အခုတလောမှာ အကယ်ဒမီ မင်းသမီး ထွန်းအိန္ဒြာဗိုတယောက် ရုပ်ရှင်ဇာတ်ကားတွေ မရိုက်တော့ဘူး ဆိုတဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။ တကယ်လည်း သူ ရုပ်ရှင်ရိုက် နားထားတာ ၆ လလောက်ကျော်ပြီလို့ သိရပါတယ်။
ဒါပေမယ့် ထွန်းအိန္ဒြာဗိုကတော့ ရုပ်ရှင်လုံးဝ မရိုက်တော့တာ မဟုတ်ဘူး၊ သူနဲ့ သင့်လျော်တဲ့ ဇာတ်ရုပ်မတွေ့သေးလို့သာ မရိုက်တာပါလို့ ဧရာဝတီကို ပြောပါတယ်။
“ကျမက အပျိုကြီး၊ အဒေါ်၊ အစ်မ၊ ယောက္ခမ ဆိုတဲ့ ဇာတ်ရုပ်တွေကိုပဲ သရုပ်ဆောင် နေရတော့တာ။ မင်းသား သရုပ်ဆောင်သာ လွဲသွားတာ ကျမ ရိုက်ရတာ ဒါပဲ ဖြစ်နေတော့ ကိုယ်တိုင်ကကို မရိုက်ချင်တော့ဘူး။ အဲဒီလိုပဲ ကျမ အသက်အရွယ်နဲ့ အပြင် ကာရိုက်တာနဲ့ တကယ်ကိုက်ညီတဲ့ ဇာတ်ရုပ်မျိုး လာရင်ရိုက်မယ်၊ မလာရင် မရိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။ ကျမ အလုပ်က နားလား၊ မနားဘူးလားမေးရင်၊ ကျမစိတ်ကြိုက်ကား လာရင် ရိုက်မယ်၊ မလာရင် မရိုက်ဘူးပဲ။ အခုအထိ မလာတဲ့ အတွက် ရိုက်ကိုမရိုက်တာ ခြောက်လကျော်ပြီ” လို့ သူက ဆိုပါတယ်။
အသက် ၄၇ နှစ်ရှိပြီ ဖြစ်တဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ သူ့အသက်အရွယ်နဲ့ နေ့စဉ် ရှုတင်သွားနေရတာလည်း သိပ် သဘာဝမကျတော့ဘူးလို့ ခံစားလာရကြောင်း ပြောပါတယ်။
“ကျမ မိသားစုနဲ့ သားလေးကိုလည်း အချိန်ပေးစရာတွေ၊ ကိစ္စတွေရှိတယ်” လို့လည်း ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
သူ့အနေနဲ့ ကိုယ်တိုင် ဇာတ်ကားထုတ်လုပ် ရိုက်ကူးဖို့ အစီအစဉ် မရှိပေမယ့်လည်း အနုပညာ အလုပ်ကို အဆက်အသွယ် မဖြတ်ကြောင်း၊ ဝါသနာပါတဲ့ အနုပညာအလုပ်တွေမှာ ဇာတ်လမ်းကောင်းတွေ လာငှားရင် ရိုက်မယ် ဆိုတဲ့အကြောင်း ဆက်ပြောပါတယ်။
“ကိုယ့်ဘာသာကိုယ်တော့ ဇာတ်လမ်းကို လိုက်ရှာ မနေပါဘူး” လို့ သူက ဆိုပါတယ်။ သရုပ်ဆောင် အလုပ်ကို ဇာတ်ရုပ်ကောင်းကောင်း တွေ့မှ လုပ်မယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုဟာ ဂီတအတွက် တကိုယ်တော် အခွေ ထွက်နိုင်ဖို့တော့ ကြိုးစားနေတယ်လို့ သိရပါတယ်။
“အခွေ ထွက်ဖို့က လုပ်နေတာတော့ ကြာပြီ။ အရင်ရွေးထားတဲ့ သီချင်းတွေကို အခု မကြိုက်တော့ဘူး။ ပထမကတော့ ကိုယ်ပိုင် သံစဉ်တွေချည်းပဲ လုပ်ဖို့ ရည်ရွယ်ထားတာ။ ရွေးချယ်တဲ့နေရာမှာ ကျမ အသံနဲ့ မကိုက်တာတွေ တွေ့ရတော့ ရွေးရတာ ဘောင်ကျဉ်းသွားတယ်။ ဒါကြောင့် အခွေထွက်ရင်တော့ ကော်ပီတွေလည်း ပါရင်ပါမယ်၊ စီးရီး ခေါင်းစဉ်တော့ မပေးရသေးဘူး။ ၁၁ ပုဒ်လောက် ပါမယ်။ အရင်က ကျွန်မဆိုနေကျ Pop ပုံစံတွေပါပဲ” လို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
