SFU

သည်းထိတ်ရင်ဖို “မှော်ဝင်သမန်းကျား” စတင်ရိုက်ကူးပြီ

This article has been converted from Zawgyi One to Unicode

“မှော်ဝင်သမန်းကျား” အမည်ရ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခြင်း၊ ကန်တော့ပွဲပေးခြင်းနဲ့ စာနယ်ဇင်းမိတ်ဆက်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကန်တော်ကြီး ကရဝိက်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးပုံဖော်ပြီး ဇာတ်ညွှန်း ထူးနွယ်အိမ် ရေးသားကာ သရုပ်ဆောင် ရန်အောင်၊ သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်နဲ့ ခွန်းဆင့်နေခြည်တို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ပရိသတ် နှစ်ခြိုက်အားပေးခြင်း ခံရတဲ့ မိုင်တိုင် ၂၆ နဲ့ မိုင်တိုင် ၇၆ တို့လို ဖြစ်ရပ်မှန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ ကျောက်ဆူး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က  သူ့ရဲ့ စီစဉ်ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ “ကျနော်တို့က ဒီဇာတ်ကားမှာ ခံစားမှုကောင်းအောင် အရုပ်နဲ့အသံကို အရင်နဲ့မတူအောင် ဘာတွေလုပ်ကြမလဲလို့ စဉ်းစားပါတယ်။ ဒီက ကင်မရာမန်းတွေ၊ ပညာရှင်တွေ တော်ကြပါတယ်။ တကယ် နိုင်ငံတကာ တန်းကို ဝင်အောင်ဆိုရင်တော့ ကျနော်တို့က စနစ်တကျရှိဖို့၊ ဖန်တီးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် USA က ကျောင်းဆင်းဖြစ်တဲ့ ဒါရိုက်တာ (Photography) မောင်မောင်သာမြင့်ကို ငှားရမ်းခဲ့ပါတယ်။ အဲဒီလိုပဲ အသံပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး အသံတွေရဲ့ သဘာဝကို သေချာ လုပ်မှာပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ဒီဇာတ်ကားမှာ အဓိကကျတဲ့ ဇာတ်ဝင်ခန်းပါ ကျားရုပ် ဖန်တီးမှုနဲ့ပတ်သတ်ပြီးလည်း သူက “ကျားပုံစံကို ဒီဇိုင်းဆွဲဖို့ ပရိသတ်က ဒီကျား ပီပြင်ပါ့မလား ဆိုတာမျိုး စိုးရိမ်မှုတွေ မဖြစ်ရအောင် ကျနော်တို့ အလောင်းအစား တခု လုပ်ထားပါတယ်။ အဲဒါက ကျားပုံကို အပ်ရာမှာ ကုန်ကျစရိတ်ရဲ့ တဝက်ကို ပေးထားပါမယ်။ ဒီကျားကို ဖန်တီးမှုမှာ ကျားကို ကျနော် စိတ်တိုင်းကျပြီ ဆိုမှ ယူပါ။ ကျနော် စိတ်တိုင်းမကျရင် ယူထားတဲ့ စရံကို ပြန်ပေးမယ် ဆိုတာပါပဲ။ အခု ကျားရုပ်က အရမ်းလှသလို အရမ်းလည်း ကျေးဇူးတင် ပါရတယ်” လို့ ပြောပါတယ်။

အဆိုပါ ဇာတ်ကားကြီးကို ဒီဇင်ဘာ ၁၂ ရက်နေ့ က စတင်ပြီး ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးမှာဖြစ်ကြောင်းနဲ့  ပညာရှင် များစွာရဲ့  3D ပြုလုပ်ချက်များ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ အရင်ဖန်တီးနေကျ ပုံစံက ခွဲထွက်ပြီး လမ်းကြောင်းအသစ်ကို ဖန်တီးမှာပါ။ ဒီကားကို နိုင်ငံတကာ ပုံစံမျိုး ဝင်အောင် အားလုံးဝိုင်းဝန်း တည်ဆောက်ကြမယ်လို့ ဆုံးဖြတ်ပြီး ရိုက်ဖြစ်တာပါ။ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် ရိုက်ကူးပြီး ပရိသတ်ထံ အပ်နှံပါမယ်” လို့လည်း ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ်။

