အနုပညာလက်ရာ တခု ဖန်တီးဖို့အတွက် အနုပညာရှင်တွေ အခြေပြု တည်ဆောက်ယူကြပုံ ၃ မျိုး ရှိပါတယ်။ တချို့ Artist တွေက Beauty လို့ခေါ်တဲ့ “အလှအပ” အပေါ်၊ တချို့ကျတော့ Emotion ခေါ် “စိတ်ခံစားမှု”၊ တချို့ဆိုရင်လည်း Concept ခေါ် “ဆက်နွယ်အတွေး” ကို အခြေပြု တည်ဆောက်ယူကြတာ ရှိသလို ဒီအချက်တွေ အားလုံးအပေါ် အခြေပြု ဖန်တီးကြတာတွေလည်း တွေ့ရပါတယ်။
တဖန် ခေတ်ပြိုင်အနုပညာ ဖန်တီးတင်ပြမှုကို လေ့လာကြည့်ရင် Concept အခြေပြု ဖန်တီးတင်ပြမှုတွေ ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် Artist တွေဟာ ကိုယ့်ရဲ့ Concept ကို ပိုင်နိုင်သေချာဖို့နဲ့ တင်ပြမှုမှာလည်း ကျွမ်းကျင်မှု ရှိဖို့ အရေး ကြီးတာတွေ့ရပါတယ်။
နိုဝင်ဘာ ၁၆ က ၂၀ ရက်နေ့အထိ ဗိုလ်ဆွန်ပက်လမ်း အောက်ဘလောက်က ဗိုလ်ဆွန်ပက် အနုပညာပြခန်းမှာ ပြုလုပ်တဲ့ ပန်းချီဆရာ မင်းသူရိန်ရဲ့ “အရှင်လတ်လတ်” လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲမှာ ခေတ်ပြိုင်သဘောနဲ့ ခေတ်ပြိုင်သရုပ်ကို အထင်အရှား တွေ့မြင်ရပါတယ်။
ပြပွဲမှာ အခရိုင်းလစ်၊ ရေဆေးနဲ့ မင်ခြစ် လက်ရာ ၁၉ ခုကို ခင်းကျင်းပြသထားပါတယ်။ ထူးခြားတာက Artwork တိုင်းမှာ ဦးခေါင်း မပါတဲ့ ပန်းချီပုံတွေ ပါဝင်နေခြင်းပါ။ အဲဒီထဲမှာ သူကိုယ်တိုင်ရဲ့ ပုံတူ၊ ကမ္ဘာကျော် ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးရဲ့ပုံတူ၊ ပြီးတော့ ကမ္ဘာကျော် ပန်းပုဆရာကြီး ရိုဒင်ရဲ့ Thinker ပန်းပု ပုံတူ၊ အားလုံးဟာ ခေါင်းမပါပါဘူး။ အရောင် Expression မှာတော့ (ပန်းချီဆရာရဲ့) စိတ်အမြင် အရောင်ကို အထူးပြု သုံးစွဲ ရေးဆွဲထားတာ တွေ့ရပါတယ်။ အလှအပ ဆိုတာထက် Concept ကို အခြေပြု ဖန်တီးရေး ဆွဲတာတွေ့ရပါတယ်။ ဖိတ်စာမှာတော့ “အရှင်လတ်လတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ …
ခေါင်း မပါဘူး၊ ကိုယ် မပါဘူး
ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း တခုမဟုတ် တခု
ပြုတ်ထွက်နေရ
အရှင်လတ်လတ် … လို့ ပြပွဲဖိတ်စာလေးမှာ ရေးသားထားတာလည်း တွေ့ရပါတယ်။ Artist မင်းသူရိန် ဘာကြောင့် ဒီလိုမျိုး ပန်းချီရေးဆွဲ တာပါလိမ့်။
“ကျနော် ၂၀၁၁ ခုနှစ်လောက် ကတည်းက ကိုယ့်ကိုယ်ကို စိတ်အလိုမကျတာတွေ ခံစားမိတယ်။ ကိုယ်ကိုယ်တိုင်မှာ တခုခု လိုနေသလိုမျိုးပေါ့။ လူတွေကို ကြည့်တော့လည်း သူတို့မှာ နေ့စဉ်လှုပ်ရှားသွားလာ နေကြပေမယ့် သူတို့ ခန္ဓာကိုယ်မှာ တခုခု လိုနေတယ်လို့ ခံစားမိနေခဲ့တယ်။ ဒါနဲ့ Sketch ပေါင်းများစွာ ရေးဆွဲဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် အထိ ပန်းချီကားအဖြစ် ဖန်တီးဖို့ ဖြစ်မလာသေးဘူး” လို့ ဖန်တီးဖို့ စတင်လာရာကို ရှင်းပြပါတယ်။
