SFU

Facebook အဆိုတော် မေမြတ်မွန်နဲ့ အင်တာဗျူး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သိပ်မကြာသေးခင် ကာလက ဖေ့စ်ဘုတ်မှာ ပြန်ဆိုတေး ဗီဒီယိုဖိုင်တွေကြောင်း တဟုန်ထိုး လူသိများလာသူ၊ အငြင်းပွားဖွယ် ဖြစ်လာရသူတဦး ရှိပါတယ်။ သူကတော့ သြတြေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၈ နှစ် အရွယ်ရှိ မေမြတ်မွန်ပါ။ မေမြတ်မွန်ရဲ့ Facebook မှာ မြန်မာသံ တေးသီချင်း၊ ခေတ်ပေါ် သီချင်း၊ အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ပြန်လည် သီဆိုထားရုံမက သူ့မရဲ့ ခံစားချက်တွေ၊ ဗဟုသုတဆိုင်ရာ အကြောင်းတွေကိုပါ ပြောပြ၊ ဖတ်ပြထားတဲ့ ဗီဒီယိုဖိုင်ပေါင်း ၈၈ ဖိုင်လောက် ရှိတယ်လို့ သိရပါတယ်။

မေမြတ်မွန်ရဲ့ သီချင်းဆို ပိုင်နိုင်ရုံတင်မက သူမရဲ့ ဝတ်စားဆင်ယင်မှုကြောင့်လည်း လူသိများလာတာ၊ အငြင်းပွားကြတာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ရောက်ရှိခဲ့တဲ့ မေမြတ်မွန်ဟာ လက်ရှိမှာ သြစတြေးလျ နိုင်ငံသားတဦးနဲ့ လက်ထပ်ထားပြီး မြန်မာပြည်ကို ပြန်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ Facebook မှာ ရုတ်တရက် နာမည်ကြီး လူသိများလာတဲ့ မေမြတ်မွန်နဲ့ ပတ်သက်လို့ သိချင်နေတဲ့ အွန်လိုင်းပရိသတ်တွေအတွက် မေမြတ်မွန် သီချင်းတွေ ဆိုဖြစ်ပုံနဲ့ သူမရဲ့ အကြောင်းတွေကို မစပ်စုက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ အခု မေမြတ်မွန်ရဲ့ ဗီဒီယိုဖိုင်တွေက ဘယ်ကာလလောက်ကတည်းက စလုပ်ပြီး Facebook မှာ တင်ဖြစ်နေတာလဲ။

ဖြေ။     ။ ဒီဗီဒီယိုဖိုင်တွေက Facebook စသုံးကတည်းက တင်ဖြစ်တာ တနှစ်၊ နှစ်နှစ်လောက် ကြာနေပါပြီ။ အဲ့ဒီကတည်း ကိုယ့်အားလပ်ရက်ကလေးတွေမှာ သွင်းပြီးတော့ လုပ်စရာရှိတာ လုပ်ထားတာပေါ့။ မနက်ပိုင်းဆို သီချင်းက ဆိုချင်စိတ်ဖြစ်လာပြီ။ အပျော်ပေါ့နော်။ တခါတလေကျရင် သီချင်းက မှန်တာလည်း မရှိဘူး။ မှားတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကိုယ်က အပျော်သဘောပဲလေ။ သူငယ်ချင်းတွေကို လက်ဆောင်တွေလည်း ပေးချင်တယ်။

မေး။     ။  ဒါဆို စတင်တင်ချင်းမှာ ဘယ်သူမှ သတိမထားမိသေးဘူးဆိုတဲ့ သဘောလား။ ဒီလောက် နှစ်နဲ့ချီ ကြာခဲ့ပြီး အခုမှ Facebook မှာ like ကြ share နေကြတာ ဘာကြောင့်လို့ ထင်မိလဲ။

ဖြေ။     ။ စတင်တင်ချင်းကို အဲဒီလောက်အထိ Share တာတွေ ဘာမှမရှိသေးဘူး။ ဒီနှစ်ပတ်အတွင်းကို ဘယ်လိုကနေ ဘယ်လို ပျံ့သွားလဲ မသိဘူး။ တဟုန်ထိုးကြီး ဖြစ်သွားတာ။ ဒီနှစ်ပတ်အတွင်းကိုပဲ သူငယ်ချင်းပေါင်း ၅ ထောင်ရလာတာ။ ဖြစ်ချင်တော့လည်း ဝုန်းကနဲ ဒိုင်းကနဲ Share ကြတော့တာပဲ။ ကိုယ်လုပ်နေတာ လွန်ခဲ့တဲ့နှစ်တွေ ကတည်းကပါ။ ဒီနှစ်ပတ်အတွင်းမှာမှ သူငယ်ချင်းပေါင်း ၅ ထောင်က လာ Add ကြတာပါ။ ကျမကလည်း မာန မကြီးဘူးလေ။ အကုန်လုံးကို လက်ခံတယ်။

