မြန်မာပြည်က ဟစ်ပ်ဟော့ပ်ဂီတ မျက်နှာစာတန်းမှာ မျက်နှာသစ်တွေ အမြောက်အမြား ထွက်ပေါ်လာချိန်မှာ ဟစ်ပ်ဟောပ့် ရှေးဦးပိုင်း ကာလက ဂီတအဖွဲ့တခုဖြစ်တဲ့ Too Big အဖွဲ့ကတော့ ငြိမ်ချက်သား ကောင်းနေခဲ့ပါတယ်။ အခုတော့ အဲဒီ အဖွဲ့ထဲက အဖွဲ့သားတယောက်ဖြစ်တဲ့ စောညီညီက သူ့ရဲ့တကိုယ်တော်စီးရီးကို ပြင်ဆင်နေပြီလို့ သိရပါတယ်။
“ကျနော်က Too Big အနေနဲ့ အခွေတွေထွက်ခဲ့တယ်။ အားလုံးပေါင်းပြီးဆိုတဲ့ အခွေတွေ ထွက်ခဲ့တယ်။ တကိုယ်တော် အယ်လ်ဘမ်တော့ မထွက်သေးဘူပေါ့။ အဆိုတော်တယောက်အနေနဲ့ တကိုယ်တော် အယ်လ်ဘမ် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ တကိုယ်တော် ထွက်လာရင်တော့ ချပြချင်တဲ့ ဂီတက ဟစ်ပ်ဟော့ပ် အမျိုးအစားထဲကမှ Old school ဘက်ကို ပိုပြီးသဘောကျတာပေါ့နော်။ ဒါပေမယ့် New school သီချင်းတွေကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အသက်အရွယ်နဲ့ လိုက်တဲ့ စာသားတွေရှိတယ်။ အဲဒီတော့ ကိုယ်ကြိုက်တဲ့ ပုံစံမျိုးပဲ လုပ်ဖြစ်မှာပါ။ တကိုယ်တော်အခွေကို ၂၀၁၄ မကုန်ခင်လောက် ထွက်နိုင်အောင် ကြိုးစားနေတယ်” လို့ သူက ဧရာဝတီကတဆင့် ပရိသတ်ကို သတင်းပေးပါတယ်။
သူ့အနေနဲ့ ဟစ်ပ်ဟော့ပ် ဂီတလောကနဲ့ အဆက်အသွယ် ပြတ်သွားရခြင်း အကြောင်းရင်းကတော့ ဂျပန်နိုင်ငံမှာ ၃ နှစ်အကြာ သွားရောက်နေထိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ပြန်လည်ရောက်ရှိလာချိန်မှာ ကုမ္မဏီတခုမှာ အလုပ် ဝင်လုပ်နေရင်း အလုပ်တဘက်နဲ့ တကိုယ်တော် အခွေကို စီစဉ်နေတာဖြစ်ကြောင်း ပြောပါတယ်။ ကာလအတော်ကြာ ဂီတလောကမှာ ငြိမ်ချက်သား ကောင်းခဲ့တဲ့ Too Big အဖွဲ့အနေနဲ့ အဖွဲ့လိုက် လှုပ်ရှားမှုတွေရော ရှိဦးမှာလားဆိုတဲ့ အမေးကိုတော့ သူက “Too Big အနေနဲ့လည်း လုပ်ဖြစ်ဦးမှာပါ။ အဖွဲ့က ကွဲသွားတာ မဟုတ်ဘူး။ အိမ်ထောင်ကျတဲ့ သူကျ၊ ကျနော်ကလည်း အလုပ်နဲ့ ဆိုတော့ အရင်လို အားစိုက် မလုပ်ဖြစ်တာပါ” လို့ ဖြေပါတယ်။
လက်ရှိ စီးဆင်းနေတဲ့ ဟစ်ပ်ဟော့ပ်ရေစီးကြောင်း အပေါ်လည်း စောညီညီက သူ့အမြင်ကို ပြောပြပါတယ်။
“ကျနော်ကတော့ အရမ်းကျေနပ်ပါတယ်။ ကျနော်တို့တုန်းက ရှိတဲ့ အသိပညာလေးနဲ့ လုပ်ခဲ့ရတာ။ အခုခေတ် လူငယ်တွေလို နိုင်ငံခြားက ပညာ လာဖလှယ်တဲ့ အခွင့်အရေးမျိုး လုံးဝမရှိခဲ့ဘူး။ လူငယ်တွေက လေ့လာစရာတွေလည်း အရမ်း များလာတယ်။ လက်ရှိလုပ်နေတဲ့ လူငယ် အများစုကလည်း မြူးဇစ်ကို ကိုယ်တိုင် လုပ်နိုင်၊ တီးနိုင်တော့ ကျနော်ကတော့ အားရပါတယ်။ အခုခေတ် လူငယ်တွေက ကျနော်တို့ထက် ဖန်တီးမှုပါဝါ ပိုမြင့်ကြတယ်။ ဟိုခေတ်ကလူတွေက ကော်ပီတွေ လုပ်ကြတယ်။ အခုခေတ်လူငယ်တွေက အဲဒါမျိုးတွေ အရမ်းနည်းသွားပြီ။ နောက်ပိုင်းမှာ ကော်ပီဆိုတာ လုံးဝမရှိနိုင်တော့ဘူး” လို့ သူက ဆိုပါတယ်။
အရင်က ဟစ်ပ်ဟော့ပ်ကို နေရာပေးတာ သိပ်မရှိပေမယ့်လည်း မြန်မာပြည်တွင်းမှာ ဟစ်ပ်ဟော့ပ် ပေါ်ပေါက်ခဲ့တဲ့ ဆယ်နှစ် ကျော်ကျော် ကာလအတွင်း လက်ခံတဲ့ ပရိသတ်အရမ်းများလာတာဟာ ကောင်းတဲ့ အချက်တချက် ဖြစ်ပြီး ကျန်တဘက်မှာ MC အရမ်းများလာတာ၊ အပြိုင်အဆိုင် အရမ်းများလာတာတွေကြောင့် လူငယ်တွေအနေနဲ့ ပိုကြိုးစားသင့်တယ်လို့ စောညီညီက ဆက်ပြောပါတယ်။