စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်) ရဲ့ဝတ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပုံဖော် ရိုက်ကူးထားပြီး လတ်တလော ရုံတင်ပြသနေပြီဖြစ်တဲ့ “အဖြူရောင်ရဲတိုက်” ရုပ်ရှင်ဇာတ်ကားက မူရင်းဝတ္ထုနဲ့ ကွဲလွဲချက် ရှိနေတယ်၊ ဇာတ်ကား ကြော်ငြာ ပိုစတာမှာ “မှော်ဝင်အနုပညာရှင် ၃ ဦး ရဲ့ အားပြိုင်ပွဲ” လို့ ကြေညာခဲ့ပေမယ့် ရုပ်ရှင်ဇာတ်ကားမှာ အဓိက ဇာတ်ကောင် သရုပ်ဆောင် တွေရဲ့ ဇတ်ဝင်ခန်း တွေက မမျှမတဖြစ်နေတယ် ဆိုတဲ့ ဝေဖန် အငြင်းပွား တွေ လူမှု ကွန်ရက် Facebook စာမျက်နှာ တွေနဲ့ ပရိသတ် တွေကြားမှာ ထွက်ပေါ်နေတာ နဲ့ ပတ်သက်လို့ “အဖြူရောင်ရဲတိုက်´´ ရုပ်ရှင် ဇတ်ကားရဲ့ အဓိက သရုပ်ဆောင်တဦး ဖြစ်တဲ့ မင်းသားနေတိုးကို ဧရာဝတီသတင်းထောက် မေမြန်မာက တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။ ။ “အဖြူရောင်ရဲတိုက်” နဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ကိုနေတိုး ပရိသတ် တွေရဲ့ခံစားချက်အပေါ် ကိုနေတိုးအမြင်ကို ပြောပြပေးပါဦး။
ဖြေ။ ။ ဒီဇာတ်ကားကိုကြည့်တဲ့အချိန်မှာ ပရိသတ်ခံစားရသလိုပဲ ကျနော်လည်းမြင်မိတယ်။ ဒီလိုဘာကြောင့် ဖြစ်လာသလဲ ဆိုတဲ့အပေါ်မှာ ပရိသတ်တွေက ကျနော်တို့ အနုပညာရှင်တွေကို မေးမြန်းတဲ့အပိုင်းတွေ ရှိခဲ့တယ်။ တချို့ဇာတ်ဝင်ခန်းတွေ မပါဝင်ခဲ့တဲ့အတွက်ကြောင့် ပရိသတ်တွေက ဒါရိုက်တာကို အဓိက ဦးစားပေးပြီး မေးမြန်း ခဲ့တဲ့အပေါ်မှာ ဒါရိုက်တာရဲ့ဖြေကြားမှုတွေအပေါ်မှာ တချို့ဖြေကြားမှုတွေက ပြည့်စုံမှုနည်းနေတဲ့ အတွက်ကြောင့် ဝေဖန်မှု တွေက ဒီထက်မကပြင်းထန်လာတယ်။ အခုအချိန်မှာတော့ ပရိသတ်တွေနားလည်ကျေနပ်လောက်တဲ့ ဖြေကြားမှုတွေ ဒါရိုက်တာက ဖြေကြားလိုက်တဲ့အခါကျမှ ဒါတွေကြောင့် ဒီလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ အပေါ်မှာလည်း သူတို့ကျေနပ်သွားတဲ့အတွက် သူတို့စိတ်ကလေးတွေ အေးချမ်းသွားပြီလို့ ကျနော်မြင်ပါတယ်။
မေး။ ။ ဇာတ်ပြိုင်လို့ ဆိုပြီးတော့ ကိုနေတိုးရဲ့နာမည်ကိုအဓိကထားပြီး ပိုစတာမှာ ကြော်ငြာထားတာတွေ့ရတယ်။ ဒါပေမယ့် အခုလို ကိုနေတိုးပါဝင်တဲ့အခန်းက နည်းသွားတဲ့အပေါ်မှာ ကိုနေတိုးရဲ့ ခံစားချက်ကိုလည်း ပြောပြ ပေးစေ ချင်ပါတယ်။
