BBC (World) ရုပ်သံလိုင်းကနေ ကမ္ဘာ တဝှမ်းမှာ ရိုက်ကူးထုတ်လွှင့်မယ့် Asia Beat Program အတွက် အဆိုတော်သားစိုးနဲ့ The Ugly Music Band တို့ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ သွားရောက် တီးခတ် ဖျော်ဖြေကြမယ်လို့ ဒီနေ့ ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ သားစိုးက ပြောပါတယ်။
အဲဒီပွဲမှာ တခြားသော အာရှနိုင်ငံတွေရဲ့ နာမည်ကျော် တီးဝိုင်းတွေလည်း အတူ ပူးပေါင်း ဖျော်ဖြေကြမှာပါ။
သားစိုးကတော့ သူနဲ့ပတ်သက်လို့ အင်တာနက်ကနေ တဆင့် သိရှိပြီး အခုလို ဖိတ်ခေါ်ခြင်းဖြစ်မယ်လို့ ဆိုပါတယ်။
“ကျနော့် အင်တာဗျူးတွေကို New Youk Times မှာ တွေ့လို့ ကျနော့်ကို ဆက်သွယ်ခဲ့တာပါ။ အဲဒီမှာ သွားဖျော်ဖြေခွင့် ရတော့ အဓိကက ဝတ်စုံကအစ မြန်မာသံကို ခေတ်ပေါ်နဲ့ လုပ်လို့ သူတို့ အရမ်းအံ့သြတယ်။ နောက်ပြီး အိုင်ဒီယာတွေ၊ ဖန်တီးမှုတွေက မြန်မာပြည် စစ်အာဏာရှင် စနစ်အောက်မှာ ဘယ်လိုကြိုးစားခဲ့ရတဲ့ အကြောင်းအရာတွေကို သူတို့ အသေးစိတ် သိချင်တယ်၊ မေးခွန်းတွေလည်း ကျနော့်ကို အများကြီး ပို့ထားတယ်။ ကျနော့်အနေနဲ့ ကလည်း အသေးစိတ်ကို သူတို့ အတိုင်း ပြင်ဆင်ရတယ်။ ပထမကတော့ ဒီပွဲကို ရိုးရိုးပွဲလေးပဲ ထင်တာ၊ သူတို့ ပေးတဲ့ Link တွေကို ကြည့်ရင်းနဲ့မှ၊ သေသေချာချာ လေ့လာလိုက်မှ တကမ္ဘာလုံးကို ပြမယ်ဆိုတာသိရတော့ တော်တော် ပြင်ဆင်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပတ် လောက်အထိ ကျနော်တို့ အသေးစိတ် မသိသေးဘူး” လို့ သားစိုးက ပြောပါတယ်။
ဒီကနေသွားရမှာက လူလေးယောက်ထဲ ဖြစ်ပြီး လူဦးရေလည်း ကန့်သတ်ထားတဲ့အတွက် အကအဖွဲ့ပါ ခေါ်သွားချင်တဲ့ ကိစ္စက အဆင်မပြေတော့ဘူးလို့ သိရပါတယ်။
“နောက်ထပ် ၂၀၁၄ မှာ ကျနော့်ကို ဖိတ်မယ့် ပရိုဂရမ်တွေ ရှိပါသေးတယ်။ အဲဒီခါကျရင် အကပါ ခေါ်သွားမှာပါ။ ကျနော်တို့ မြန်မာဂီတ ဆိုတာ အများအားဖြင့် ကော်ပီတွေ များတော့ ကမ္ဘာပေါ်မှာ ကျနော်တို့ မြန်မာဂီတကို ဖော်ပြရင် ရှက်ဖို့ အင်မတန် ကောင်းပါတယ်။ မင်းတို့က ဖန်တီးမှုလည်း မဟုတ်ဘူး၊ သူများသီချင်းကြီး ခိုးဆိုထားတာ ကာဗာအဆင့်ပဲ ရှိတယ်လို့ ပြောကြမှာပဲ။ အနုပညာရှင်လို့ မသက်မှတ်ပါဘူး။ အခုတော့ ကျနော့်ကို အနုပညာရှင်လို့ သတ်မှတ်ပြီးတော့ BBC (World) ကိုယ်တိုင်က ဖိတ်ကြားတဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။ မြန်မာ ဂီတပညာရှင်တွေကို ပြောချင်တာက ကိုယ်ပိုင် ဖန်တီးမှုကို များများ လုပ်ပါ။ ကော်ပီတွေလုပ်တာကို လျှော့စေချင်တယ်” လို့ သားစိုးက ပြောပါတယ်။