မေး။     ။ တချို့သူတွေရဲ့ Comment တွေမှာ တွေ့ရတာက မေမြတ်မွန် အခုလို သီချင်းတွေ ဆိုဖြစ်နေတာ စိတ်ထွက်ပေါက် တခုအနေနဲ့ လုပ်နေတာလား ဆိုတဲ့အပေါ် ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။     ။ ခံစားချက် ဆိုတာကတော့ အမြဲရှိနေတာပဲလေ။ ဥပမာ ကိုယ့်အမေနဲ့ဆိုလည်း ခံစားချက်တခုက ဖြစ်လာတယ်။ ကိုယ့်ရည်းစားနဲ့ဆိုလည်း ခံစားချက်တခုပေါ့။ ကိုယ်နဲ့နေ့စဉ် ထိတွေ့နေတဲ့ လူတိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ့်မှာ ခံစားချက် တမျိုးစီရှိတယ်။ အဲဒီ ခံစားချက်လေးတွေကို ဖော်ထုတ်ပြလိုက်တာ။ ဒါတွေက သူများလည်း သိတယ်။ သူများတွေမှာလည်း ရှိမှာဘဲ။ နေ့စဉ်တွေ့နေရတဲ့ လူတွေနဲ့ ဖြစ်ဖြစ်လာသမျှ ခံစားချက်တွေကို ကိုယ်က သီချင်းလေးနဲ့ ဖော်ထုတ်လိုက်တာ။ အံဝင်ခွင်ကျ သီချင်းလေးတွေကလည်း ရှိနေတယ်။ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းပေါ့နော်။ ကိုယ်ကလည်း အမြဲတမ်း အိမ်မှာဆိုနေတော့ သီချင်းတွေကလည်း ရနေတယ်။ အဲဒီတော့ သူငယ်ချင်းတွေကို ပြန်ဖျော်ဖြေလို့ ရတာပေါ့နော်။

မေး။     ။ မေမြတ်မွန်ရဲ့  အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ပြောပြပေးလို့ရမလား။

ဖြေ။    ။ ကျမ ပထမ ခင်ပွန်းနဲ့ အသက် ၁၇ နှစ်မှာ လက်ထပ်ပါတယ်။ ၁၈ နှစ်မှာ သားလေးကို မွေးတယ်။ အသက် ၂၂ နှစ်မှာ သူနဲ့ လမ်းခွဲလိုက်တယ်။ သူကတော့ သင်္ဘောအင်ဂျင်နီယာပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ခြေထေက်ပေါ် ကိုယ်ရပ်တည်ချင်လို့၊ သူများလုပ်စာ ထိုင်မစားချင်ဘူးဆိုပြီး ကိုယ့်ဖာသာ ရှာမယ်လို့ ဆုံးဖြတ်ပြီးတော့ သြစတြေးလျကို ထွက်လာခဲ့တယ်။ သြစတြေးလျကို ကျမရဲ့ အမေက အရင်ရောက်ပါတယ်။ ပြီးတော့ ကျမနဲ့ ကျမ မောင်လေးကို ခေါ်လိုက်တယ်ပေါ့။ သားလေးကိုတော့ မြန်မာပြည်မှာ ထားခဲ့ရတာပေါ့။ အခု သူ့အဖေနဲ့ ရန်ကုန်မှာ နေပါတယ်။ သူ့အဖေကလည်း နောက်အိမ်ထောင်ပြုထားပါတယ်။ ဒီ သြစတြေးလျရောက်ပြီး တနှစ်ကြာတော့ ကျမ လက်ရှိ ခင်ပွန်းနဲ့ အွန်လိုင်းမှာတွေ့တယ်။ သူ့မှာက ကလေး ၃ ယောက်ရှိတယ်။ သူက တခါမှ လက်မထပ်ထားဘဲ ပထမအမျိုးသမီးနဲ့ အတူနေပြီး နောက်တော့ လမ်းခွဲလိုက်ပြီး တော်တော်ကြာတော့ ကျမနဲ့တွေ့တယ်။ ကျမနဲ့ ချစ်ပြီး ၄ နှစ်ကြာတော့ ကျမတို့ လက်ထပ်လိုက်ကြတယ်။ သူက လက်သမားပါ။ Kitchen တွေ ဆောက်တယ်။ သူက ကျမကို အရမ်းချစ်တယ်။ နားလည်တယ်။ ဘာလုပ်လုပ် သည်းခံတယ်။ ကျမကလည်း သူ့ကို သနားတယ်။ စာနာတယ်။ အဲ့ဒါကြောင့်လည်း လက်ထပ်ဖြစ်သွားတာပါ။