ဖြေ။ ။ ပရိသတ်နဲ့ထပ်တူထပ်မျှ ကျနော့်ကို လှည့်စားလိုက်သလို ခံစားရပါတယ်။ ဒါပေမယ့်လည်း အမှားတခုကို ခံလိုက်ရတဲ့အပေါ်မှာ ခွင့်လွှတ်ခြင်းဆိုတဲ့အရာက အကောင်းဆုံးဖြေရှင်းနည်းတခုပါ။ ဒါရိုက်တာက ကျနော်အပါအဝင် ပရိသတ်ကို ဒီကားအတွက် ခွင့်လွှတ်ပေးဖို့တောင်းဆိုထားတယ်။ ဒီကားက ဒီလိုမျိုးဖြစ်သွားတဲ့အတွက် ကျနော့်ဘဝမှာ၊ ကျနော့် အနုပညာဖန်တီးခွင့်ကို ရီဂျက်ဖြစ်သွားတဲ့ ဇာတ်ကားတကားလို့ သူတို့ကိုလည်း ဖြေသိမ့်ပေးထားပါတယ်။ ဒီဇာတ်ကား ကိုရိုက်တဲ့ ဒါရိုက်တာက သူဖြတ်တောက်တဲ့အချိန်မှာ ကျနော့်ရဲ့ဇာတ်ဝင်ခန်းတွေ ပါသွားပါတယ်။ သူဖြတ်တောက်ရတာက ဇာတ်ကားက ရှည်နေတာကြောင့်ပါလို့ ဆိုတယ်။ ပရိသတ်အမြင်မှာ နည်းတယ်လို့ ယူဆသွားတာက သူ့အမှားပေါ့။ ကားတကားကို တည်းဖြတ်တဲ့အချိန်မှာ ဇာတ်ကားတခုရဲ့tempo ရှိတယ်။ မင်းသား အပြိုင် ဆိုတာထက် ဇာတ်တခုကိုပိုပြီးတော့ လုံခြုံအောင်၊ သွက်သွားအောင် လုပ်တဲ့အခါ ကျနော်ရဲ့ ဇာတ်ဝင်ခန်း တော်တော်များများက ဖြတ်တောက်တဲ့အထဲ ပါဝင်သွားခြင်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လို့ဆိုတယ်။ ဒီလိုမျိုး နောက်နောင် မဖြစ်ဖို့အတွက်ကိုလည်း သူတောင်းပန်ပါတယ်။ ဒီကားနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကိုလည်း နားလည်ခွင့်လွှတ်ပြီး ကြည့်ပေးဖို့ နဲ့ နောက်နောင်မဖြစ်စေရပါဘူးဆိုပြီး သူ ဖွင့်ဟဝန်ခံ တောင်းပန်သွားတယ်။ အဲဒီအပေါ်မှာလည်း ပရိသတ်ကလည်းကျေနပ်မှုတစ်ခု ရသွားပြီလို့ ကျနော်မြင်ပါတယ်။
မေး။ ။ အခုလို ဖြတ်တောက်တာ ကိုနေတိုးကို အသိပေးတိုင်ပင်မှုရှိခဲ့လား။
ဖြေ။ ။ မရှိပါဘူးခင်ဗျ။ ဒီကားကို ရုံတင်ပြီးမှသိရတာ။ ရုံတင်မှ ကျနော် ဒီကားကို ကြည့်ခွင့်ရတာ။
မေး။ ။ အခုအဖြစ်အပျက်ကို သင်ခန်းစာယူပြီးတော့ နောက်ပိုင်းတွေဆိုရင် ဇာတ်ကားတကားရိုက်တဲ့အခါ ဘယ်လိုလေ့လာ ပြင်ဆင်ထားမယ်လို့ ဆုံးဖြတ်ထားသလဲ။
ဖြေ။ ။ အစကတည်းက ကျနော်က နည်းနည်းတော့ လေ့လာတာပဲ။ အဓိကကတော့ ကျနော်တို့ အနုပညာလုပ်ငန်းမှာ တယောက် နဲ့တယောက် ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတာပဲ။ နောက်ပိုင်းမှာတော့ ယုံကြည်မှုဆိုတာထက်ကို နိုင်ငံတကာ ဆန်ဆန် ဇာတ်ကား ရိုက်ကူးမှုအတွက် Step By Step သွားရတော့မယ်လို့ ကျနော်ထင်တယ်။
မေး။ ။ ကိုနေတိုးအနေနဲ့ ယုံကြည်မှုဆိုတာကို ဘယ်လိုသဘောရလဲ။ ယုံကြည်မှုက ဘယ်အတိုင်းအတာ ထိထားရမယ် ထင်သလဲ။
ဖြေ။ ။ လူတယောက်ရဲ့သမိုင်းဟာ သူလုပ်တဲ့အလုပ်ပဲဗျ။ သမိုင်းဆိုတာ စကားမဟုတ်ဘူး။ စကားနဲ့ပြောရုံနဲ့ သမိုင်း မဖြစ်ပါဘူး။ သူလုပ်တဲ့အလုပ်ရဲ့ အဆိုးအကောင်း အမှားအမှန်ဟာ သူရဲ့သမိုင်းပါပဲ။ ကိုယ့်သမိုင်း လှပဖို့အတွက်
