SFU

၉ ဂဏန်းကြိုက်တဲ့ Nine One မွေးနေ့မှာ အခွေဖြန့်မယ်

This article has been converted from Zawgyi One to Unicode

တကိုယ်တော်အခွေကို “တစ်ကိုယ်တော်” လို့ပဲ နာမည်ပေးထားပြီး မွေးနေ့မှာ ထွက်နိုင်ဖို့ ကြိုးစားနေတဲ့ အဆိုတော် Nine Oneက လောလောလတ်လတ် ပရိသတ် တောင်းဆိုမှုအများဆုံး Shwe Fmဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Nine One က ၉ ဂဏန်းကို ကြိုက်တာကြောင့် သူ့မွေးနေ့ မေ ၁၈ ရက်နေ့မှာ ထွက်မယ့် အခွေမှာ သီချင်း ၉ ပုဒ် ထည့်ထားတယ်လို့ သိရပါတယ်။

“ကော်ပီ ကိုယ်ပိုင်သံစဉ် ခွဲမထားဘူး။ ကော်ပီလုပ်ပြီး တကယ် အဆိုတော်ထက် ကောင်းအောင် ဆိုနိုင်တာတွေလည်း ရှိတယ်။Own Tune ဆိုပြီး အဆင့်မမီတဲ့ ဟာတွေလည်း အများကြီး တွေ့ရပါတယ်။ ကိုယ့်ဘာသာကိုယ် ရေးတာနဲ့ စာသားကို ပရိသတ် ခံစားဖို့ကို အဓိကထားတယ်။ ဘယ်ဟာအားသန်လဲ ဆိုတာ မရှိဘူး” လို့ သူက ဧရာဝတီကို ပြောပါတယ်။

Nine One က အောင်မြင်တဲ့သူ တော်တော်များများကို အားကျတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဆုရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ အနုပညာ ဆိုတာကို သူ့ဘဝလို့ သတ်မှတ် ထားတယ်လို့ ပြောပါတယ်။

“ပရိသတ် လက်ခံနေသမျှ၊ အနုပညာကို ဉာဏ်ပါသမျှ၊ ပါရမီပါသမျှ လုပ်နေဦးမှာပါ။ ဆုရလို့ ပြောင်းလဲသွားတာ မရှိပါဘူး။ပရိသတ် အသိအမှတ်ပြုတဲ့ ဆုကလေး ရလိုက်တော့ ကျေနပ်တယ်” လို့ သူက ဆိုပါတယ်။

သူ့အနေနဲ့ တပုဒ်နှင့်တပုဒ် အရသာမတူအောင် ရေးထားတာမျိုး မရှိတဲ့ အကြောင်း၊ သီချင်းရေးရာမှာ သံစဉ်ကို နားထောင်ပြီး ရေးလေ့ ရှိတဲ့ အကြောင်း Nine One က ပြောပါတယ်။

“အကြောင်းအရာနဲ့ ကိုက်မယ့် တီးလုံးကို အရင် တီးခိုင်းတယ်။ ပြီးရင် Flowကို ချရေးတယ်။ အမြဲတမ်းတော့ တီးလုံး နားထောင်ပြီးရေးတာ များတယ်။ ကျနော် သီချင်းကို ကိုယ်တိုင်ပဲ ရေးတယ်” လို့ သူက ဆက်ပြောတယ်။

အချစ် သီချင်းတွေကို ပရိသတ် နားထဲ အရောက်ပို့နိုင်တဲ့ Nine Oneက သာမန်လူ တယောက်လိုပဲ အချစ်ကို ခံစားလေ့ရှိသူလို့ သိရပါတယ်။

သူ့သီချင်းတွေ ပရိသတ် ရင်ထဲရောက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ သူက “မြန်မာပြည်မှာ အသည်းကွဲတဲ့ လူတွေ များနေလို့ ဖြစ်မယ်။ သီချင်းရေးနေတဲ့ အချိန်မှာ စိတ်ထဲဖြစ်ပေါ်လာတဲ့ စာသားတွေကို ထည့်ဖြစ်တာပါ။ ပါးစပ်ကလည်း လမ်းသွားရင်း၊ ကားမောင်းရင်း သံစဉ်တွေ ညည်းနေမိတယ်။ အဲဒီလို ညည်းမိရင် ဖုန်းထဲမှာ Record လုပ်ထားတယ်။ သီချင်းကို ညဘက်မှာ အရေးများပါတယ်” လို့ ပြောပြခဲ့တယ်။

ကိုယ်တိုင်ရေးတဲ့ သီချင်းတွေကို တခြားလူ ရေးထားတဲ့ သီချင်းတွေ ဆိုရတာထက် ပိုအားသာတယ်လို့ သူက ဆိုပါတယ်။

“ကျနော်ကတော့ စာသားကို အသားပေးတော့ MTV ကောင်းတာ၊ တီးလုံး ကောင်းတာကို စိတ်မထားဘူး။ ပရိသတ်ကို သီချင်း နားထောင်တာ အရုပ်မပါလည်း ဆွဲဆောင်နိုင်အောင် စဉ်းစားတယ်။ ကျနော်က သီချင်းဆိုနေရရင်ကို ပျော်နေတော့ စတူဒီယို၊Show မခွဲထားဘူး။ ဘယ်နေရာမှာ ဖြစ်ဖြစ် ဆိုတယ်” လို့လည်း Nine One က ပြောပါတယ်။

ပရိသတ်က သူ့ကို ဘယ်တော့မှ ပစ်မထားဖို့၊ အားမနာတမ်း ဝေဖန်ကြဖို့၊ ပရိသတ်ရှိမှ ဒီထက် ကောင်းတဲ့ သီချင်းတွေကို လုပ်ဆောင်သွားနိုင်မယ် ဆိုတဲ့အကြောင်း အဆိုတော် Nine One က ပြောသွားခဲ့တယ်။

Loading