ဟစ်ဟော့ပ်ဂီတ စတင်ဖြစ်ထွန်းခဲ့ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပကြရာ မြန်မာနိုင်ငံမှာလည်း အမှတ်တရပွဲတခုကို ပထမဆုံးအကြိမ်အဖြစ် Yangon Hotel ၌ နိုဝင်ဘာလ ၁၈ ရက်နေ့၊ နေ့လည် ၁ နာရီမှ စတင်ကာ ဟစ်ဟော့ပ် အနုပညာရှင်များက စုစည်းကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီပွဲကို သြစတေးလျနိုင်ငံမှာ နေထိုင်သော မြန်မာနိုင်ငံဖွား DJ KC နှင့် ဗြိတိန်နိုင်ငံတွင် နေထိုင်လျက်ရှိတဲ့ DJ Angelo တို့ နှစ်ဦးလည်း တက်ရောက်ကာ ပညာဖလှယ်ခဲ့ကြပါတယ်။ နှစ် ၄၀ ပြည့်ပွဲကို တက်ရောက်လာတဲ့ ဟစ်ဟော့ပ် ဂီတသမားများက ၁၉၇၀ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့ဟစ်ဟော့ပ်ဂီတရဲ့ သမိုင်းကြောင်းနဲ့ တိုးတက်ဖြစ်ထွန်း ပျံ့နှံ့ခဲ့ပုံများအကြောင်း၊ ကမ္ဘာကျော် ဟစ်ဟော့ပ်သူရဲကောင်းများ အကြောင်း၊ နာမည်ကြီးခဲ့သော အကများ နဲ့ ဂရပ်ဖီတီလက်ရာများ အကြောင်းကို ခုနှစ်အလိုက် ရှင်းလင်းပြသခဲ့ကြောင်း သိရပါတယ်။
DJ KC နှင့်DJ Angelo တို့က ၎င်းတို့နေထိုင်ရာ နိုင်ငံများနဲ့ ဆက်စပ်တဲ့ ဟစ်ဟော့ပ်ဂီတ သမိုင်းကြောင်းများကို ပြောဆိုရှင်းပြခဲ့ကြသလို မြန်မာဟစ်ဟော့ပ် အနုပညာရှင်များကလည်း မြန်မာနိုင်ငံ၌ ဟစ်ဟော့ပ်ဂီတ စတင်မိတ်ဆက်ခဲ့ပုံ၊ ပျံ့နှံခဲ့ပုံတို့ကို ပြန်လည်ရှင်းပြ ပြောကြားခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ်ဂီတကို စတင်လမ်းဖောက်ခဲ့တဲ့ Acid အဖွဲ့ဝင် အဆိုတော် ရန်ရန်ချန်းက အဲဒီပွဲပြုလုပ်ဖြစ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး ဧရာဝတီကို ပြောကြားခဲ့ရာမှာ “သူတို့နှစ်ဦးက နိုင်ငံခြားမှာ ကြီးကြတာပေါ့နော်။ သူတို့က ဒီနိုင်ငံက ဟစ်ဟောပ့်ပညာရှင်တွေနဲ့ ဟစ်ဟော့ပ်ဂီတနှစ် ၄၀ ပြည့် အခမ်းအနားလေး လုပ်ချင်တယ်ပြောလို့ ပေါင်းပြီး လုပ်ဖြစ်သွားကြတာပါ။ DJ ပညာတွေကို လာပြီး ပညာဖလှယ် တီးခတ်ပြတာဆိုတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်။ ကျနော်တို့ မသိတာတွေကို အများကြီး လေ့လာလို့ရတယ်။ ဟစ်ဟော့ပ်ဂီတက ကမ္ဘာမှာ နှစ် ၄၀ ပြည့်ပြီဆိုပေမယ့် မြန်မာနိုင်ငံကို ရောက်ခဲ့တာ ၁၀ စုနှစ်တခုစာပဲ ရှိသေးတယ်” လို့ ဆိုပါတယ်။
လက်ရှိ မြန်မာ့ဟစ်ဟော့ပ် ဂီတအခြေအနေနဲ့ ပတ်သတ်ပြီးလည်း “အခု အနေအထားကတော့ ကျနော်တို့ လျှောက်လှမ်းခဲ့ရတဲ့ အချိန်ကနဲ့ အများကြီး ကွာခြားခဲ့ပါပြီ။ ဒီဂီတကို လုပ်ကိုင်တဲ့သူများလာတော့ ပိုပြီး ကျယ်ပြန့်လာတာပေါ့နော်” လို့ သူ့အမြင်ကို ပြောဆိုပါတယ်။
အထက်ပါပွဲကို မြန်မာဟစ်ဟော့ပ် အဆိုတော်များဖြစ်တဲ့ သားစိုး၊ G -Tone, စောညီညီ၊ ရန်ရန်ချန်း၊ ငယ်ငယ်၊ အနဂ္ဂ၊ ဘာဘူ၊ Snare စတဲ့ ဟစ်ဟော့ပ် အဆိုရှင်များနဲ့အတူ DJ ဂျေး၊ ယူရေနီယမ်အကအဖွဲ့၊ Graffiti သုတ တို့ကလည်း လာရောက် အားဖြည့်ခဲ့ပြီး ဟစ်ဟော့ပ်ဂီတကို ဝါသနာပါတဲ့ လူငယ်အချို့လည်း လာရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။