ABBA အဖွဲ့ရဲ့ မူလလက်ရာဟန်ပန်မပျက် ပြန်လည် ဖော်ထုတ်သီဆိုလျက်ရှိသော Arrival from Sweden Band က ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ နိုဝင်ဘာလ၃၀ရက်နေ့မှာ လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်။
အဆိုပါအဖွဲ့ဟာ ယခင် ABBA အဖွဲ့ရဲ့ ဝတ်စားဆင်ယင်မှု၊ ဖျော်ဖြေတင်ဆက်မှုများကို မူလပုံစံမပျက် နားဆင်ခံစားရနိုင်စေရန် ရည်ရွယ်ပြီး ဖွဲ့ဖြစ်ခဲ့တာဖြစ်ကြောင်း၊ ၁၉၉၅ခုနှစ်မှစကာ နိုင်ငံပေါင်း ၅၀ သို့ လှည့်လည်ခဲ့ပြီး North America တခုတည်းတွင်ပင် ခရီးစဉ်ပေါင်း၃၀ခန့် သွားရောက်ဖျော်ဖြေခဲ့ပြီးဖြစ်ကြောင်း See Zar Entertainment က တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုကျော်ထင်လတ်ကဆိုပါတယ်။
“အခုလာမယ့်အဖွဲ့က ABBAအဖွဲ့ကကို အသိအမှတ်ပြုခံထားရတာပါ။ ကျနော်တို့ ဟိုးအရင်တုန်းက ခံစားဖူးခဲ့တဲ့ ရသမျိုးတွေ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ABBA အဖွဲ့က အခုဆိုရင် အသက်ခြောက်ဆယ်ကျော်တွေ ဖြစ်သွားတော့ ကျနော်တို့အနေနဲ့ သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို ကြည့်လို့မရနိုင်တော့ဘူး။ အဲ့ဒါကြောင့် Arrival from Sweden အဖွဲ့ဆီက တဆင့်ပြန်ခံစားစေချင်တာပါ” လို့ Pee Paw Entertainment မှ ဦးပီးပေါ်က ဧရာဝတီကို ပြောပါတယ်။
အထက်ပါပွဲကို စီစဉ်ခဲ့တာ ကြာပြီဖြစ်ပေမယ့်လည်း ရက်ညှိနှိုင်းနေရခြင်းကြောင့် နှောင်နှေးခဲ့ရကြောင်း လက်မှတ်ရောင်းချမှုများကို SMS ပို့ခြင်း၊ ဖုန်းခေါ်ဆိုမှာယူခြင်းဖြင့်သာ ပြုလုပ်မည်ဖြစ်ပြီး စနစ်တကျ ဖြစ်စေရန်အတွက် လက်မှတ်ကတ်ပြားများကို နိုဝင်ဘာ ၂၀ ရက်နေ့မှသာ စတင်ထုတ်ပေးမယ်လို့လည်း သိရပါတယ်။
“ထိုင်ခုံအရေအတွက် ၁၈၀၀ လို့ ကန့်သတ်ထားတယ်။ ဒါပေမယ့် အခြားကြည့်ချင်သူတွေ အတွက်လည်း နေရာလုပ်ထားပေးတယ်။ ကျနော်တို့ အခုလုပ်တဲ့ပွဲက အမြတ်ရဖို့မရှိပါဘူး။ အရှုံးခံပြီးလုပ်တာပါ။ စတိတ် အပြင်အဆင်ကျတော့ သူတို့ကိုမေးတဲ့အခါ အဆင်ပြေသလိုပဲ လုပ်ပါတဲ့။ သူတို့က ကျနော်တို့နိုင်ငံကို လာတာ ပထမဦးဆုံးဆိုတော့ စတိတ်စင်မှာ အမြင်ရှုပ်နေတာတွေ မဖြစ်စေချင်လို့ ရှင်းရှင်းလေးပဲ လုပ်ပေးမှာပါ။ ကျနော်က နောက်ကလူကြည့်တဲ့ Eye level ကို အဓိကထားပါတယ်။ ဒီပွဲကို MITV ရုပ်သံလိုင်းမှာ ထုတ်လွင့်ပြသဖို့လည်း လုပ်ထားပါတယ်” လို့ ဦးပီးပေါ်က ဆိုပါတယ်။
အထက်ပါအဖွဲ့က မြန်မာပြည်ကို နိုဝင်ဘာ ၂၉ ရက်၊ နေ့လည် ၂ နာရီမှာ ရောက်ရှိမှာဖြစ်ပြီး မြန်မာနိုင်ငံမှ မီဒီယာများနဲ့ တွေ့ဆုံသွားဖို့ရှိပါတယ်။ Arrival from Sweden Band လာရောက် ဖျော်ဖြေနိုင်ရေးအတွက် Yangon Life, See Zar Entertainment နှင့် Pee Paw Entertainment တို့က ပထမဆုံးပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရှိရပြီး လာရောက်ကြည့်ရှု နားဆင်ချင်သူများအတွက် လက်မှတ်ဈေးနှုန်းများမှာ ၆၀၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်၊ ၂၅၀၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ် ဖြစ်ပြီးဖုန်းနံပါတ် ၀၉၅၀၂၅၅၈၂၊ ၀၉၄၉၂၉၁၃၃၄ သို့ ဆက်သွယ်မှာ ယူနိုင်ကြောင်းသိရပါတယ်။