[irrawaddy_gallery]
၂၇ ကြိမ်မြောက် ဆီးဂိမ်းအကြိုဂုဏ်ပြုပွဲကို ရန်ကုန် Junction Squireမှာ မနေ့ ညနေ ၆ နာရီကနေ ၉ နာရီအထိ ကျင်းပခဲ့ရာမှာ သရုပ်ဆောင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးစက်ဝိုင်တို့နဲ့ တခြား အနုပညာရှင်များစွာ အပြင်၊ ထိုင်းနိုင်ငံကနေ ဖိတ်ကြားထားတဲ့ Pee mak ရုပ်ရှင်မင်းသမီး Davira နဲ့ အဆိုတော် မင်းသား Mr.Mos တို့ တက်ရောက် အားဖြည့် ဂုဏ်ပြုခဲ့ကြ ပါတယ်။
အဲဒီပွဲမှာ မြန်မာပြည်က အဆိုတော်တွေ ဖြစ်ကြတဲ့ ဘန်နီဖြိုး၊ ဟဲလေး၊ Snare၊ သိန်းလင်းစိုး၊ ပိုပို စတဲ့ သူတွေလည်း ပါဝင် အားဖြည့် ကူညီခဲ့ပါတယ်။
ဒီပွဲမှာ ထိုင်းနိုင်ငံက Pee makမင်းသမီး Davira နဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့က သရုပ်ပြ သီဆိုဖြေဖျော်ပြီး ထိုင်း အဆိုတော် မင်းသား Mr. Mos နဲ့ မိုးစက်ဝိုင်တို့ က တွဲဖက် ဖျော်ဖြေခဲ့ကြပါတယ်။
“ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ပွဲတွေ အများကြီး လုပ်ဖြစ်ခဲ့တယ်။ ဒီပွဲကိုလုပ်ဖြစ်တာက Pee Makမင်းသမီးနဲ့ ဆီးဂိမ်း ပရိသတ်တွေနဲ့ ထူးထူးခြားခြားလေး တွေ့ဆုံအောင်လို့ပါ။ နောက်ပြီး ဆီးဂိမ်းပွဲကလည်း အရမ်းနီးနေပြီ ဖြစ်တဲ့အတွက် စိတ်ကူးရပြီး လုပ်ဖြစ်သွားတာပါ။ သူ့ကို ဖိတ်ခေါ်တော့ အစုံပဲ ပြင်ဆင်ခဲ့ရတာပါ။ နောက်ပိုင်းသူနဲ့ ကားရိုက်ဖို့လည်း ညှိနှိုင်းဖို့ ရှိတယ်။ ကျနော်တို့ဆီက ကိုဝေမင်းမောင်က ထိုင်းကိုသွားရင်းနဲ့ Pee Makမင်းသမီးနဲ့ စပြီးချိတ်ဖြစ်ခဲ့တာပါ” လို့ ပွဲစီစဉ်သူ သရုပ်ဆောင် ဇာနည်က ပြောပြပါတယ်။
ပွဲမစခင်အချိန်မှာ Pee Mak မင်းသမီး၊ အဆိုတော် Mos တို့နဲ့ အတူ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ လူမင်း၊စိုင်းစိုင်းခမ်းလှိုင်၊ ဒါရိုက်တာ မောင်မျိုးမင်းစတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
အဲဒီပွဲမှာ ပါဝင်သီဆိုဖျော်ဖြေခဲ့တဲ့ အဆိုတော် ပိုပိုကလည်း “ဒီပွဲကို ဖျော်ဖြေရမယ်လို့ အစက မသိခဲ့ဘူး။ဒီလိုပွဲမျိုး ဖျော်ဖြေရတာ အရမ်းပျော်ပါတယ်။ ပရိသတ်တွေ ကလည်း တော်တော် အားပေးတယ်။ Sea Game နဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ဘာအစီအစဉ်မှတော့ လက်ခံထားတာ မရှိသေးပါဘူး။ Live တိုက်ရိုက်လွှင့်တော့ ပိုပြီး ဆွဲဆောင်မှုရှိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
Pee Mak မင်းသမီး Daviraကလည်း မြန်မာနိုင်ငံရဲ့ ဆီးဂိမ်းအကြို ဂုဏ်ပြုပွဲမှာ ပူးပေါင်းပါဝင်ရတဲ့ အတွက် ဂုဏ်ယူတဲ့အကြောင်း၊ သ့ူကို အားပေးတဲ့ ပရိသတ်တွေ အများကြီးရှိတာ တွေ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြောင်း အဲဒီပွဲမှာ ပြောခဲ့ပါတယ်။
အဆိုပါပွဲကို MRTV4 မှာ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး ပွဲကို လာရောက်အားပေးတဲ့ ပရိသတ် ငါးထောင် နီးပါးလောက် ရှိတာ တွေ့ရပါတယ်။