင်ငံတကာ သီချင်းတွေကို တီးလို့ရတယ် ဆိုတာကို ပြချင်တဲ့သဘောပါ။
မေး။ ။ ဒီ ပွဲစဉ်တလျှောက်မှာ မြန်မာအပေါ် နိုင်ငံတကာက သူတွေရဲ့ စိတ်ဝင်စားမှု အနေအထားက ဘယ်လိုရှိလဲ။
ဖြေ။ ။ သူတို့ အရမ်း စိတ်ဝင်စားကြတယ်။ အဝတ်အစားက အစပေါ့။ အခု Voting system မှာလည်း မြန်မာက ထိပ်ဆုံး ဖြစ်နေတယ်ဆိုတော့ မြန်မာလူမျိုးတွေရဲ့ အားပေးမှုကြောင့် ကျမကို တွေ့ရင် နင်က အရမ်း ပေါ်ပြူလာ ဖြစ်တယ်ပေါ့။ နင်တို့နိုင်ငံက အရမ်း ပေါ်ပြူလာဖြစ်တယ်ပေါ့။ Facebook က Voting မှာ အမြဲထိပ်ပဲ ဆိုပြီး ပြောကြတယ်။ စာနယ်ဇင်း ရှင်းလင်းပွဲ နေ့က ကျမဝတ်တဲ့ အဝတ်အစားတွေကို အရမ်း စိတ်ဝင်စား ကြတယ်။ မြန်မာဝတ်စုံတွေက အရမ်းလှတယ် ဆိုပြီး သူတို့ လိုချင်တယ်ဆိုပြီး ပြောကြတယ်။ သူတို့ ဝတ်စုံတွေနဲ့ ဒီဇိုင်းတွေက ကွဲထွက်နေတယ် ဆိုပြီး ပြောကြပါတယ်။
မေး။ ။ လက်ရှိ မြန်မာပရိသတ်တွေရဲ့ နိုင်ငံကိုယ်စားပြု Miss တွေအပေါ် အားပေးမှု အတိုင်းအတာက အဆိုးနဲ့အကောင်း ဒွန်တွဲ နေတယ်လို့ ဆိုရမလိုပဲ။ တအားလည်း အားပေးကြသလို သူတို့ မျက်စိထဲမှာ နည်းနည်း အလွဲလေး မလုပ်လိုက်နဲ့ လုပ်လိုက်တာနဲ့ ပြောမယ် ဆိုတာချည်း ဖြစ်နေတဲ့ အနေအထား တွေအပေါ် ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ။ ။ ကျမအနေနဲ့ လူတိုင်းမှာ လွတ်လပ်ခွင့် ဆိုတာမျိုးရှိတယ်။ Miss တယောက် ဖြစ်လာပြီ ဆိုရင်လည်း Miss တယောက်ရဲ့ လွတ်လပ်ပိုင်ခွင့် ဆိုတာလည်း ရှိရမှာပါ။ အဲဒီအပေါ်မှာ ကိုယ်သွားလာ လှုပ်ရှားမှု နေထိုင်မှု အပေါ်မှာပဲ အကုန်လုံးက တန်ဖိုးဖြတ်ကြတာပါ။ တချို့ကျတော့ နားလည်မှု လွဲတာတွေ ရှိပါတယ်။ ကိုယ်က ဒါမျိုး မဟုတ်ဘဲနဲ့ ပရိသတ်တွေ ဘက်က နားလည်မှု လွဲတာတွေ ရှိတာပေါ့။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ကိုယ့်ရဲ့ ခံယူချက်က အရေးအကြီးဆုံးပါပဲ။ ကိုယ်မဟုတ်တာ မလုပ်ရင် ဘာမှ မဖြစ်ပါဘူး။ အဓိကက ကိုယ့်လိပ်ပြာလုံဖို့ အရေးအကြီးဆုံး ပါပဲ။ ဒီလို Miss တယောက်မှ၊ နာမည်ကြီးတဲ့သူမှ မဟုတ်ပါဘူး။ လူတိုင်းမှာ ဝေဖန်မှု၊ ချီးကျူးမှု ဆိုတာတွေ ရှိပါတယ်။ လူတိုင်းက နေ့တိုင်း ဒါမျိုးတွေ ထိုးနှက် ခံနေရတာပါ။ အဲဒါကို ကိုယ့်ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ် ခိုင်မာဖို့က အရေးကြီးဆုံးပါပဲ။
မေး။ ။ Miss တယောက် အနေနဲ့ ရှေ့လျှောက် ဘာဆက်လုပ်သွားဖို့ ရှိမလဲ။
