ကိုတိုးကြီး ၁ နှစ်ပြည့် အလွမ်းပြေ အင်းလျား ကန်စောင်းမှာ ဖျော်ဖြေပွဲကျင်းပ
This article has been converted from Zawgyi One to Unicode
တကိုယ်တော် ကိုယ်ပိုင်သံစဉ်တေး အယ်လ်ဘမ် နှစ်ဆယ် နီးပါး ထွက်ရှှိခဲ့တဲ့ အဆိုတော် ခင်မောင်တိုး (ကိုတိုးကြီး) ကွယ်လွန်ခြင်း တနှစ်ပြည့် အထိန်းအမှတ်ပွဲလေးကို အင်းလျားကန်က စားသောက်ဆိုင်မှာ ခင်မောင်တိုးရဲ့ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ မဇ္ဈိမလှိုင်း အဖွဲ့သားတွေက ဒီနေ့ညနေမှာ ကျင်းပ ပေးခဲ့ကြတယ်။
အဲဒီပွဲကို စီစဉ်ခဲ့သူ တေးသံရှင် Eချိုက “ကျနော်တို့ အခုလိုပွဲမျိုးကို ၁၅ ရက် ၁၁ လပိုင်း ရောက်တိုင်း နှစ်စဉ်ပြုလုပ်ဖြစ်မှာပါ။ အကို့ကို ချစ်တဲ့ ပရိသတ်တွေအတွက် စီစဉ်ပြီး လုပ်ပေးခဲ့တာ။ နေရာကတော့ တူချင်မှတူမယ်၊ အင်းလျားကန် ဆိုတာက ကိုခင်မောင်တိုးတို့ သူငယ်ချင်းတွေရဲ့ အငွေ့အသက်တွေ အများကြီး ရှိတဲ့နေရာပေါ့။ ကျနော့် ဆရာ တယောက်လို ချစ်ခင်တဲ့ ကိုခင်မောင်တိုးအတွက် ဂုဏ်ပြုပွဲလေးကို အဖွဲ့သား အားလုံး ပူပေါင်း လုပ်ဖြစ်ခဲ့တာပါ။မဇ္ဈိမလှိုင်း ဆိုတာကလည်း ကိုခင်မောင်တိုးရဲ့ အရှိန်တွေ အများကြီး ရှိခဲ့တော့ ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ” လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။
အဆိုတော် ခင်မောင်တိုးနဲ့ အတူတကွ တေးသီချင်းများစွာ ပူပေါင်း လုပ်ကိုင်ခဲ့တဲ့ မဇ္ဈိမလှိုင်း အဖွဲ့ဝင် တေးသံရှင် ဂီတသမား ကိုရဲလွင်ကလည်း ကိုခင်မောင်တိုးကို ချစ်တဲ့သူတွေနဲ့ ပြန်လည်တွေ့ဆုံခဲ့ရချိန်မှာ ဟိုအရင် အတိတ်ကို ပြန်ရောက် သွားသလို ခံစားရတယ်လို့ ဆိုပါတယ်။
“နေရာလေးကလည်း ကျနော်တို့ စတွေ့ခဲ့တာ ဆိုတော့ ပိုပြီး လွမ်းမိတယ်။ ကိုခင်မောင်တိုးနဲ့ အမှတ်တရတွေ ကတော့ အများကြီးပဲ။ အင်းလျားကန် အမှတ်တရလေး ကတော့ သူနဲ့စတွေ့စက ရန်ကုန်မှာ ဂီတအလုပ် စလုပ်မယ်ဆိုပြီး သူ့အိမ်မှာ အိပ်တာပေါ့။ အဲဒီတုန်းက သူက အင်းလျားကန်မှာ သွားဖျော်ဖြေမယ် ဆိုတော့ အကြမ်းဖက် သမား တယောက် ဝင်ပြီး ဖျက်ဆီးလို့ ပွဲပျက်သွားတာပါ။ ကျနော့်ကိုလည်း အမတွေက စိုးရိမ်ပြီး မန္တလေး ပြန်ပို့တယ်။ ခင်မောင်တိုးကတော့ နောက်နေ့မှ ပြန်လိုက်တာပေါ့နော်။ အလုပ်လုပ်မယ် ဆိုတော့ အဝေးကြီးကို ပြန်သွားရတာ ရှိတာပေါ့နော်” လို့ စတွေ့ပုံလေးကို ပြောပြပါတယ်။ အင်းလျားကန် အရှေ့က ခရမ်းပြာ အဆောင်မှာ နေဖူးခဲ့တဲ့ အကြောင်းကိုလည်း ကိုရဲလွင်က ပြောပြပါသေးတယ်။
“အဆောင်နာမည် ပေးသွားတာက ရခိုင်က သူငယ်ချင်း တယောက်ပါ။ ကျနော်တို့ ရောက်လာတော့ အဲဒီ ရခိုင် မိတ်ဆွေကပဲ စောင့်ရှောက်တယ်၊ ကူညီ ပေးတယ်ပေါ့နော်။ သူကတော့ အဲဒီမှာ လက်ဘက်ရည် ဆိုင်လေးဖွင့်တော့ ခရမ်းပြာ နာမည် ပေးထားတယ်။ ကျနော်တို့သွားတော့ အဲဒီဆိုင်က မရှိတော့ဘူး။ အဆောင်ကတော့ ခရမ်းပြာဆိုပြီး ကျန်ခဲ့တယ်။ ကျနော်တို့ရောက်ပြီးမှ ဖြစ်ပေါ်လာတဲ့ နာမည်တခုပေါ့။ အိမ်တွေကလည်း အင်းစိန်မှာချည်းပဲ။ အိမ်လည်း မပြန်ကြဘူး။ကိုခင်မောင်တိုးတို့၊ ကိုမောင်မောင်တို့က မန္တလေးက ဆင်းလာကြပြီး အဆောင်မှာ စုနေကြတယ်။ ၁၉၈၈ ခုနှစ်မှာ အဆောင် အရှေ့က အပင်တွေ အခုတ်ခံရတယ်၊ ဖျက်ဆီး ခံလိုက်ရတယ် ဆိုတဲ့အကြောင်း ရေးထားတဲ့ အခွေလည်း ထွက်ခဲ့ပါတယ်။အဲဒီသီချင်းက တောထဲလည်း ရောက်တယ်၊ ထောင်ထဲတွေလည်း ပြန့်န့ှံ သွားခဲ့တယ်” လို့ ကိုရဲလွင်က သူတို့ အဆောင် အကြောင်းလေးကို ပြန်ရှင်းပြတယ်။
