လူမှုရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ သီဟသုဓမ္မ မဏိဇောတဓရ၊ သုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူကို မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ မိန်းကလေးတွေ ကိုယ်ဝန်ဖျက်ချတဲ့ အကြောင်း ဗီဒီယို ဇာတ်ကား တကား ပညာပေးရိုက်ကူးနေမှုနဲ့ ပတ်သတ်ပြီး သူ့အမြင် အပါအဝင်၊ လာမယ့် အကယ်ဒမီ ပေးပွဲအပေါ် သူရဲ့ ရင်ခုန်မှုတွေအကြောင်း တွေ့ဆုံမေးမြန်းပြီး ဧရာဝတီ ပရိသတ်ကို တင်ပြလိုက်ပါတယ်။
အကယ်ဒမီ ခန့်စည်သူဟာ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင် ဝတ္ထုကို မင်းခိုက်စိုးစန် ဇာတ်ညွှန်း ရေးသားပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးနေတဲ့ ဗီဒီယိုဇာတ်ကားမှာ နန်းခင်ဇေယျာနဲ့ အတူတွဲဖက် သရုပ်ဆောင်နေတာပါ။
“ဒီဇာတ်ကားထဲမှာ ကျနော်ရော၊ နန်းခင်ဇေယျာရော နှစ်ယောက်လုံးက ဆရာဝန်ပေါ့။ ဇာတ်ရဲ့သဘောသဘာဝအရ ပြောမယ် ဆိုရင်တော့ ဒီနေ့ ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းလေးတွေ ပါတယ်။ အခုနောက်ပိုင်း မိန်းကလေးတွေ တားဆေး စားတာ၊ ကိုယ်ဝန်ဖျက်ချတာတွေ တော်တော်များများ ရှိနေတယ်။ တရားဝင် တခုလပ် အမျိုးသမီး တယောက်ကို လူတွေက အထင်သေးကြပေမယ့်၊ အပြင်မှာ တရားမဝင် တခုလပ်၊ နှစ်ခုလပ်မက ဖြစ်နေတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ အဓိက ကတော့ မြန်မာအမျိုးသမီးလေးတွေ အနေနဲ့ အပျိုပဲဖြစ်ဖြစ်၊ အအိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသင့်တယ် ဆိုတဲ့ အကြောင်းပါ” လို့ အကယ်ဒမီ ခန့်စည်သူက ဧရာဝတီကို ပြောပါတယ်။
ဒီဇာတ်လေး သူ့အနေနဲ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက ဖတ်ပြီး အရမ်းကြိုက်လာခဲ့တာလို့လည်း သိရပါတယ်။
“အရင်တုန်းကတော့ တင်ပြဖို့ အခက်အခဲ ရှိတယ်ပေါ့။ အရင်တုန်းက ဆင်ဆာ စနစ်အရ ဒီလိုမျိုးကိစ္စတွေကို တင်ပြခွင့် မရနိုင်ဘူး” လို့ ခန့်စည်သူက ရှင်းပြပါတယ်။
အဲဒီ ဇာတ်ကားရိုက်ကူးဖို့အတွက် လေ့လာမှု အပိုင်းအနေနဲ့ သူကိုယ်တိုင်က ဆေးပညာနဲ့ ပတ်သက်တဲ့ အပိုင်းမှာ အကျွမ်းတဝင် မရှိပေမယ့်လည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဝတ္ထုရေးသူ စာရေးဆရာမဟာ ဆရာဝန်များ ဖြစ်တဲ့အတွက် သူ့အတွက် အထောက်ပံ့ ဖြစ်စေတယ်လ့ို ဆိုပါတယ်။
လူမှုရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတဲ့ အကယ်ဒမီ ခန့်စည်သူကို အနုပညာရှင်တဦးရဲ့ လူမှုရေး လှုပ်ရှားမှု အကြောင်းတွေ မေးမြန်းရာမှာတော့ အနုပညာရှင်က လူမှုရေး ဝင်လုပ်တဲ့အတွက် သတင်းပိုဖြစ်တယ်လို့ ဖြေပါတယ်။