ဒီ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် ထပ်ဆင့် အကယ်ဒမီ ၆ ဆုရှင် ရန်အောင်က သူပါဝင် သရုပ်ဆောင်ရမယ့် ဇာတ်ကောင် စရိုက်နဲ့ ပတ်သတ်ပြီး “ကျနော် ဒီဇာတ်ကားကို စိတ်ဝင်စားလို့ ရိုက်တာပါ။ ဘယ်လိုနေရာမျိုးပဲ ဖြစ်ဖြစ် သရုပ်ဆောင် ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အသက်အရွယ်မှာ ကျားမဖြစ်နိုင် တော့ပါဘူး။ ကျားနေရာမှာ သူထူးစံတို့၊ ညီမလေး ခွန်းဆင့်နေခြည်တို့ သရုပ်ဆောင်မှာပါ။ ဒီကားထဲမှာ ကျနော့် ကာရိုက်တာက သမန်းကျား ဆိုရင် သိပ်မုန်းတဲ့ မုဆိုးကြီး တယောက် လုပ်ရမှာပါ။ ကာရိုက်တာနဲ့ ပတ်သက်တဲ့ လိုအပ်တာ မှန်သမျှ ကျနော် ပြင်ဆင်နေပါတယ်။
လို့ ဧရာဝတီက တဆင့် ဟြေပါတယ်။

သရုပ်ဆောင် သူထူးစံကလည်း ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့ ၇ နှစ်ခန့်ကတည်းက ဒါရိုက်တာ မောင်မျိုးမင်းက ပြခဲ့တာ ဖြစ်ကြောင်း၊ မိုင်တိုင် ၂၆ ဇာတ်ကားအပြီးမှာ ဒီဇာတ်ကားကို ထပ်မံ ရိုက်ကူးလိုတာကြောင့် ထုတ်လုပ်သူ၊ သရုပ်ဆောင် ခွန်းဆင့်နေခြည်နဲ့ ဒါရိုက်တာတို့ တိုင်ပင်ပြီး အနုပညာနဲ့ အတတ်ပညာ ပေါင်းကာ ဖန်တီးကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူထူးစံက သူ့အနေနဲ့ကတော့ သရုပ်ဆောင် တယောက်ဖြစ်တဲ့အတွက် ဒါရိုက်တာ ခိုင်းတဲ့အတိုင်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာ လို့လည်း ဆိုပါတယ်။

မှော်ဝင်သမန်းကျားရဲ့ ထုတ်လုပ်သူနဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်ကလည်း ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး “ခွန်းဆင့်က ဆန်းကြယ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်တယ်။ ဒီဇာတ်ကို ကြိုက်သလို ဒါရိုက်တာ ကိုလည်း ယုံကြည်တဲ့ အတွက်ကြောင့် ရိုက်တာပါ။ ရုပ်ရှင်ကားကြီး အနေနဲ့ ခွန်းဆင့်တို့ ကျောက်ဆူး ထုတ်လုပ်ရေးရဲ့ ပထမဆုံး ရိုက်ကူးတဲ့ ဇာတ်ကားကြီး ဖြစ်သလို၊ ခွန်းဆင့်အနေနဲ့လည်း ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒါကြောင့် ပြင်ဆင်မှုတွေ အပြည့်အ၀ လုပ်ထားပါတယ်။ ဒီဇာတ်ကားကြီးမှာ ပါဝင်တဲ့ သရုပ်ဆောင် တွေကလည်း သူ့နေရာနဲ့သူ အားကြိုးမာန်တက် ကြိုးစား သရုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ဒီဇာတ်ကားကြီးက အကောင်းဆုံး ဇာတ်ကားတကား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာ့ရုပ်ရှင် လောကမှာလည်း အကောင်းဆုံး အထင်ကရ ဖြစ်လာနိုင်မယ့် ဇာတ်ကားတွေထဲမှာ ပါဝင်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

ထုတ်လုပ်သူ ခွန်းဆင့်နေခြည်က အဆိုပါဇာတ်ကားရဲ့ ကုန်ကျစရိတ်နဲ့ ရိုက်ကူးရက်ကို ကန့်သတ်မထားဘူး လို့လည်း ဆိုပါတယ်။ ဇာတ်ကား အကောင်းဆုံး ဖြစ်ဖို့အတွက်ပဲ ရည်ရွယ်ထားပြီး ဇာတ်ကားကောင်း တကား ပေါ်ထွက်လာဖို့ အနုပညာကို ချစ်တဲ့စိတ်နဲ့ ထုတ်လုပ် ရိုက်ကူးတာဖြစ်ပြီး အမြတ်အစွန်းကို အဓိက မထားဘူးလို့လည်း ပြောဆိုပါသေးတယ်။

ရိုက်ကူးရက်ကို ကန့်သတ်မထားသလို၊ ရိုက်ကူးပြီးနောက်ပိုင်း တည်းဖြတ်ခြင်း အပါအဝင် ရုံတင်ရက် စောင့်ဆိုင်းရခြင်း တွေကြောင့် အဆိုပါ ဇာတ်ကားကို နောက် ၂ နှစ်လောက် အကြာမှ ရုံတင်ပြသနိုင်လိမ့်မယ် လို့လည်း ထုတ်လုပ်သူ၊ သရုပ်ဆောင် ခွန်းဆင့်နေခြည်က ခန့်မှန်းပြောကြား ခဲ့ပါတယ်။

Loading