“တကယ် ဖန်တီးဖြစ်လာတာက အခု ၂၀၁၃ ခုနှစ်မှာပါ။ မလေးရှားက ပြန်ရောက်လာကြတဲ့ ကျနော့် သူငယ်ချင်းတွေနဲ့ တွေ့ဆုံ စကားပြောဖြစ်၊ မေးမြန်းဖြစ်ပြီးနောက်မှာ ကျနော် အရင်က ဖန်တီးချင်နေမိတဲ့ အကြောင်းအရာကို ပေါင်းဆင့် နှိုးဆွလိုက်တယ်လို့ ထင်ပါတယ်။ သူတို့ နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေရင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ နောက် အသက်ကို ဖက်နဲ့ထုပ်ပြီး ပြန်လာဖို့ ကြိုးစားရတာတွေ၊ လူသား တယောက်အနေနဲ့ အရှင်လတ်လတ်ကြီး ဒုက္ခသုက္ခတွေ ရောက်ပြီး ရှင်သန်နေကြပါလားလို့ ထပ်ဆင့် ခံစားမိလာရာကနေ အခုလို ဖန်တီးတင်ပြ လိုက်တာပါ။ သို့ပေမယ့် အခက်အခဲ ဒုက္ခတွေကို မီးမောင်းထိုးပြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်နဲ့ကိုယ် နာကျင်မှုနဲ့ ဒဏ်ရာတွေကြောင့် ကိုယ်လက်အင်္ဂါတခုခု ပြုတ်ထွက်နေတယ် ခံစားမိတယ်။ ထပ်ဆင့် ခံစားမိပြီး အခုလို ဖန်တီး ရေးဆွဲ တင်ပြရတာပါ။ ပြောရရင် ခင်ဗျားရဲ့ မပြည့်စုံမှုတွေကို မြင်နေတယ်ပေါ့” လို့ သူက ဆက်ပြောပါတယ်။
Artist မင်းသူရိန်ဟာ ပန်းချီဆရာ တဦးဖြစ်သလို၊ လင်းသဏ်ညီ ကလောင်အမည်နဲ့ ကဗျာတွေ ရေးဖွဲ့နေတဲ့ ထင်ရှားတဲ့ လူငယ်ကဗျာဆရာ တဦးပါ။ ပန်းချီနဲ့ ကဗျာဟာ သူ့ဘ၀ သူ့ဖြတ်သန်းမှု ဖြစ်တယ်၊ တခုနဲ့တခုလည်း ဆက်စပ်နေတယ်၊ ကဗျာပဲရေးရေး ပန်းချီပဲ ဆွဲဆွဲ သူ့ဘဝထဲက ရလာတာတွေ ဖြစ်ကြောင်း၊ ပန်းချီရေးဆွဲ ဖြစ်တာကို ကဗျာပါ ရေးဖွဲ့ဖြစ်ကြောင်း ပြောပါတယ်။
သူ့ကို ၁၉၈၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွေးဖွားပါတယ်။ ငယ်စဉ်က တောင်ကုတ်မြို့ရှိ ရသရင်ပြင် ပန်းချီအနုပညာ လုပ်ငန်းမှ ပန်းချီကျောင်းဆင်း ဆရာတွေထံမှာ သင်ယူခဲ့ပြီး၊ ပန်းချီကို အနီးကပ် သင်ယူခဲ့တာကတော့ ပန်းချီဆရာကြီး ဘယေးညိုထံမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ AGTI (Mechanical) အောင်မြင်ခဲ့ပေမယ့် ပန်းချီရေးဆွဲခြင်း၊ ကဗျာစာပေရေးသားခြင်းနှင့် သရုပ်ဖော် ပန်းချီပုံရေးဆွဲခြင်းကို အချိန်ပြည့် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
Artist မင်းသူရိန်ရဲ့ ပန်းချီပြပွဲကို သုံးသပ်ရရင် ခေတ်ပြိုင် တွေ့ကြုံ ဖြတ်သန်းရမှု အပေါ် လူသား၏ ဘ၀ ရှင်သန် ရပ်တည် လှုပ်ရှား ရုန်းကန်နေရမှုကို Artist ကိုယ်တိုင်ရဲ့ ခံစားမှု၊ ကျွမ်းကျင်မှုများနဲ့ ရေးဆွဲ တင်ဆက်ထားသည့် ပြပွဲ ဖြစ်ကြောင်းနှင့် လူသားရဲ့ အရှင်လတ်လတ် လှုပ်ရှား ရုန်းကန် ရှင်သန် နေကြပေမယ့် ဦးနှောက်နဲ့ စဉ်းစားတွေးခေါ်တာတွေ၊ ခံစားနားလည်တာတွေလည်း ယုတ်လျော့ပျောက်ဆုံး နေတယ်လို့လည်း ထပ်ဆင့် ခံစားစေပါသည်ဟု သုံးသပ်ရပါသည်။ ။