ကိုယ်လုပ်တဲ့ အလုပ် ကောင်းနေဖို့လိုပါတယ်။ သမိုင်းကောင်းချင်ရင်တော့ အလုပ်ကောင်းအောင် ကြိုးစားရမှာပဲ။ လှေတစီးတည်း အတူတူသွားပေမယ့် လူတစ်ယောက်ကလှေကိုလှုပ်ခတ်တယ်ဆိုရင် လှေက မှောက်သွားတတ်ပါတယ်။ တဦးတယောက်ရဲ့ဆန္ဒကြောင့် တစီးလုံးမှောက်သွားစေနိုင်မယ့် အဖြစ်အပျက်မျိုး အပြုအမူမျိုး မလုပ်မိဖို့လိုပါတယ်။ သမိုင်းဆိုတာအလုပ်ပါ။ ကိုယ့်သမိုင်းကောင်းဖို့အတွက် လက်ရှိ လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား တည်ဆောက်ဖို့ ကျနော် ပြောချင်တယ်။ ကျနော်လည်း အဲဒီလိုမျိုးခံယူချက်တွေနဲ့ တည်ဆောက်တယ်။
မေး။ ။ အနုပညာ အလုပ်နဲ့ ဖြတ်သန်းလာတဲ့ ကာလတလျှောက်မှာ မိမိကိုယ်ကိုအားရကျေနပ်မှုရှိလား။
ဖြေ။ ။ ဘဝဖြတ်သန်းမှု ဆိုတာက ကျေနပ်အောင်နေမှ ကျေနပ်တာလေ။ အဓိက ကတော့ ကိုယ့်စိတ်ကို ကျေနပ် နိုင်အောင် ကြိုးစားပြီး ရှေ့ဆက်လျှောက် လှမ်းရတာပဲ။ တစုံတခုကို စိတ်ထဲကမပြီးပြတ်ဘဲ ဖြစ်နေရင်၊ စိုးရိမ်နေရင် လက်ရှိ အလုပ်တဲ့အချိန်မှာအခတ်အခဲတွေ တွေ့လာနိုင်တယ်လေ။ကိုယ့်စိတ်ကို ကိုယ်အတတ်နိုင်ဆုံး ကျေနပ်နိုင်အောင် ကြိုးစားရင်းနဲ့ အနုပညာအားစိုက်မှုကိုပြန်ပြီးယူရတာပေါ့။
မေး။ ။ သည်းခံနိုင်စိတ်တွေကိုရဖို့ ဘယ်လိုအရာတွေက တွန်းအားပေးသလဲ။
ဖြေ။ ။ စိတ်ကိုကျေနပ်အောင်လုပ်တဲ့အချိန်မှာအဓိကတွန်းအားကတော့ဖန်းတီးခြင်းပဲ။ အနုပညာလုပ်တဲ့အချိန်
အနုပညာ ဖန်တီးချင်တဲ့စိတ်ကို အတွေ့အကြုံရယ်၊ အသစ်သစ်ဖန်တီးနိုင်သောတင်ပြပုံက အမြဲတမ်း လတ်ဆတ် နေရဖို့ အတွက် ပတ်ဝန်းကျင်ကိုလေ့လာဖို့ လိုအပ်တယ်။ နိုင်ငံတကာကိုလေ့လာဖို့ လိုအပ်တယ်။ ဒီလိုမျိုး လေ့လာမှုနဲ့မှ ကိုယ့်ရဲ့ အနုပညာကို ဥပမာ- ငါလုပ်တာကောင်းတယ်၊ ငါလုပ်တာကအမှန်ဆိုပြီး အတ္တကြီးက ဖုံးလွှမ်းသွားတဲ့ အချိန်မှာ အနုပညာကို အသစ် ဖန်တီးဖို့ဆိုတာ လုပ်လို့မရတော့ဘူး။ အသစ်သစ် ဖန်တီးနိုင်ဖို့အတွက် စိတ်ထဲမှာ ဥပမာ- ကျနော်တို့ ရေတခွက် သောက်လိုက်သလိုပဲ ခွက်အလွတ်တခုဖြစ်အောင် ကျနော်တို့က စိတ်ကိုရှင်းအောင်ပြန်လုပ်ရတယ်။ စိတ်ထဲမှာတခု ပြီးတိုင်း အပြင်ကိုထုတ်နိုင်အောင်ကြိုးစားတယ်။ စိတ်ထဲမှာရှိတဲ့အရာကို အချိန်ကြာကြာမထားဘဲ အလွယ် တကူ ထုတ်ပစ်နိုင်တဲ့ မေ့ဖျောက်ပစ်နိုင်တဲ့ စိတ်ခံစားမှုရှိရမယ်။ တယောက်ယောက်က ကိုယ်ရဲ့သရုပ်ဆောင်ချက်ကို ကြီးစိုးသွားပြီ ဆိုရင် သူ့အောက်ကို ရောက်သွားမှာလေ။ အနုပညာဖန်တီးမှုတိုင်းမှာ အကြာကြီးရပ်တည်နိုင်ဖို့က ကိုယ်ပိုင် ဖန်တီးမှုရှိဖို့ လိုအပ်ပါတယ်။ အကြာကြီးတည်မြဲနေတဲ့အရာမှန်သမျှက ကိုယ်ပိုင်ဖန်တီးမှုရှိလို့ပဲ။