မေး။     ။  အခုလို သီချင်းပေါင်း မနည်းမနောကို ပြန်ဆိုနေတာ တွေ့ရတော့ ဒီအဆိုအနုပညာနဲ့ ရှေ့လျှောက် တေးစီးရီး ထုတ်တာတို့ Professional အဖြစ် လုပ်သွားဖို့ရှိမလား။

ဖြေ။     ။  ကျမ မသေမချင်း သီချင်းကတော့ ဆိုသွားဦးမှာပါပဲ။ ဒါဟာ ကျမရဲ့  Favourite အဖြစ်ဆုံး ဝါသနာဆိုတော့ ဆိုသွားမှာပါပဲ။ ဒါပေမယ့် စီးရီးထုတ်တယ် မထုတ်တယ် ကိစ္စကကျတော့ ကျမမှာ အခွေထုတ်ဖို့အတွက် အရင်းအနှီး မရှိပါဘူး။ သူက အများကြီးလိုတယ်။ အဲဒီအတွက် ကျမ မထုတ်နိုင်ပါဘူး။   သီချင်းလေးတွေ ဆိုထားတဲ့ ဗီဒီယိုဖိုင်လးတွေကို Facebook မှာ တင်မယ်။ ဒီလောက်ပါပဲ။ Professional လုပ်ဖို့ အစီအစဉ် မရှိပါဘူး။

မေး။     ။ မြန်မာနိုင်ငံမှာ နေခဲ့တုန်းကရော အခုလို အဆိုပညာနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ကိုင်ခဲ့တာရှိလဲ။ ဥပမာ- သီချင်းဆိုပြိုင်ပွဲတွေ ဝင်ပြိုင်တာတို့လိုမျိုးပေါ့။

ဖြေ။     ။  မြန်မာနိုင်ငံမှာနေခဲ့တုန်းကတော့ စတာကတော့ ရပ်ကွက်ပိုင်းက စတာပေါ့နော်။ ရပ်ကွက်ထဲက လွတ်လပ်ရေးနေ့ဆို သီချင်းဆိုပြိုင်ပွဲရှိတယ်။ အဲဒီမှာ ၃ နှစ်ပြိုင်တယ်။ ၃ နှစ်လုံး ဆုရပါတယ်။ ပထမနှစ်မှာ ဒုတိယဆု၊ ဒုတိယနှစ်မှာ ပထမဆု၊ တတိယနှစ်မှာ ပထမဆု ရတယ်။ နောက်နှစ်ကျတော့ ရပ်ကွက်လူကြီးက ပြောတယ်။ Presenter ပဲ လုပ်တော့ပါတဲ့။ ဒီနှစ်လည်း နင်ရဦးမှာပဲဆိုပြီး ပြောတယ်။ အဲဒါနဲ့ အပျော်လေးပဲ ဆိုပြီး Presenter ပဲ လုပ်တယ်ပေါ့။ အဲဒီနောက် ၂၀၀၂ ခုနှစ်က City FM ရဲ့ သီချင်းဆိုပြိုင်ပွဲမှာ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ သီချင်းနဲ့ ဒုတိယဆု ရခဲ့တယ်။ နောက် မြန်မာ့အသံလား MRTV-4 လားဆိုတာ မမှတ်မိတော့ဘူး။ အဲဒီမှာ ပြိုင်ပွဲတခု လုပ်တယ်ဆိုလို့ သွားဝင်ပြိုင်ပေးတယ်။ ဒါပေမယ့် ဆုမရပါဘူး။

မေး။     ။ အဲဒီတုန်းကရော Professional ဖြစ်ဖို့ ရည်ရွယ်ပြီး လုပ်တာလား။ အပျော်တမ်းအနေနဲ့ပဲ ဝင်ပြိုင်ဖြစ် ခဲ့တာလား။