ဖြေ။ ။ အခု လောလောဆယ်တော့ မြန်မာပြည် ပြန်ရောက်ရင် ဒီဇင်ဘာမှာ ၂၀၁၃ ဆီးဂိမ်းရှိမယ်။ အဲဒီမှာ ကျမ တထောင့် တနေရာကနေ ပါဝင်သွားဖို့ ရှိပါမယ်။ နောက်ပိုင်း ဆက်ပြီးတော့ အနုပညာလည်း လုပ်ဖြစ်မယ်။ နောက် ကျွမ်းဘားကိုလည်း အပျော်တမ်း အဖြစ် ကလေးတွေကို ဆက်သင်ပေး ဖြစ်မယ်။ အခု တကယ်လို့ ဒီဆု ရလာမယ် ဆိုရင်လည်း ငွေကြေးကို ဖောင်ဒေးရှင်း တခုခုမှ ပဒေသာပင် တခု ထူထောင်ဖို့ ရှိပါတယ်။ ဒီလိုလုပ်တယ် ဆိုတာကလည်း တခါတည်း လှူပြီး ပြီးသွားတာမျိုး မဟုတ်ဘဲ အမြဲ ထာဝစဉ် လှူနိုင်အောင်လို့ပါ။ ကျမ အနုပညာ လုပ်လို့ ရလာမယ့် ငွေကြေး တချို့တဝက် ကိုလည်း ဒီဖောင်ဒေးရှင်းထဲ ထည့်ပြီး ပရဟိတလည်း အမြဲ လုပ်ဖြစ်သွားမှာပါ။
မေး။ ။ အခု လောလောဆယ်မှာ ပရဟိတ အလုပ်တွေ လုပ်နေတာရော ရှိလား။
ဖြေ။ ။ တချို့တွေက မေးတာတွေ ရှိပါတယ်။ Miss တယောက်ဖြစ်ရင် ပရဟိတ လုပ်ရမယ်။ Miss နဲ့ ပရဟိတနဲ့ တွဲမြင် နေကြတာပေါ့။ အဲဒီလိုမှ မဟုတ်ပါဘူး။ အဓိက ကိုယ့်စိတ်ထဲက ပရဟိတ လုပ်ချင်တဲ့ စိတ်က အဓိကပါပဲ။ ကျမဆိုရင် အသက် ၁၆ နှစ် လောက်ကတည်းက ပရဟိတ အလုပ်လေးတွေ ဝင်လုပ်တယ်။ ကိုယ်ရတဲ့ ဝင်ငွေ တချို့ကို အများကြီး မဟုတ်ရင် တောင်မှ အနာကြီး ရောဂါသည်တွေဆီကို သွားပြီး လှူဒါန်းတာမျိုးတွေ ရှိခဲ့ပါတယ်။ အခုလို Miss တယောက် ဖြစ်လာတဲ့ အခါကျတော့ ကိုယ့်ရဲ့ Fan တွေနဲ့အတူ သွားပြီး လှူဒါန်းတာတွေ ရှိပါတယ်။ Miss မဖြစ်ခင် ကတည်းက လုပ်ခဲ့တာပါ။ Miss ဖြစ်မှ လုပ်တာ မဟုတ်ပါဘူး။ Miss တွေမှ ပရဟိတ လုပ်တာ မဟုတ်ပါဘူး။ တခြားလူငယ် ပရဟိတတွေလည်း အများကြီး ရှိကြပါတယ်။ ပရဟိတ လုပ်တယ်ဆိုတာ တကယ်တော့ ကောင်းပါတယ်။
မေး။ ။ Miss Myanmar တယောက် အနေနဲ့ မြန်မာနိုင်ငံသား တွေကိုရော ထားထက်ထက်ကို အားပေးနေတဲ့ သူတွေ ကိုရော ဘာပြောချင်သေးလဲ။
ဖြေ။ ။ Miss တယောက် အနေနဲ့ ပြောချင်တာကတော့ Miss တိုင်းက တော်ကြပါတယ်။ ကိုယ့်နိုင်ငံကို အကောင်းဆုံး ကိုယ်စား ပြုပြီးတော့ ကြိုးစားနေကြ ပါတယ်။ အဲဒီအပေါ်မှာ ပရိသတ်တွေ အကုန်လုံးက နားလည်မှု ပေးပြီးတော့ အားပေး စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Facebook ကပဲ ဖြစ်ဖြစ် အွန်လိုင်းကပဲ ဖြစ်ဖြစ် သူတို့ရဲ့ Like ပေးမှု၊ Vote ပေးမှု တွေကြောင့် ကိုယ်က ပိုပြီး အားတက်စေပါတယ်။ ကျမဆိုရင် အွန်လိုင်း ဖွင့်ကြည့်လို့ ကိုယ့်ကို အားပေးတယ်၊ မက်ဆေ့ချ်တွေ လာတယ်ဆိုရင် အရမ်းဝမ်းသာ ပါတယ်။ ကိုယ်ကြိုးစားနေတာ ပိုပြီး အားတက်ပါတယ်။ အဲဒီတော့ အကုန်လုံးကိုလည်း အားတက်သရောနဲ့ အားပေးစေချင်တယ်။ တကယ်လို့ ဒီ Miss တယောက်ကို မကြိုက်ခဲ့ဘူး ဆိုရင်တောင်မှ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အကုန်လုံးက မျိုးချစ်စိတ် အပြည့်ရှိတယ်။ ဒီလိုမျိုး မြန်မာ စလွယ်ကို လွယ်ထားမယ်ဆိုရင် အပြည့်အ၀ အားပေးမယ်လို့ ကျမက ယုံကြည်ပါတယ်။ ။