သူတို့ ခေတ်တုန်းက ဂီတ ရေစီးကြောင်းအရ သူတို့ လုပ်ကိုင်ခဲ့တဲ့ ဂီတ အသစ်က နှိပ်ကွပ်ခံခဲ့ရပေမယ့် အခုခေတ်ကျမှ ပွင့်လင်းလာတဲ့ သဘောကို ဆောင်လာပြီလို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့တုန်းက ဒရမ်တို့၊ ဂီတာတို့ တီးတာကို လမ်းသရဲ ဆန်တယ်ပေါ့။ ဆံပင် အရှည် ထားတာကိုလည်း သရုပ်ပျက် ယဉ်ကျေးမှုပေါ့။ ကျနော်တို့ကို ဖမ်းဆီးတာတော့ မရှိဘူး၊ တော်တော် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီးမှ လူငယ်တွေ အားလုံး လက်ခံ လာကြတာပေါ့နော်။ အခုလည်း မချောမွေ့ပေမယ့် တော်တော်ကြီး တိုးတက်လာပြီး ဆင်ဆာလည်း မရှိတော့ စနစ်ကျဖြစ်ဖို့ လိုတယ်” လို့ ဒီနေ့ ဂီတရေစီးကြောင်း အပေါ် ဖြစ်စေချင်တာကို ကိုရဲလွင်က အကြံပြုပါတယ်။
ကိုခင်မောင်တိုး ကွယ်လွန်သွားပေမယ့်လည်း သူ့အငွေ့အသက် များစွာကို ပရိသတ်များ ဆီမှာ တွေ့နေနိုင် ပါသေးတယ်။မဇ္ဈိမလှိုင်း အနေနဲ့လည်း အခွေတွေကို ဆက်လက် လုပ်သွားမယ်လို့ သိရပါတယ်။
လက်ဆင့်ကမ်း သင်တန်းပေးမှုတွေ မရှိပေမယ့်လည်း တတ်နိုင်သလောက် ဖျော်ဖြေမှုတွေမှာ လူငယ်တွေ လေ့လာစေချင်တယ်လို့ ကိုရဲလွင်က ဆိုပါတယ်။
သူ့ကိုချစ်ခင်သူများက (ကိုတိုးကြီး) လို့ ခေါ်ကြတဲ့ ကိုခင်မောင်တိုးဟာ စစ်ကိုင်းတိုင်း မော်လိုက်ဇာတိ ဖြစ်ပြီး ငယ်စဉ်ကတည်းက ဂီတ ဝါသနာပါသူဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် စွယ်တော်ရိပ်လို့ တင်စား ခေါ်ဝေါ်ကြတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် (RIT) မှာ တက်ရောက် ပညာ သင်ကြားခဲ့ပါတယ်။ ဂီတ အနုပညာဘက်မှာ ပိုစိတ်ပါ ဝင်စားသူဖြစ်တဲ့ အတွက် ကျောင်းမပြီးခဲ့ပါဘူး။
အပေါင်းအသင်းတွေ အကြား အေးဆေး တည်ငြိမ်စွာ နေတတ်သူ၊ စကားပြောရင် လေးလေးမှန်မှန်သာ ပြောဆိုတတ်ပြီး မထုံတက်တေး နေတတ်သူဖြစ်ပြီး ကိုသန်းမြင့် (တယော)၊ ကိုစောဝင်း (စောင်း)၊ ဘူမိဗေဒကျောင်းသား ကိုတင်မောင်လှိုင် (မျက်သွယ်)၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့နဲ့ အများဆုံး တွဲဖက် ပေါင်းသင်းခဲ့ပါတယ်။
၁၉၆၈ ခုနှစ် နောင် မဇိ္ဈမလှိုင်းကို ပူးပေါင်းတည်ထောင်သူများဖြစ်လာမယ့် ကိုရဲလွင်၊ ကိုမောင်မောင် တို့နဲ့ တွဲဖက်မိပြီး အင်းလျား၊ သီရိ၊ မာလာ၊ ရတနာ၊ သဇင် စသည့် တက္ကသိုလ်ကျောင်းဆောင်များရှေ့ ကိုယ်တိုင်ရေးသီချင်းများကို စတင်လေ့ကျင့် သီဆိုခဲ့ကြပါတယ်။
ကိုခင်မောင်တိုးဟာ ၂၀၁၂ နိုဝင်ဘာ ၁၅ ရက်နေ့ သူ့အသက် ၆၂ နှစ် အရွယ်မှာ စင်ကာပူနိုင်ငံမှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ဝေဝေခိုင်နှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။