ဖြေ။     ။ အဲဒီတုန်းကတော့ ငယ်သေးတော့ Professional ဖြစ်ဖို့အတွက် မျှော်လင့်ချက် ရှိတာပေါ့။ ဒီလောက် ဝါသနာပါတာ။ သူများ စီးရီး ထုတ်ပေးရင်တော့ သိပ်ကောင်းမှာပဲပေါ့။ အဲလိုမျိုးနဲ့ ပြိုင်တာပေါ့။ ဒါပေမယ့် မရပါဘူး။ ဘယ်သူမှလည်း စိတ်မဝင်စားကြဘူးလေ။ အဲဒါနဲ့ ဒီအတိုင်းပဲ ဒီဘက်ကို ထွက်လာတာ။

မေး။     ။  အရင်က အဆိုတော် အရမ်းဖြစ်ချင်ခဲ့ အိပ်မက်ခဲ့စဉ်တုန်းက ဘယ်သူမှ စိတ်ဝင်စားမှုမရှိခဲ့ဘဲ အခုမှ မေမြတ်မွန်ကို စိတ်ဝင်စားလာကြတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။     ။ အဲဒါက ကံပေါ့နော်။ ကံကောင်းတဲ့အချိန်လို့ ပြောရမှာပေါ့။ အားလုံးက ချစ်ပြီးတော့ အားပေးကြပါတယ်။ တချို့ ဆဲတဲ့သူက ဆဲနေပေမယ့် ချစ်တဲ့သူက ချစ်ကြတော့ ဒါ ကံပဲလို့ သဘောထားပါတယ်။ ပျော်လည်းပျော်ပါတယ်။ လုပ်ရကျိုးလည်း နပ်ပါတယ်။

မေး။     ။ မေမြတ်မွန်ရဲ့  ဗီဒီယိုဖိုင်တချို့မှာ မေမြတ်မွန်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါလဲ။

ဖြေ။     ။  ဒါကတော့ လုပ်ယူလို့ မရဘူးလေ။ သူ့အမြင်နဲ့ ကိုယ့်အမြင်မတူဘူးလေ။ ကိုယ်က မြန်မာသီချင်းတွေ ဆိုနေတာဆိုတော့ မြန်မာလူမျိုးတွေအတွက် ဆင်ခြင်ရမယ်လို့တော့ မြင်မိပါတယ်။ နောက်ဆို သူတို့ မကြိုက်တာတွေလည်း မဝတ်တော့ပါဘူး။ ဘာမကြိုက်ဘူးလဲဆိုတာ သိသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူများကိုလည်း စိတ်ဒုက္ခ မပေးချင်ဘူးလေ။ နောက် ကိုယ့်ဘက်က ဆင်ခြင်ရုံပဲရှိပါတယ်။ အရွဲ့တိုက်ဖို့လည်း စိတ်ကူးမရှိဘူး။ စိတ်ဆိုးဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါ သူ့အမြင်ပဲလေ။ သူက ဒီမှာနေရင် ဒီလိုပဲ မြင်မှာပဲ။ ကိုယ်က ဒီဘက်မှာနေလို့သာ ဒီလိုမြင်နေပေမယ့် သူက သူ့နိုင်ငံထဲမှာဆိုတော့ ဒီလိုပဲ မြင်ကြမှာပါပဲ။ အဲ့ဒီအတွက် ဘာမှ ပြောစရာမရှိပါဘူး။ ဝေဖန်ကြပါစေ။

မေး။     ။  နောက်ပိုင်းမှာလည်း Facebook မှာ အခုလို သီချင်း ဗီဒီယိုဖိုင်တွေ ဆက်တင် ဆက်လုပ်သွား ဖို့ရှိမလား။

ဖြေ။     ။ ဟုတ်ကဲ့ ရှိပါတယ်။ ဘယ်သူအားပေးပေး မပေးပေး ကိုယ့်ဖာသာ ကြည့်ဖြစ်တယ်လေ။ ကိုယ့်ဖာသာ အားပေးတယ်လေ။ အစကတည်းက သူများအားပေးဖို့ မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကို ကြည့်ဖို့အတွက် ကိုယ့်ဝါသနာ အရပါ။ ကိုယ်ရဲ့ မှတ်တမ်းပေါ့။ ကိုယ်အသက်ကြီးလာရင် ပြန်ကြည့်ရအောင်လို့ ကိုယ်ဘာတွေ ဆိုခဲ့လဲ။ ဒီသီချင်းလေးတွေကို ပြန်ပြီး ကိုယ်အသက်ကြီးလာရင် ပြန်နားထောင်ရအောင်လို့ ဒီသီချင်းတွေကိုတော့ အမြဲတမ်းဆိုသွားမှာပါပဲ။ Favourite ဖြစ်တဲ့ သီချင်းလေးတွေကို ကိုယ့်ဖိုင်ထဲမှာ သိမ်းထားတဲ့သဘောပါပဲ။ ကြိုက်တဲ့ သူငယ်ချင်းတွေလည်း နားထောင်နိုင်တာပေါ့။ ဒီသဘောပါပဲ။