“ပြောရရင်တော့ ကျနော်တို့ဆီမှာ လူတယောက်ကို မကောင်းမြင်တာ ပိုများတယ်။ Facebook မှာဆိုရင် လူတယောက် ကောင်းကြောင်း ရေးဖို့ထက် ဆဲဖို့ ပိုအားသန် ကြတယ်လေ။ မပြည့်မစုံဖြစ်နေတဲ့၊ ဒုက္ခရောက်နေတဲ့ နေရာတွေကို အနုပညာ သမားတွေ စုပြီးသွားလှူကြတယ်၊ လှူတဲ့သဘောက အနုပညာရှင်တွေက ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတာ မဟုတ်ဘူး။ ဒီလိုပုံစံမျိုးတွေနဲ့ ကြော်ငြာစရာ မလိုဘူး။ အဓိကက ဒီနေရာမှာ တကယ်လိုအပ်တာကို အနုပညာရှင်က သွားလှူတဲ့အတွက် သတင်းတခု ဖြစ်သွားတယ်။ မီဒီယာကို သတင်းပေးတဲ့ နေရာမှာ လှူဒါန်းမယ့်နေရာကိုသာ ကျနော်တို့ ကြော်ငြာခြင်း ဖြစ်တယ်” လို့ သူက ဆိုပါတယ်။
တဆက်တည်းမှာပဲ လူတွေ တော်တော်များများက ပရဟိတ လုပ်ငန်းလုပ်တာကို ဖက်ရှင်လုပ်တယ်လို့ ဝေဖန်လာကြပေမယ့် ပရဟိတ ဆိုတာဟာ ဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့တာပါ လို့လည်း သူက ပြောပါတယ်။
သူ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လာခဲ့တာ ၂၃ ကြိမ် ရှိပြီဖြစ်ပြီး လှူဒါန်းငွေပေါင်း သိန်း တထောင်နီးပါး ရှိပြီ ဖြစ်ကြောင်းနဲ့ ရှေ့ဆက်ပြီး ဘာသာရေး၊ လူမှုရေး နေရာတွေကို လှူဒါန်းဦးမယ်လို့ ခန့်စည်သူက ဆိုပါတယ်။
အကယ်ဒမီ ခန့်စည်သူဟာ အခုနှစ်အတွက် အကယ်ဒမီ တစ်ပြေးသူတွေထဲမှာ ပါဝင်နေသူမို့ အဲဒီအပေါ် သူ့ခံစားချက်ကို မေးကြည့်တဲ့အခါ “အကယ်ဒမီ တစ်ပြေးနေတဲ့ အထဲမှာ ဥ နဲ့ အမုန်းမီးတောက် ဇာတ်ကားကြီးတွေ ပါတာ ကြားပါတယ်။ ဥ ကလည်း ဟာသကားတကားပဲ။ ရုံတင်တဲ့ အခါမှာတုန်းက ပရိသတ် လက်ခံအားပေးတာကို တွေ့ရတယ်လေ။ အမုန်း မီးတောက် ကတော့ Drama ကားပေါ့၊ ရုံတင်တဲ့အခါမှာ ဥ လောက်တော့ ပိုက်ဆံ မရဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ရခြင်း မရခြင်းထက် ကိုယ့်အနုပညာ လောကသားထဲက တကယ် ထိုက်ထိုက်တန်တန် ရတဲ့သူကို လက်ခုပ်တီးဂုဏ်ပြုဖို့ အကယ်ဒမီ ပွဲကို တက်မှာပါ။ ဟာသပဲ ဖြစ်ဖြစ်၊ Drama ပဲ ဖြစ်ဖြစ် သရုပ်ဆောင်တာ ထူးချွန်ရင်တော့ အကယ်ဒမီ ပေးသင့်ပါတယ်” လို့ ပြောပါတယ်။
မနှစ်က အကယ်ဒီရခဲ့တဲ့ ဇာတ်ကား တကားဟာ နိုင်ငံခြားဇာတ်ကားကို မှီငြမ်း ရိုက်ကူးထားတာလို့ ဝေဖန်သံတွေ ညံခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခန့်စည်သူကို မေးမြန်းကြည့်ရာမှာတော့ တကယ် ထူးချွန်ရင် ကော်ပီပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ပဲ ဖြစ်ဖြစ် ပေးရမှာပဲလို့ သုံးသပ်ပါတယ်။
“ကော်ပီက အခုခေတ်မှာမှ ရှိတာ မဟုတ်ဘူး။ ကော်ပီက ဟိုးအရင်ကတည်းက ကျနော်တို့ မမွေးခင်ကတည်းက ကော်ပီ ကားတွေ အများကြီး မှီငြမ်းရိုက်ကူးလာခဲ့ တာပဲလေ။ ဒီနောက်ပိုင်းခေတ်အထိ မှီငြမ်းခဲ့တာ၊ အခုမှ ကော်ပီကော်ပီ ထအော် နေလို့ မရပါဘူး။ ဒီနှစ် အကယ်ဒမီပေးပွဲက ထိုက်တန်တဲ့ အကယ်ဒမီဖြစ်ဖို့ အရေးကြီးပါတယ်။ တကယ် ထိုက်တန်ရင် ကျနော် ကတော့ လက်ခုပ်တီး အားပေးမှာပဲ။ မရသေးတဲ့ လူသစ်တွေကို အကယ်ဒမီ ရစေချင်တယ်” လို့ ခန့်စည်သူက ပြောပါတယ်။
မြန်မာ့ရုပ်ရှင် နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်ဖို့ အတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ ငွေရှင်ကြေးရှင်ရဲ့ ပံ့ပိုးမှုမပါဘဲ မထိရောက် နိုင်သလို၊ ပညာရှင်တွေရဲ့ ပံ့ပိုးမှုတွေ လိုအပ်ကြောင်းလည်း သူက ဆိုပါတယ်။