သားစိုးအနေနဲ့တော့ ဟနွိုင်းမြို့ကို ရောက်ရင် ဂီတနဲ့ ပတ်သက်ပြီး လေ့လာမှု လုပ်ဖြစ်မယ့် အကြောင်း၊ ဒေသခံ ဂီတပညာရှင် တွေနဲ့ ဆွေးနွေးပြီး မြန်မာဂီတသမားတွေ ပြန်လုပ်နိုင်တဲ့ ပုံစံတွေကို မေးမြန်းမယ့်အကြောင်း ဆက်ပြောပါတယ်။
မြန်မာဝတ်စုံ တိုက်ပုံကိုတော့ သားစိုးရဲ့ ရွှေပိုးနန်းတော်ကပဲ စပွန်ဆာပေးမယ်လို့ သိရပါတယ်။
“ကျနော့်ကို ကျနော့်ရဲ့ “ဘူးသီးနုနု” သီချင်းဆိုဖို့ ဖိတ်ခေါ်တဲ့ အတွက် အဲဒီ သီချင်းကို ဖျော်ဖြေဖို့ မယ်ဒလင်၊ ပီယာနို၊ ဘေ့စ် ဂစ်တာတွေနဲ့ မြန်မာသံ မပျက် ဖျော်ဖြေတီးခတ်မှာပါ” လို့ သားစိုးက ရှင်းပြပါတယ်။
Live Show အနေနဲ့မဟုတ်ဘဲ စတူဒီယိုမှာ ပြန်ဆိုပြီး ထုတ်လွှင့်မှာဖြစ်တဲ့ အပြင်၊ မြန်မာနိုင်ငံ ဘက်ကလည်း ဖျော်ဖြေမှု အဆင့်ဆင့်ကို MRTV4 မှာ New Year Count Down Live Show အစီအစဉ်နဲ့ ပူးတွဲ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
“အာရှတခွင်က အနုပညာရှင်တွေ ပါဝင်မယ်။ လောလောဆယ်က ကျနော်တို့ကို အရင်လွှင့်မှာပါ။ သူတို့က Burmaလို့ ဖိတ်တယ်၊ မြန်မာလို့ ဖိတ်တာမဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ အဲဒီနှစ်ခုကို စိတ်ထဲ သိပ်မထားပါဘူး။ ကျနော်ပြမှာက မြန်မာသံတွေကို ပြမှာပါ။ ကျနော်ဆိုမှာက မြန်မာသံ တွံတေး ဥမ္မာထွေးရဲ့သီချင်းကို Remix ပြန်လုပ်ထားတာပါ။ အခက်အခဲ အနေနဲ့ကတော့ ဘာသာပြန်ရတဲ့ နေရမှာ နည်းနည်း အခက်အခဲ ရှိမယ်။ ကျန်တာကတော့ အခက်အခဲ မရှိပါဘူး။အသေးစိတ် ညှိထားပါတယ်။ ကျနော်တို့ ဂီတပညာရှင်တွေက မညံ့ပါဘူး၊ ဆင်ဆာဆိုတဲ့ ကန့်သတ်ချက် ရှိလို့သာ စိတ်ဓာတ်ကျပြီး ထွက်သွားတာပါ။ အခု စာပေစိစစ်ရေး မရှိတဲ့အခါမှာ မြန်မာ့ဂီတဟာ အရှေ့တောင်အာရှရော၊ အာရှမှာရော နေရာ တခု ပြန်ရမယ်လို့ ခံစားမိပါတယ်။ ကျနော်တို့ ဂီတဟာ အဆင့်တနေရာမှာ ရှိတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံက ဒီဂီတကို ဖိတ်တာပါ။ ကျနော်တို့ အသုံးမကျရင် ဘယ်သူမှလာပြီး အဖက်လုပ်မှာ မဟုတ်ပါဘူး” လို့ သားစိုးက ပြောပါတယ်။
သားစိုးနဲ့ အဖွဲ့ဟာ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၇ နာရီခွဲမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စတင် ထွက်ခွာမှာဖြစ်ပြီး ၇ ရက်နေ့ နေ့လယ်မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာချိန်မှာ သားစိုးရဲ့ တကိုယ်တော်အခွေဖြစ်တဲ့ အာလူး သာကူး နှာဘူး ဂန်ဒူး အခွေက သီချင်းတွေကို Email၊ Facebook တို့မှာ ဖြန့်မှာဖြစ်ပြီး New Year Count Down ပွဲတွေကို လာကြည့်တဲ့ ပရိသတ် တွေကိုလည်း CD နမူနာ အခွေကို အခမဲ့ ပေးသွားမယ်လို့ သားစိုးက ပြောပါတယ်။