ABBA သီချင်းတွေ မူမပျက် ပြန်ဆိုမယ့်အဖွဲ့ မြန်မာပြည်ရောက်ပြီ
This article has been converted from Zawgyi One to Unicode
ABBA အဖွဲ့၏ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပြန်လည် ဖော်ထုတ်သီဆိုမယ့် Arrival from Sweden Band အဖွဲ့သားတွေဟာ ဒီနေ့ နေ့လယ် ၂ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပြီး မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။
ဖျော်ဖြေမှုနှင့် ပတ်သက်ပြီး Arrival from Sweden Band အဖွဲ့ဝင်တစ်ဦးက “ABBA အဖွဲ့ရဲ့လွှမ်းမိုးမှုကို ခံရတာက သူတို့ သီချင်းတွေက အရမ်းကောင်းတယ်၊ သီချင်းတွေကို တကမ္ဘာလုံးက ကြိုက်ကြတာ မို့လို့ပါ။ အဲဒီ သီချင်းတွေကြားရင် လူတွေက ကြိုက်ကြတာကြောင့် ပြန်ဆိုဖြစ်ခဲ့တာပါ။ ABBAအဖွဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းအကုန် ဆိုဖြစ်မှာပါ။ မြန်မာပြည်ကို လာရတာ အရမ်း ဝမ်းသာတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာပြည်ဖျော်ဖြေရေး အစီအစဉ်ပြီးရင် အမေရိကန်၊ ဘူလ်ဂေးရီးယား၊ ရုရှားနိုင်တွေကို သွားရောက် ဖျော်ဖြေမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။
အဲဒီအဖွဲ့ဟာ ၁၉၉၅ ခုနှစ်ကနေ စတင်လို့ နိုင်ငံပေါင်း ၅၀ ကို လှည့်လည်ခဲ့ပြီး မြောက်အမေရိက တနေရာ တည်းမှာတင် ခရီးစဉ်ပေါင်း ၃၀ နီးပါး သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ ၁၉၅၀ ကျော်က နာမည်ကြီးခဲ့တဲ့ ABBA အဖွဲ့ရဲ့ ဝတ်စားဆင်ယင်မှု၊တင်ဆက်မှုတွေကို မူလအရသာ မပျက် ဖျော်ဖြေမှုတွေ ပြုလုပ်မယ်လို့လည်း သူတို့က ဆိုပါတယ်။
အဲဒီအဖွဲ့ မြန်မာပြည်မှာ လာရောက်ဖျော်ဖြေဖို့ Pee Paw Entertainment က စီစဉ်တာဖြစ်ပြီး ဒီပွဲကနေ အမြတ်အစွန်း ရရှိဖို့ မမျှော်လင့်ဘူးလို့ စီစဉ်သူ ဦးပီးပေါ်က ပြောပါတယ်။
လာရောက် ကြည့်ချင်သူတွေ အနေနဲ့ လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၆ သောင်း၊ ကျပ် ၄ သောင်း၊ ကျပ် ၂ သောင်းခွဲနဲ့ ကျပ် ၁ သောင်းဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၉၅၀၂၅၅၈၂၊ ၀၉၄၉၂၉၁၃၃၄ တို့ကို ဆက်သွယ်မှာယူလို့ ရတယ်လို့ သိရပါတယ်။