အရင်နှစ်က အကယ်ဒမီပေးပွဲမှာ ကော်ပီဇာတ်ကား တကား အကယ်ဒီ မရခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဧရာဝတီက မေးမြန်းရာမှာ သူက “သရုပ်ဆောင်ကတော့ ကော်ပီကို သရုပ်ဆောင်ရင် သူဘယ်လောက် တူအောင်လုပ်နိုင်လဲ၊ တူအောင် လုပ်နိုင်ပြီး ပရိသတ်ကို ဖမ်းစားနိုင်ရင် ပေးသင့်ပါတယ်။ ကော်ပီကားကြီးကို ဇာတ်ကားဆု ပေးတာတော့ မဖြစ်သင့်ဘူးပေါ့။ဒီနှစ် အကယ်ဒမီပေးပွဲမှာ ကျမ ကားတွေတော့ ပါပါတယ်။ အကယ်ဒမီ ရလောက်မှာတော့ မဟုတ်တဲ့အတွက် သက်သက် သွားအားပေးမှာပါ” လို့ ဖြေပါတယ်။
အကယ်ဒမီ ထွန်းအိန္ဒြာဗိုက လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ အဖွဲ့ဝင်နေရာမှာ ပါဝင်နေပေမယ့်လည်း ဆက်လုပ်ဖို့ ဆန္ဒ မရှိတော့တဲ့အတွက် ထွက်စာတင်ဖို့ ဆုံးဖြတ်ထားတယ် လို့လည်း သိရတယ်။
“ကျမထက် သိတဲ့တတ်တဲ့ သူတွေ အများကြီး ရှိတဲ့အတွက် ကျမ နေရာမှာ တခြားသူ တယောက် အစားထည့်လိုက်ရင် ပိုကောင်းမယ်လို့ တွေးမိတယ်။ ကျမက ဘာမှ သိပ်မကျွမ်းကျင် ဘူးလေ။ အစည်းအဝေးတွေ သွားရင် ကိုယ့်နေရာက အလကား ဖြစ်နေတယ်လို့ ခံစားရတယ်။ အခုတော့ ထွက်စာတင်ဖို့ ဆုံးဖြတ်ထားတယ်။ အခုတော့ အစည်းအဝေး မတက်ချင်လို့ ရှောင်နေတယ်။ နောက်ပိုင်းလည်း သူတို့ ကျမကို ထုတ်မှာပါ” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
အခု လက်ရှိ အချိန်မှာ အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ မိသားစုနဲ့ သားငယ်အတွက် အချိန်ပိုပေးရင်း အင်္ဂလိပ်စာကို ပိုလေ့လာ ဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး အဖွဲ့မှာ အဖွဲ့ဝင်တဦး အဖြစ် ပါဝင်လုပ်ကိုင် ပေးနေတဲ့ သူက “အဲဒီ အဖွဲ့မှာလည်း ကျမက တောက်တိုမယ်ရပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကတော့ အခုအချိန်မှာ ဇာတ်ညွှန်းကိစ္စ အားလုံး ပြီးစီးသွားပြီ ဖြစ်ပြီး ရိုက်ကူးဖို့အတွက် နိုင်ငံခြား ဒါရိုက်တာ တယောက်ကို ရှာနေပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နေရာမှာ သရုပ်ဆောင်မယ့် သူ၊ ဒေါ်ခင်ကြည် နေရာမှာ သရုပ်ဆောင်မယ့် သူတွေကို ရွေးချယ်ပြီး လိုအပ်တဲ့ သင်တန်းတွေ တက်ခိုင်းထားပေမယ့် နိုင်ငံခြားသား ဒါရိုက်တာ ရလာခဲ့ရင် သူတို့ စိတ်ကြိုက် ဖြစ်မဖြစ်ကိုတော့ မပြောတတ်သေးဘူးလို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
“နိုင်ငံတကာ အဆင့်အထိ မှန်းထားတဲ့အတွက် နိုင်ငံခြား ဒါရိုက်တာနဲ့ ရိုက်မှာပါ။ ကျမတို့က တခြား ဘာကိစ္စမှ ဝင်မစွက်ဖက် ပေမယ့်၊ မြန်မာ့ အမြင်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ လွဲချော်နေတာတွေ ပါလာရင်၊ တွေ့ရရင်တော့ ကျမတို့က ဝင်ပြောမှာပါ” လို့ ထွန်းအိန္ဒြာဗိုက ရှင်းပြပါတယ်။