မေး။     ။ Facebook ကနေ မေမြတ်မွန်ကို သူတို့ကြိုက်တဲ့ သီချင်းတွေ သီဆိုပေးဖို့ တောင်းဆိုတာတွေရော ရှိလား။ အခုနောက်ပိုင်း သူငယ်ချင်းပေါင်း ၅ ထောင်နီးပါး ဖြစ်လာပြီဆိုတော့ သူတို့ တောင်းဆိုတာတွေရော ဆိုပေးဦးမှာလား။

ဖြေ။     ။ တောင်းဆိုပါတယ်။ ဟိုးအရင်ကတည်းက သူငယ်ချင်းတွေက တောင်းဆိုကြတယ်။ တခါတလေ သူတို့ တောင်းဆိုတဲ့သီချင်း ကိုယ်မရတာလည်း ရှိရင် မဆိုဘူးပေါ့နော်။ ဒါပဲနားထောင်ပေါ့။ ဒါပဲရတယ်လို့ ကျမကတော့ ပြန်ပြောတာပဲ။ သူတို့လည်း ကျေနပ်ပါတယ်။ သူတို့လည်း ရတာကို နားထောင်တယ်။ ဘယ်သူမှ ချေးမများဘူး။ နောက်ပိုင်း သူငယ်ချင်းတွေ တောင်းဆိုတဲ့ သီချင်းတွေလည်း ဆိုပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရထားတဲ့ သီချင်းတွေက ပြောရမယ်ဆိုရင် အများကြီးလေ။ ကိုယ်က ဆိုပေးချင်တယ်။ အခုဆိုရင် ပျော်တယ်။ သူငယ်ချင်း ငါးထောင်ဆိုတော့ တယောက်ကို တပုဒ်နှုန်းနဲ့ဆိုပေးဦး။ အပုဒ်ရေငါးထောင် ဆိုလို့ရပြီ။ အရမ်းပျော်တယ်။

မေး။     ။ ဒါဆို မေမြတ်မွန်ရဲ့ အိပ်မက်က သီချင်းဆိုနေရရင်ပြီးရော ဆိုတာလား။

ဖြေ။     ။ ဟုတ်ပါတယ်။ သီချင်းဆိုနေရရင် ပြီးပြီ။

မေး။     ။ Blog တွေ၊ Facebook စာမျက်နှာတွေမှာ မေမြတ်မွန်ရဲ့  ဗီဒီယိုဖိုင်တွေတင် မဟုတ်ဘဲ မေမြတ်မွန် ဘာလုပ်နေလဲ။ မေမြတ်မွန် အိမ်ထောင်ပြုတော့မယ် စသဖြင့် သတင်းတွေရေးကြ ပြောကြ ဆိုကြဆိုတော့ မေမြတ်မွန်ကို Celebrity တယောက်လို စောင့်ကြည့်ပြောဆိုနေကြတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။     ။  အခုက အဲလို အနေအထား ဖြစ်လာပြီဆိုတော့ အရင်တုန်းကလိုတော့ ပရမ်းပတာ လုပ်ချင်တိုင်း လုပ်လို့မရတော့ပါဘူး။ ကိုယ့်ပရိတ်သတ်ကို ထည့်စဉ်းစားရတော့မှာပေါ့။ ကိုယ့်ပရိတ်သတ်ကို စော်ကားမိမလား သူတို့ မကြိုက်တာများ လုပ်မိမလား။ အဲ့လိုပူပန်တာတွေ ရှိလာပါတယ်။ ပိုပြီး ဆင်ဆင်ခြင်ခြင် လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့် ပင်ကိုယ် အကျင့်စရိုက်ကတော့ ဖျောက်လို့ မရဘူးပေါ့နော်။ သူများကို မစော်ကားမိအောင်တော့ လုပ်ရမှာပါပဲ။ ဒါပါပဲရှင်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading